Chapter 87
Yamin AungSeptember 08, 2023
အပိုင်း (၈၇)စတူဒီယိုအခန်းထဲတွင် ရသစုံရှိုး ရိုက်ကူးခြင်းက ဆုယောင်အတွက် ပထမဆုံးအကြိမ် မဟုတ်တော့ပေ။
သို့သော် အစီအစဉ် တင်ဆက်သူ၏ ဂရုတစိုက် မေးမြန်းနေမှုကြောင့် ဆုယောင်က အနည်းငယ် စိတ်လှုပ်ရှားနေခဲ့သည်။
အစီအစဉ်တွင် ဧည့်သည် တော်တော်များများနှင့် ရုပ်ရှင် ဖန်တီးသူများ ပါဝင်ကြသည်။
ဆုယောင်က ပြုံးပြီး သူမကိုယ်သူမ မိတ်ဆက်လိုက်ကာ အနည်းငယ် ရှက်ရွံ့နေခဲ့သည်။
သို့သော် လင်းရန်ချီနှင့် ဝမ်ယုတို့က ယခုအခြေအနေကို ပို၍ နှစ်ခြိုက်နေပုံရပြီး ခရီးစဉ်မှ ပျော်စရာကောင်းခဲ့သော အဖြစ်အပျက်များကို လုံးစေ့ပတ်စေ့ ပြန်ပြောနေကြသည်။
ဆုယောင်အလှည့်သို့ ရောက်သောအခါ ဆုယောင်က တစ်လုံး နှစ်လုံးသာပြောပြီး အခြားသူဆီသို့ မိုက်ပေးလိုက်သည်။
"လည်လည်သွားမယ် အစီအစဥ်မှာ အရသာရှိတဲ့ အစားအသောက်တွေ အများကြီး ပါတယ်ဆိုတာ အားလုံးလည်း သိပြီးကြပြီမလား။ အခု ဖန်သားပြင်ပေါ်မှာ ရိုက်ကူးထားတဲ့ အစားအသောက်တွေကို ကြည့်ရှုခံစားလိုက်ပါဦးဗျာ"
အစီအစဉ် တင်ဆက်သူက ထိုသို့ပြောလိုက်သောအခါ ပရိသတ်များက လက်ခုပ်ဩဘာသံများ ပေးလိုက်ကြသည်။
ဆုယောင်က ဖန်သားပြင်ကို လှည့်ကြည့်လိုက်သောအခါ သူမ လုပ်ထားသော ကန်စွန်းဥမုန့်က ဖန်သားပြင်ပေါ်တွင် လှပစွာ ပေါ်လာခဲ့သည်။
ထို့နောက် ဝက်နံရိုးချိုချဉ်၊ ဖက်ထုပ်အိုးကပ်ကြော်၊ ဝက်သားနှပ်ခေါက်ဆွဲ အစရှိသည့် ဟင်းလျာများက ဖန်သားပြင်ပေါ်တွင် လှပစွာ တစ်ခုပြီးတစ်ခု ပေါ်လာခဲ့သည်။
ထိုဟင်းလျာများက ခရီးစဉ်အတွင်း ဆုယောင် ချက်ပြုတ်ခဲ့သော ဟင်းလျာများ ဖြစ်ကြသည်။
ဟင်းပွဲများကို အသေအချာ တစ်ခုချင်း လိုက်ရေတွက်လိုက်သောအခါ ဆုယောင်က (၂၁) ရက် ခရီးစဉ် အတွင်း ဟင်းပွဲ (၃၀) ကျော် ချက်ပြုတ်ထားခဲ့သည်။