အပိုင်း (၁၄) ကင်ချီ
"တောင် တောင်"
ဆုယောင်၏ ဖုန်းမှ အသံမြည်လာသောအခါ ပေါ်လာသော ဂဏန်း ခြောက်လုံးကို ရေတွက်ရင်း ဆုယောင်က စုန့်ယန်နှင့် ရှေ့လျှောက် ပတ်သက်တော့မည် မဟုတ်ဟု ဆုံးဖြတ်လိုက်သည်။
ရန်ယိဖန်း ငွေစာရင်း ဌာနသို့ ချက်ချင်း သွားပြီး လွှဲပေးလိုက်သော လစာကြောင့် ဆုယောင်က အနုပညာ လောက၌ ဆက်နေမည်ဟု ဆုံးဖြတ်လိုက်သည်။
ထို့ကြောင့် စုန့်ယန်ထံသို့ အားနာသည့် အနေဖြင့် ကင်ချီ တစ်ဘူးကို ပို့လိုက်၏။
သူမ ဒုက္ခရောက်ခဲ့စဉ်အချိန်က ကူညီခဲ့ဖူးသဖြင့် ကျေးဇူးပြန်ဆပ် လိုက်ခြင်း ဖြစ်သည်။
စုန့်ယန်ထံသို့ သွားမလုပ်ချင်ရတော့သည့် အကြောင်းရင်းမှာလည်း ဆုယောင်က ပိုက်ဆံရလာ
ပြီ ဖြစ်သဖြင့် စားသောက်ဆိုင်များတွင် သွားရောက် မြည်းစမ်းရင်း အလုပ်များလာတော့မည် ဖြစ်သောကြောင့် ဖြစ်သည်။
ထိုအချိန်တွင် စုန့်ယန်၏ အိမ်ထဲ၌ -
"ကျွန်တော် ချက်တဲ့ဟင်းပွဲကို မကြိုက်လို့လား။ မစ္စတာ စုန့်"
အဖြူရောင် ကျွမ်းကျင် စားဖိုမှူး ဝတ်စုံဝတ်ထားသော စာဖိုမှူးက စုန့်ရန်၏ ရှေ့တွင် ကျောကိုမတ်ကာ ရပ်ပြီး မေးလိုက်သည်။
စုန့်ရန်အတွက် စိတ်ပူပန်စွာ အကောင်းဆုံး ပြင်ဆင်ပေးခဲ့သော်လည်း စုန့်ရန်က တစ်လုတ်၊ နှစ်လုတ်သာ စားပြီး ဆက်မစားတော့သဖြင့် စာဖိုမှူးက လက်မခံနိုင် ဖြစ်သွားခဲ့သည်။
သူ၏ စာဖိုမှူး သက်တမ်း တစ်လျှောက်တွင် အစားအသောက် ချေးများသူ အများအပြားကို တွေ့ခဲ့ဖူးသော်လည်း ယခုကဲ့သို့ ဆိုးရွားသည့် လူမျိုးကိုတော့ မတွေ့ဖူးခဲ့ပေ။
ပြင်ဆင်ပေးထားသော ဟင်းပွဲများမှာလည်း အသား၊ အရွက်၊ စွပ်ပြုတ်တို့ကို အာဟာရမျှတစွာဖြင့် ဟင်းပွဲ ငါးပွဲ ပြင်ဆင်ပေးထားခဲ့သည်။
"ဘယ်လိုဖြစ်တာပါလိမ့်"
စာဖိုမှူးက အကောင်းဆုံး ပြင်ဆင်ပေးထားခဲ့သဖြင့် နားမလည်နိုင် ဖြစ်သွားခဲ့သည်။
"ဒီဟင်းက အရမ်းငံတယ်။ ဒီဟင်းက ငရုတ်သီးတွေ အရမ်းများတယ်။ ပြီးတော့ ဒီဟင်းဆို မင်းတို့ ရီပင်းရှန်ရဲ့ လက်ရာ ဆယ်ပုံ တစ်ပုံကိုတောင် မမှီဘူး"
စုန့်ရန်က ဟင်းပွဲ တစ်ပွဲချင်းဆီကို ထိုးပြကာ ဝေဖန်လိုက်သည်။
ထိုအခါ စာဖိုမှူးက တူကို ကိုင်ပြီး ဟင်းပွဲများကို လိုက်မြည်းကြည့်သောအခါ အကုန်အဆင်ပြေကြောင်း သိလိုက်ရ၏။
ထို့ကြောင့် စုန့်ရန်က သူ့ကို တမင် စော်ကားအပြစ်ရှာနေသည်ဟု ထင်ကာ စာဖိုမှူး ဝတ်စုံကို ချွတ်ပြီး "မစ္စတာ စုန့်က ကျွန်တော့် လက်ရာကို မကြိုက်ဘူး ဆိုမှတော့ ကျွန်တော် ဒီနေရာမှာ ဆက်မနေတော့ဘူး။ ကျွန်တော် ဒီအလုပ်ကို ဆက်မလုပ်နိုင်တော့ဘူး" ဟု ပြော၍ စုန့်ရန်၏ အိမ်မှ ထွက်သွားတော့သည်။
စိတ်ဆိုးနေသော စာဖိုမှူးက လမ်းတွင် အလျင်စလို လျှောက်လာနေသော လျန်ယွဲ့နှင့် တိုက်မိသွားတော့၏။
"တောင်းပန်ပါတယ်ဗျာ" ဟု လျန်ယွဲ့က ကင်ချီပုလင်းကို သေချာကာကွယ်ကာ တောင်းပန်လိုက်သည်။
ထို့နောက် လျန်ယွဲ့က စုန့်ရန်၏ အိမ်သို့ အလျင်အမြန် လျှောက်သွားတော့သည်။
စာဖိုမှူးက လေထဲတွင် ပျံ့လွင့်လာသော ကင်ချီ၏ အနံ့ကို ရှူကာ "အချဉ် သေချာ ဖောက်ထားတာပဲ။ ဘယ်လို ပညာရှင်မျိုးက ဒီကင်ချီကို လုပ်ထားတာလဲ မသိဘူး" ဟု တစ်ယောက်တည်း ရေရွတ်လိုက်သည်။
မကြည်မလင် ဖြစ်နေသော စာဖိုမှူး၏ စိတ်များက အချဉ်နံ့ကြောင့် ပြေပျောက်သွားကာ ဗိုက်များပင် ဆာလာတော့၏။
....
"အခု ငါ့လက်ထဲမှာ ပိုက်ဆံတွေ ရှိနေပြီ"
ဆုယောင်၏ မွဲနေသော ဘဝက ရုတ်တရက် သာယာလာခဲ့သည်။
ဆုယောင်က အပြင်ထွက်တိုင်း သူမကို လူများ သတိထားမိသွားမည်ကို အလွန်အမင်း စိုးရိမ်ကာ ဝတ်စုံပြည့် အမြဲ ဝတ်သွားလေ့ရှိ၏။
သို့သော် တစ်ခါက ခေါက်ဆွဲပြုတ်ဆိုင်တွင် ထိုင်စားနေရာ လူအများက ခေါက်ဆွဲအကြောင်းကိုသာ စိတ်ဝင်စားနေကြပြီး သူမကို တစ်ယောက်မှ သတိမထားမိကြသဖြင့် နောက်ပိုင်း အပြင်ထွက်သောအခါ မျက်နှာဖုံး တစ်ခုထဲကိုသာ တပ်၍ သွားတော့သည်။
"အင်း....အရမ်း နာမည် မကြီးတဲ့ မင်းသမီးကို ဘယ်
သူက သတိထားမိမှာလဲ။ အခုဆို နာမည်ကျသွားတော့ ပိုဆိုးတာပေါ့"
ထိုအတွေးဖြင့် ဆုယောင်က စားသောက်ဆိုင်များတွင် မကြာခဏ သွားစားတော့သည်။
လမ်းဘေးဆိုင်မှအစ နာမည်ကြီး စားသောက်ဆိုင်အဆုံး လိုက်စားနေရာ အချို့နေရာများမှာ သူမ၏ အကြိုက်နှင့် ထပ်တူကျနေခဲ့၏။
ဆုယောင်က ထိုသို့ လျှောက်စားရသည်ကို များစွာ နှစ်ခြိုက်နေပြီး လတ်တလောတွင် နာမည်ကြီးနေသော ရီပင်းရှန် စားသောက်ဆိုင်ကို မျက်စိကျနေခဲ့သည်။
"အစ်မ၊ ဘာတွေ ကြည့်နေတာလဲ"
ရေချိုးပြီး၍ ထွက်လာသော ဆုယွဲ့က တဘက်ဖြင့် ဆံပင်ကို သုတ်ကာ ဆိုဖာပေါ်တွင် ထိုင်ချရင်း ထိုသို့ မေးလိုက်သည်။
ဆုယောင်က သူမကို ပြန်ကြည့်ကာ ပြုံးပြလိုက်သည်။
ရန်ယိဖန်းနှင့် ရက်အနည်းငယ် လေ့ကျင့်ပြီးနောက် ဆုယွဲ့က အလွန် ပြောင်းလဲသွားခဲ့သည်။
ရွှေရောင်ဆံပင်များကို အနက်ရောင်ပြန်ဆိုးကာ ကြည့်ရဆိုးသော နားကပ်များကိုလည်း မတပ်တော့ပေ။
ဝတ်စားဆင်ယင်မှုမှာလည်း ဂျင်းဘောင်းဘီနှင့် တီရှပ်ကိုသာ ပြောင်းလဲ ဝတ်ဆင်ခဲ့သည်။
ပို၍ အရေးကြီးသည့် အချက်မှာ ဆုယွဲ့၏ စိတ်သဘောထားမှာ လုံးဝပြောင်းလဲသွား၍ စကားကို အော်မပြောတော့ပေ။
ဆုယွဲ့ ပထမဆုံး လေ့ကျင့်ပြီး ပြန်ရောက်လာသည့် အချိန်၌ ပြောင်းလဲသွားသော ဆုယွဲ့ကို ကြည့်ကာ ဆုယောင်က အလွန် အံ့ဩသွားခဲ့သည်။
သို့သော် ရက်အနည်းငယ် ကြာလာသောအခါ နေသားကျသွားခဲ့၏။
ဆုယောင်က သူမ၏ ဖုန်းကို ထောင်ပြလိုက်ကာ "ငါမနက်ဖြန်ကျရင် ဒီစားသောက်ဆိုင်က အထူးဟင်းပွဲကို သွားစားကြည့်မလို့။ ဘိုကင် တင်ထားတယ်။ နင် မနက်ဖြန် အားလား။ ငါတို့ အတူတူ သွားစားပြီး နင့်အတွက်လည်း လိုအပ်တဲ့ ပစ္စည်းတွေ ဝယ်ကြမယ်လေ" ဟု ပြောလိုက်သည်။
ထိုအခါ ဆုယွဲ့က ခေါင်းခါပြကာ "အစ်ကိုက
ရန်က ညီမကို မနက်ဖြန်ကျရင် လူတစ်ယောက်ဆီမှာ အလုပ်သင် လုပ်ရမယ်လို့ မှာထားတယ်။ အချိန်မရလောက်ဘူး" ဟု ပြန်ပြောလိုက်သည်။
"အလုပ်သင်က ဘယ်လိုလုပ်ရမှာလဲ" ဟု ဆုယောင်က သိချင်စိတ် အပြည့်ဖြင့် လှမ်းမေးလိုက်သည်။
ထိုအခါ ဆုယွဲ့က နှုတ်ခမ်းကို ရွဲ့ကာ "လျှို့ဝှက်ချက်" ဟု ပြန်ပြောလိုက်သည်။
ဆုယောင်က ထပ်မမေးတော့ဘဲ ဆုယွဲ့ကို မုန့်ဖိုးပေးကာ အားပေးလိုက်ပြီး အိပ်ယာဝင်လိုက်တော့၏။
ဆုယောင် အိပ်ယာဝင်သွားချိန်၌ ဟင်းချက်ပြိုင်ပွဲ
အစီအစဉ်ကို စတင်ထုတ်လွှင့်လာခဲ့သည်။
ည (၁၀) နာရီအချိန်မှာ လူငယ်များ တက်ကြွသည့် အချိန်ဖြစ်သောကြောင့် ဟင်းချက်ပြိုင်ပွဲ အစီအစဉ်၏ အကဲဖြတ် ဒိုင်စာရင်းကို ကြည့်ကာ စိတ်ဝင်စားသွားကြ၏။
ထို့ကြောင့် ထိုဟင်းချက်ပြိုင်ပွဲ အစီအစဉ်ကို ဝင်ကြည့်ရင်း ဆုယောင်ကို မှတ်ချက်များ အများအပြား ဝိုင်းပေးကြတော့သည်။
မနက် အစောပိုင်း ဆုယောင် နိုးလာသောအခါ သူမ လုပ်နေကြ အလုပ်အတိုင်း ဝေဘိုကို ဖွင့်ပြီး ထိပ်တန်းရှာဖွေမှု စာရင်းကိုကြည့်လိုက်ရာ အံ့ဩမင်သက်သွားတော့သည်။
"ဟင်၊ ငါက ဘယ်လိုဖြစ်ပြီး ရှာဖွေမှု စာရင်းရဲ့ နံပါတ် (၁) ဖြစ်နေရတာလဲ"
ထို့ကြောင့် ဆုယောင်က ရှာဖွေ ကြည့်လိုက်ရာ သူမ ရိုက်ကူးထားသော ဟင်းချက်ပြိုင်ပွဲ အစီအစဉ် နှစ်ပိုင်းကို ထုတ်လွှင့်ထားသည်ကို တွေ့လိုက်ရသည်။
ထုတ်လွှင့်ထားသော အစီအစဉ်တွင် သူမကို နတ်ဆိုးသဖွယ် ထင်ရစေသည့် အပိုင်းများကိုသာ ရွေး၍ တည်းဖြတ်ထားကြောင်း တွေ့လိုက်ရ၏။
ထို့ကြောင့် လူအများက စိတ်တိုကာ သူမကို ပြောဆိုနေကြပြီး ရှာဖွေမှု နံပါတ် (၁) ဖြစ်လာခဲ့သည်။
ခဏကြာ အံ့ဩသွားပြီးနောက် ဆုယောင်က မနက်ပိုင်းတွင် လုပ်ရမည့် အစီအစဉ်ကို စဉ်းစားလိုက်သည်။
ထို့နောက် တစ်နေ့တာ လှုပ်ရှားမှု အားကောင်းရန်အတွက် အရေးကြီးသော မနက်စာ စားဖို့ ပြင်ဆင်ရန် ထွက်လာသောအခါ ရန်ယိဖန်းထံမှ ဖုန်းဝင်လာခဲ့သည်။
"ဆုယောင်ရေ၊ မင်းတော့ နာမည်ကြီးနေပြန်ပြီ"
"အင်း...ကျွန်မ သိပြီးပြီ အစ်ကို ရန်။ ကျွန်မ အဲ့အကြောင်း မပြောချင်တော့ဘူး"
"အစ်ကို အခု မင်းဆီ ဖုန်းဆက်လိုက်တဲ့ အကြောင်းက ဟိုတစ်လောက ကမ်းလှမ်းထားတဲ့ ခရီးသွားအစီအစဉ်က မင်းကို လက်ခံလိုက်ပြီဆိုပြီး လှမ်းအကြောင်းကြားလို့။ အဲ့ဒါ နေ့လည်ကျရင် စာချုပ်ချုပ်ဖို့ ထွက်လာခဲ့ဦးနော်"
ရန်ယိဖန်း၏ အသံမှာ စိတ်လှုပ်ရှားကာ အလွန် ပျော်ရွှင်နေသည့် ပုံစံမျိုး ဖြစ်နေခဲ့သည်။
ထိုအခါ ဆုယောင်က "ဒါဆို အစီအစဉ် တင်ဆက်ကြေးက အများကြီး ရမှာလား" ဟု မေးလိုက်တော့သည်။
"အခုချိန်က အစီအစဉ် တင်ဆက်ကြေးကို အာရုံစိုက်ရမယ့် အချိန်လား ဆုယောင်ရဲ့"
ရန်ယိဖန်းက "ကျွန်မ အကောင်းဆုံး ကြိုးစားမယ်နော်" ဟူသော စကားကို ဆုယောင်ထံမှ ကြားချင်သော်လည်း အစီအစဉ် တင်ဆက်ကြေးကိုသာ ဆုယောင်က မေးလိုက်သဖြင့် အံ့ဩ ဆွံ့အသွားတော့သည်။
...…….................................
.........................................
အပိုင်း (၁၄) ပြီးပါပြီ။