Chapter 48
Yamin AungJuly 25, 2023
အပိုင်း (၄၈) အမဲသား စွပ်ပြုတ်ပြင်ဆင်ထားသော ဟင်းပွဲ နှစ်ခုကို တစ်နေရာထဲတွင် ချထားလိုက်ပြီး အမြင်အရ ဟင်းပွဲ နှစ်ခုစလုံးက စားချင်ဖွယ်ရာ ဖြစ်နေခဲ့သည်။
မာ့ခ် ချက်ထားသော အမဲသား စွပ်ပြုတ် ဟင်းပွဲမှာ ပန်းကန် အပြားထဲတွင် အမဲသား နှစ်တုံးကို အရွယ်အစားညီညီ လှီးဖြတ်ထားပြီး ဘေးနားတွင် အမဲသား စွပ်ပြုတ်ကို လောင်းထည့်ထားသည်။
မုန်လာဥနီ အဝိုင်းပြားနှင့် ကြက်သွန်မြိတ်များကို ပန်းကန်ပြားထဲတွင် အလှဆင်ထားပြီး ကြက်သွန်မြိတ်ဆီကို အနည်းငယ် ထည့်ထားရာ စွပ်ပြုတ်နှင့် ဆီရောပြီး ဟင်းပွဲက လှပနေသည်။
ဆုယောင် ကြော်ထားသော ဝက်သားပြားကြော်က ရွှေဝါရောင် သန်းနေပြီး သံပုရာကွင်းများနှင့် အလှဆင်ထားကာ ချိစ် အာလူးထောင်းကို အရံအနေနှင့် တွဲဖက်ပေးထားသည်။
အလှဆင်ထားသော ပင်စိမ်းရွက်များကသာ ဆု
ယောင်၏ ဟင်းပွဲ တစ်ခုလုံးတွင် အစိမ်းရောင် ဖြစ်နေခဲ့သည်။
တွဲဖက်ထားသည့် အရာများက သင့်တော်ပြီး အနောက်တိုင်း အစားအသောက်၏ အဆင့်အတန်းကို တန်းဝင်သည်။
"ဝိုး....ဝက်သားပြားကြော်က စားလို့ကောင်းမယ့်ပုံပဲ"
လင်းရန်ချီက ချီးမွမ်းသည့် စကားကို ရေရွတ်လိုက်ကာ သူတို့ဘက်မှ အနိုင်ရရှိမည်ဟု သေချာနေခဲ့သည်။
သို့သော် ချောင်မန်လင်းက မသေမချာ ဖြစ်နေပြီး စိတ်ပူနေကာ "နင်တို့ အမဲသား စွပ်ပြုတ်ကို မြည်းလိုက်ကြတယ်မလား။ ချိုပြီး လန်းဆန်းသွားတာလေ။ အနံ့ကလည်း မွှေးနေတာပဲ။ ငါတော့ မာ့ခ်ချက်တဲ့ အမဲသား စွပ်ပြုတ်ကလည်း မညံ့လောက်ဘူးလို့ ထင်တယ်နော်" ဟု ပြောလိုက်သည်။
"စိတ်မပူပါနဲ့ အစ်မ မန်လင်း။ ကျွန်မတော့ ဆုယောင်ကို ယုံတယ်"
ဝမ်ယုက ဆုယောင်၏ ပရိသတ်ဖြစ်နေပြီ ဖြစ်သဖြင့် လက်သီး လက်မောင်းတန်းကာ ဆုယောင်ဘက်မှ ထပြောလိုက်သည်။
ဝမ်ယုက အပြင်ပန်းတွင် သိပ်မဖော်ပြသော်လည်း စိတ်ထဲတွင်မူ ဆုယောင်မှ ဆုယောင် ဖြစ်နေပြီ ဖြစ်သည်။