Chapter 70
Yamin AungAugust 23, 2023
အချိန်တွေရပ်စမ်းအပိုင်း (၇၀) ကောက်ညှင်းထုပ်
ဆုယောင်က တုံ့ဆိုင်းခြင်း မရှိဘဲ တန်းဖြေလိုက်သည်။
ဆုယောင်၏ ပုံစံက စုန့်ရန်၏ လေသံနှင့် သဘောထားကို ဂရုစိုက်သည့် ပုံစံမျိုး မဟုတ်ပေ။
ဆုယောင်၏ အပြောကြောင့် အားလုံးက ကြောင်သွားပြီး မည်သို့ တုံ့ပြန်ရမည်ကို မသိတော့ချေ။
စုန့်ရန်က ဆုယောင်ကို အကြိမ်ပေါင်းများစွာ ပြန်ကြည့်ပြီး နောက်ဆုံးတွင် ပြုံးပြကာ "ငါမင်းကို နောက်နေတာပါ။ အတည်မယူနဲ့။ တကယ်လို့ မင်းလုပ်ချင်တယ်ဆိုရင်တောင် ငါ့ဆီမှာ ဘာမှမရှိဘူး။ နောက်တစ်ခေါက်မှ လုပ်တော့။ ဟုတ်ပြီလား" ဟု ပြောလိုက်သည်။
ထိုအခါ ဆုယောင်က ဆိုဖာပေါ်တွင် မှီထိုင်လိုက်သည်။
ထိုအရာကိုကြည့်ပြီး အခြားသူများက ခေါင်းစဉ်ပြောင်း ပြောလိုက်ကြသည်။
.....
စုန့်ရန်နှင့် ဆုံပြီးနောက် ပြင်သစ်တွင် နေထိုင်သော အားလုံး၏ စရိတ်က သုညနီးပါး ထိုးကျသွားခဲ့သည်။
အပြင်ထွက်စားလျှင် စုန့်ရန်က အကုန်ရှင်းပြီး အပြင်ထွက်လည်လျှင် စုန့်ရန်က အကုန်ပေးသည်။
ရိုက်ကူးရေးအဖွဲ့က တားဆီးရန် ကြိုးပမ်းသော်လည်း အကြိမ်ပေါင်းများစွာ ရှုံးနိမ့်ခဲ့ပြီး အဖွဲ့သားများ နောက်ကွယ်တွင် ပြောသည့် စကားများကို ရိုက်ကူးရေးအဖွဲ့က မသိရချေ။
တစ်ရက်ကြာပြီးနောက် စုန့်ရန်က ရိုက်ကူးရေးအဖွဲ့မှ ပေးသော စရိတ်ကို သုံးစွဲမည်ဟု တွန့်ဆုတ်စွာ သဘောတူလိုက်သည်။
ထို့နောက် စုန့်ရန်က ချောင်မန်လင်း လက်ထဲမှ ကျန်ခဲ့သော စရိတ်များကို လွှဲပြောင်းယူလိုက်သည်။
"ကျွန်မရှင်းပြမယ်နော် ခေါင်းဆောင်"
ချောင်မန်လင်းက မှတ်စုစာအုပ်အသေးကို ထုတ်လိုက်ကာ လွန်ခဲ့သည့် ရက်များက သုံးစွဲခဲ့သော စရိတ်များကို တွက်ချက်ပြလိုက်သည်။