Chapter 51
Yamin AungJuly 29, 2023
အပိုင်း (၅၁)စင်သီယာ၏ အိမ်သို့ ပြန်ရောက်လာသောအခါ စင်သီယာ၏ စိုးရိမ်ပူပန်စွာ မေးမြန်းမှုကို ဂျိုးနှင့် မာ့ခ်တို့က သတင်းဆိုးအစား မနက်ဖြန် ကလေးများနှင့် အတူ လာမည်ဟူသော သတင်းကောင်းဖြင့် ပြန်လည် ဖြေဆိုခဲ့သည်။
ဂျိုးနှင့် မာ့ခ်၏ ရုတ်တရက် သဘောထား ပြောင်းလဲမှုကြောင့် စင်သီယာက စိတ်အေးသွားသည်။
မာ့ခ်၏ ကျေနပ်နေသော အမူအယာကြောင့် အထင်လွဲမှုများကို ဖြေရှင်းပြီးပြီဖြစ်ကြောင်း စင်သီယာက သိရှိလိုက်သည်။
တစ်နေ့လုံး လည်ပတ်ထားသည့်အပြင် အရက်ပါသောက်ထားသဖြင့် ဆုယောင်တို့ အဖွဲ့သားများက အချင်းချင်း နှုတ်ဆက်လိုက်ကာ အိပ်ယာဝင်လိုက်ကြသည်။
ဆုယောင်က အိပ်ယာပေါ်တွင် ခဏကြာ ဟိုလှည့်ဒီလှည့် လုပ်ပြိီးနောက် အိပ်ပျော်သွားခဲ့သည်။
နောက်တစ်နေ့ မနက်တွင် ခုနှစ်ယောက် အပြေးအဖွဲ့၌ နှစ်ယောက်သာ ရှိတော့သည်။
"ကျွန်မတို့ နှစ်ယောက်ပဲလား"
ဆုယောင်က စုန့်ရန်ကို ကြည့်လိုက်ပြီး ထိုသို့မေးလိုက်သည်။
ပြေးရင်း တစ်ဝက်သို့ ရောက်လာသောအခါ ရပ်ပြီး ပြန်သွားချင်သော စိတ်က ဆုယောင်၏ ရင်ထဲတွင် ပေါ်လာခဲ့သည်။
"မင်း ဆက်ပြေးချင်သေးလား"
စုန့်ရန်က ကုန်း၍ ဖိနပ်ကြိုးကို ပြန်ချည်လိုက်ရင်း ထိုသို့မေးလိုက်သည်။
"ပြေးမယ်။ ထမင်းနှစ်နပ်စာနဲ့ ယွမ်(၄၀၀၀) ပေးထားရတဲ့ အပြေးသင်တန်းကို တစ်ရက်တည်းနဲ့ အပြီးမသတ်နိုင်ဘူး"
ထိုအခါ စုန့်ရန်က မတ်တတ်ထရပ်ကာ ဆက်ပြေးလိုက်သည်။
ဆုယောင်က စုန့်ရန်၏ အနောက်မှ ထက်ကြပ်မကွာ လိုက်ပြီး စုန့်ရန်၏ အနေအထားအတိုင်း လိုက်ပြေးလိုက်သည်။
လူနည်းပြီး စကားမပြောဖြစ်သောကြောင့် ဆုယောင်က အကြာကြီး ပြေးနေရသည်ဟု ခံစားနေရပြီး စင်သီယာ၏ သိုးခြံဆီသို့ ရောက်လာခဲ့သည်။