Chapter 108
Yamin AungSeptember 26, 2023
အပိုင်း (၁၀၈)ဆရာကြီးရန်က ဆုယောင်ကိုင်ထားသော ငါးရှဉ့်များကို အနီးကပ်ကြည့်ပြီး "မဆိုးဘူး။ တော်တော်သေသပ်တယ်" ဟု ဆုယောင်ကို ချီးမွမ်းလိုက်သည်။
ထို့နောက် ဆရာကြီးရန်က ငါးရှဉ့်ကို အသားချောင်းဖြစ်အောင် လှီးလိုက်ကာ ဆီပူထဲတွင် ထည့်ကြော်ရန် ပြင်လိုက်သည်။
အိုးထဲမှ ဆီက မပူသေးသဖြင့် စောင့်နေသော ဆရာကြီးရန်က ဆုယောင်ကို ကြည့်လိုက်ကာ "မင်းဓားကိုင်တာကို ဘယ်ကသင်ခဲ့တာလဲ" ဟု မေးလိုက်သည်။
"ကျွန်မ တီဗီမှာ စားဖိုမှူးတွေ ကိုင်ပြတာကို ကြည့်ရင်း စိတ်ဝင်စားလာလို့ ဒီတိုင်း အိမ်မှာ လိုက်လေ့ကျင့်ခဲ့တာ" ဟု ပြန်ပြောလိုက်သည်။
ထိုအခါ ဆရာကြီးရန်၏ မျက်လုံးများက လင်းလက်သွားပြီး ခဏအကြာတွင် ဆီပူလာသဖြင့် အိုးထဲသို့ ငါးရှဉ့်များကို လောင်းထည့်လိုက်သည်။
ရှဲဟူသော အသံနှင့် အတူ အိုးထဲတွင် ပူဖောင်းများ ထလာပြီး မွှေးရနံ့က ထွက်လာခဲ့သည်။
ဆုယောင်က မွှေးရနံ့ကြောင့် မနေနိုင်တော့ဘဲ ရှေ့သို့ နှစ်လှမ်းတိုးကြည့်လိုက်ရာ မျက်စိရှေ့တွင်ပင် ပြည့်နေသော ငါးရှဉ့်သားများက ခြောက်သွေ့ကာ ကျုံ့သွားတော့သည်။
ဆရာကြီးရန်က ငါးရှဉ့်များကို ဆယ်ပြီး ဆီအပူချိန် ကျသွားသည့် အချိန်အထိ စောင့်ကာ နောက်တစ်ကြိမ် ထပ်ကြော်လိုက်သည်။
ဤသို့ဖြင့် ငါးရှဉ့်ကြွပ်ကြော်က ရရှိလာခဲ့သည်။
သို့သော် ဤတွင် မပြီးသေးဘဲ စုကျုံးမှ လူများက အချိုအငံအရသာကို စားကြသဖြင့် ဟင်းချက်ဝိုင်၊ နုတ်နုတ်စင်းထားသောဂျင်း၊ ပဲငံပြာရည် အကြည်နှင့် အခြားအငံအရသာ ဟင်းခတ်များကို ဆီခပ်ထုတ်ထားသော အိုးထဲသို့ ရောနှောပြီး ထည့်လိုက်သည်။