အပိုင်း (၂၀) ဖက်ထုပ်အိုးကပ်ကြော်
ချောင်မန်လင်း၏ ရန်ရှာမှုက အဖွဲ့သားများ၏ ဝိုင်းဝန်း ဖြန်ဖြေမှုကြောင့် ရပ်တန့်သွားခဲ့သည်။
ဝမ်ယုက ချောင်မန်လင်းကို အတွင်းအကျဆုံး နှစ်ယောက်အိပ် ကုတင်ဆီသို့ ဆွဲခေါ်သွားခဲ့၏။
ဆုယောင်ကမူ ဘေစင် ဘေးတွင် အနားယူနေလိုက်သည်။
ဆုယောင်က ချောင်မန်လင်း၊ ဝမ်ယု၊ လင်းရန်ချီနှင့် ဂျီအန်းဝမ်တို့က သူမအပေါ် မကောင်းမြင်နေကြောင်းကို ခံစားမိလိုက်သဖြင့် စိတ်ထဲတွင် ဝမ်းနည်းသွားတော့သည်။
သို့သော် အခြားသူများက အရမ်း သိသိသာသာ အနှောင့်အယှက် မပေးသော်လည်း ချောင်မန်လင်းကမူ ဆုယောင်ကို သိသိသာသာ တိုက်ခိုက်နေခဲ့၏။
ထို့ကြောင့် ပန်းကန်ဆေးရန် တာဝန်ကျသော ဟဲယွမ်ဟန်ကို ပြောပြပြီး ညီးညူမိလိုက်သည်။
ပန်းကန်ဆေးနေသော ဟဲယွမ်ဟန်က "အစကတည်းက မင်းတို့ နှစ်ယောက်က ပြိုင်ဘက်တွေလေ။ အဲ့ဒါကို အနုပညာလောကက လူတွေ အကုန်လုံး သိတယ်။ ရိုက်ကူးရေးအဖွဲ့လည်း သိလောက်တယ်။ ဒါပေမယ့် လူကြည့်များအောင် တမင် တွဲရိုက်တာ ထင်တယ်" ဟု ပြောလိုက်သည်။
ယခု ရိုက်ကူးရေးတွင် ပါဝင်သော သူများက ရသမျိုးစုံကို ဖန်တီးပေးနိုင်စွမ်း ရှိ၏။
လင်းရန်ချီက ပတ်ဝန်းကျင်ကို အသက်ဝင်အောင် ဖန်တီးနိုင်ပြီး ဂျီအန်းဝမ်က အတွေးအခေါ် ကောင်းသောသူ ဖြစ်သည်။
ချောင်မန်လင်းက ရှေ့ပြေး ဖြစ်ပြီး ဟဲယွမ်ဟန်က တာဝန်ယူတတ်သော အစ်ကိုကြီး နေရာမှ ဖြစ်သည်။
စုန့်ရန်ကမူ အဆိပ်ပြင်းသော ပါးစပ်ရှိသည့် အဖွဲ့ခေါင်းဆောင် ဖြစ်၏။
ဆုယောင်ကမူ လှပပြီး တောက်ပသည့် မျက်နှာ ရှိသည့် မင်းသမီး နေရာမှ ဖြစ်သည်။
ထို့ကြောင့် ချောင်မန်လင်းက ပထမဆုံး အချိန်ကတည်းကပင် အခြားသူများနှင့် ပူးပေါင်းကာ ဆုယောင်ကို နှိပ်ကွပ်ရန် စီစဉ်ထားခဲ့၏။
သို့သော် ဆုယောင်က သူမ၏ ချက်ပြုတ်စွမ်းရည်ကို အသုံးပြုပြီး လူအားလုံး၏ အမြင်ကို ပြောင်းလဲနိုင်လိမ့်မည်ဟု ဘယ်သူမှ မထင်ထားခဲ့ပေ။
ဟဲယွမ်ဟန်ကပင် ချောင်မန်လင်းကို စိတ်အနှောင့်အယှက် ပေးတတ်သောသူဟု မြင်နေခဲ့သည်။
ဟဲယွမ်ဟန်၏ စကားများကို နားထောင်ပြီးနောက် ဆုယောင်က နားလည် သဘောပေါက် သွားခဲ့၏။
ဆုယောင်၏ နားလည်သွားပုံပေါက်သည့် မျက်နှာ အမူအယာကြောင့် ဟဲယွမ်ဟန်က ဆုယောင်ကို ကောလဟာလများအတိုင်း မဟုတ်ဟု ထင်မြင်သွားခဲ့သည်။
ဆုယောင်က ဆိုးသွမ်းသည့်သူ ဖြစ်ရမည့်အစား တုံးအသောသူပင် ဖြစ်နေသေးသည်။
ထို့နောက် ဟဲယွမ်ဟန်က "မနက်ဖြန် ချောင်မန်လင်း ချက်ရမယ့် အလှည့်ဆိုတော့ အစ်ကိုတော့ သူ ချက်တာ ကောင်းမယ်လို့ မထင်ဘူး။ ဆုယောင် မင်းပဲ ကူညီပေးလိုက်ပါလား" ဟု ပြောလိုက်၏။
"ဟုတ်ကဲ့ပါ အစ်ကို ယွမ်ဟန်။ နောက်ရက်တွေကျရင်လည်း စားချင်တာ ရှိရင် ပြောနော်"
"အင်း"
ဟဲယွမ်ဟန်က အနည်းငယ် ပြုံးပြပြီး ပန်းကန်များကို ဆက်ဆေးနေလိုက်သည်။
မနီးမဝေးမှ စုန့်ရန်က ဆုယောင်၏ အပြုအမူများကို အကဲခတ်နေကာ စိတ်ထဲမှ မသက်မသာ ဖြစ်နေတော့၏။
သို့သော် ခဏတာ ခံစားလိုက်ရခြင်း ဖြစ်သဖြင့် သတိမထားမိလိုက်ပေ။
ယောက်ျားလေး လေးယောက်က အခန်းနှစ်ခန်းတွင် မျှနေလိုက်ကြပြီး ချောင်မန်လင်းနှင့် ဝမ်ယုက နှစ်ယောက်အိပ် အခန်းတွင် ဝင်နေလိုက်ကြသည်။
ဆုယောင်ကမူ တစ်ယောက်အိပ် အခန်းထဲတွင်သာ လွတ်လွတ်လပ်လပ် နေနေတော့သည်။
အားလုံး ပင်ပန်းနေကြပြီ ဖြစ်သဖြင့် စားသောက်ပြီးသွားသောအခါ တန်းအိပ်လိုက်ကြတော့၏။
နှစ်ယောက်အိပ် မိန်းကလေး အခန်း တစ်ခုတည်းသာ အချိန်ကြာကြာ မီးလင်းနေပြီး အခန်းထဲတွင် တစ်ယောက်မှ မရှိချေ။
"ဘာလုပ်ကြမလဲ၊ ဝမ်ယု"
သေးငယ်သော ရေချိုးခန်းထဲတွင် ချောင်မန်လင်းက ဝမ်ယု၏ လက်မောင်းကို တင်းကျပ်စွာ ကိုင်ထားပြီး စိတ်လှုပ်ရှားစွာ ပြောဆိုလိုက်သည်။
"ဆုယောင်ရဲ့ လက်ရာက အရမ်းကောင်းတယ်ဆိုတော့ မနက်ဖြန် ငါ ချက်ပြုတ်တဲ့ တာဝန်ကျရင် ဘယ်လိုလုပ်ရမလဲ။ ငါက ဂေါ်ဖီပဲ ပြုတ်တတ်တာ။ ငါ သူ့ကို ဘယ်လိုလုပ်ပြီး နိုင်တော့မလဲ"
ဝမ်ယုက သမ်းပြီး မျက်လုံးကို ပွတ်ကာ "အစ်မ မန်လင်း၊ ဟင်းချက်တတ်ရင်တောင် ဆုယောင်ကို ယှဉ်နိုင်မှာ မဟုတ်ဘူး။ သူ ချက်တဲ့ဟင်းတွေက အရမ်း စားကောင်းတယ်" ဟု ပြောလိုက်သည်။
"ဟဲ့၊ နင်က ဘာလို့ သူ့ဘက်က ပြောပေးနေတာလဲ"
"သူဘက်က ပြောပေးတာ မဟုတ်ဘူးလေ။ ခုနတုန်းက အစ်မလည်း သူ ချက်တဲ့ဟင်းတွေကို အများကြီး စားလိုက်တယ်မလား"
"အဟွတ် အဟွတ်"
ချောင်မန်လင်းက ပြည့်တင်းနေသော သူမ၏ ဗိုက်ကိုပွတ်ကာ "ငါ အဲ့အကြောင်း ပြောနေတာ မဟုတ်ဘူးလေ။ မနက်ဖြန် ချက်ရမယ့် မနက်စာအကြောင်းကို ပြောနေတာ။ နင် ဟင်းချက်တတ်လား။ ဒါမှမဟုတ် ငါတို့ စောစောထပြီး နင် ငါ့ကို ကူညီပေးလေ" ဟု ပြောလိုက်၏။
"ဟင့်အင်း ဟင့်အင်း။ မီးဖိုခန်းနဲ့ ကျွန်မနဲ့ ဘာမှ မဆိုင်ဘူး။ ကျွန်မကို လာမခေါ်နဲ့ အစ်မ မန်လင်း"
ဝမ်ယုက ပန်းကန်ဆေး၊ စားပွဲခုံသုတ် စသော အလုပ်များကိုသာ လုပ်ဖူးပြီး မီးဖိုခန်းထဲတွင် တစ်ခါမှ ဝင်မလုပ်ခဲ့ဖူးသဖြင့် ချောင်မန်လင်း၏ စကားကို ငြင်းဆိုလိုက်သည်။
"တကယ်တော့ ဆုယောင်က အရမ်း ပြောင်းလဲသွားပါပြီ အစ်မ မန်လင်းရယ်။ အဲ့လောက်ကြီး အငြိုးထားမနေပါနဲ့တော့" ဟု ဝမ်ယုက ပြောပြီး အိပ်ခန်းထဲသို့ ပြန်သွားတော့သည်။
.....
နောက်တစ်နေ့ မနက်တွင် ဆုယောင်က မနက်စောစောထပြီး မိတ်ကပ်လိမ်းခြယ်ကာ အခြားသူများ၏ လှုပ်ရှားမှုကို စောင့်နေခဲ့သည်။
ထို့နောက် တစ်ဖက်ခန်းမှ တံခါးပွင့်လာကာ ချောင်မန်လင်းက ထွက်လာခဲ့၏။
"မောနင်း၊ အစ်မ မန်လင်း" ဟု ဆုယောင်က နှုတ်ဆက်ပြီး ပြုံးပြလိုက်သည်။
"မောနင်း...."
ချောင်မန်လင်းက ပြန်ပြုံးပြပြီး တစ်ညလုံး အိပ်မပျော်သည့် မျက်နှာမျိုး ဖြစ်နေခဲ့၏။
ချောင်မန်လင်းက မနက်စာ ချက်ပေးရမည့် ဟင်းပွဲကို စဉ်းစားရင်း၊ ရှာဖွေရင်းဖြင့် တစ်ညလုံး အိပ်မပျော်ခဲ့ပေ။
ယခု ဆုယောင်ကို တွေ့လိုက်သောအခါ ဘာလုပ်ရမည်ကို မေ့သွားတော့သည်။
ထို့ကြောင့် ချောင်မန်လင်းက စိတ်ညစ်စွာဖြင့် တစ်ဖက်သို့ လှည့်ထွက်သွားတော့၏။
ထိုအခါ ဆုယောင်က ချောင်မန်လင်း နောက်သို့ အမြန် လိုက်သွားပြီး "လူ ခုနှစ်ယောက်စာတောင် ပြင်ရမှာဆိုတော့ အများကြီး လုပ်ရမှာမို့လို့ အစ်မကို ကူညီပေးဖို့ စောစောထလာတာ" ဟု ပြောလိုက်သည်။
"ရတယ်။ ငါ့ဘာသာ လုပ်နိုင်တယ်"
"ဒါဆို ကျွန်မ လေ့လာချင်လို့ရော ရလား"
"..."
ချောင်မန်လင်းက စိတ်မရှည်တော့သော်လည်း ကင်မရာများ ရိုက်ကူးနေသဖြင့် "ဟုတ်ပြီလေ။ ဒါဆိုလည်း သွားကြမယ်" ဟု ပြောလိုက်သည်။
"အင်း"
ဆုယောင်က ပျော်ရွှင်စွာဖြင့် ချောင်မန်လင်းနောက်သို့ လိုက်သွားတော့၏။
ထို့နောက် နှစ်ယောက်သား ဈေးဝယ်စင်တာမှ ဝယ်လာသော ပစ္စည်းများ ထားထားသည့် နေရာသို့ သွားကာ လိုအပ်သည်များကို ထုတ်ယူလိုက်သည်။
ချောင်မန်လင်းက သူမ ငယ်စဉ်က စားခဲ့သော မနက်စာကို လုပ်ချင်သော်လည်း ပါဝင်ပစ္စည်းကို သတိမရသဖြင့် ကြောင်ရပ်နေခဲ့၏။
"ဘာယူမလဲ အစ်မ မန်လင်း။ ကျွန်မ ယူပေးမယ်"
ချောင်မန်လင်းက ခဏတာ စဉ်းစားပြီးနောက် "ဂျုံမုန့်ရယ်၊ အသားရယ်၊ ကြက်သွန်နီရယ်၊ ပြီးတော့ ဟင်းခတ်မှုန့်တွေရယ်" ဟု ပြောလိုက်သည်။
ဆုယောင်က ပါဝင်ပစ္စည်းများကို ကြည့်ပြီး "ဖက်ထုပ် လုပ်မလို့လား" ဟု ခန့်မှန်း မေးမြန်းလိုက်၏။
"ဖက်ထုပ်အိုးကပ်ကြော် လုပ်မှာ"
"ဪ၊ အင်း အင်း"
ဆုယောင်က ပစ္စည်းများကို ခြင်းထဲထည့်ကာ နှစ်ယောက်သား မီးဖိုခန်းထဲသို့ လျှောက်သွားလိုက်ကြသည်။
မနက် အစောပိုင်း ဖြစ်သဖြင့် တော်တော်များများ မနိုးကြသေးသောကြောင့် မီးဖိုခန်းမှာ ရှင်းလင်းနေခဲ့သည်။
မီးဖိုခန်းထဲတွင် ဆုယောင်က အိုးများ၊ ခွက်များ၊ စဉ့်တီတုံးများနှင့် ဓားများကို ထုတ်ပေးကာ "ကူညီပေးရဦးမလား အစ်မ မန်လင်း" ဟု ပြောလိုက်သည်။
"..."
ချောင်မန်လင်းက စဉ့်တီတုံးရှေ့တွင် ရပ်လိုက်ပြီး စိတ်ထဲ၌ ဗလာကျင်း ဖြစ်နေခဲ့၏။
လုပ်ရမည့် အဆင့်များကိုလည်း မမှတ်မိတော့သဖြင့် ဂျုံမုန့်ထုတ်ကို အရင်ယူကာ ဖောက်လိုက်သည်။
ချောင်မန်လင်း၏ ဓားကိုင်ပုံက မကျွမ်းကျင်ဘဲ ဓားအသွားကို သူမဘက်သို့ လှည့်ထားကာ လက်ထိတော့မည့်ပုံစံ ဖြစ်နေခဲ့သည်။
လူတစ်ယောက်၏ အချက်အပြုတ် ကျွမ်းကျင်၊ မကျွမ်းကျင်ကို ဓားကိုင်ပုံကို ကြည့်လျှင် သိနိုင်သည်။
ဘေးနားမှ ကြည့်နေသော ဆုယောင်က အသည်းယားလာသဖြင့် "ကျွန်မ လုပ်ပေးမယ်" ဟုပြောကာ ဓားကို လှမ်းယူလိုက်သည်။
"ဒါဆိုလည်း ငါ လုပ်နည်း ပြောပြမယ်။ အသားကို အရင် နုတ်နုတ်စင်းပြီး ကြက်သွန်မြိတ်ရယ်၊ ဂျင်းရယ်၊ ရေရယ် ထည့်မယ်"
"အင်း" ဟု ဆုယောင်က ပြောကာ အသားကို ယူပြီး ပြင်ဆင်လိုက်သည်။
ချောင်မန်လင်းက တုန်ရီစွာ ရပ်ကြည့်နေရင်း "ဒါနဲ့ဆို လောက်မယ် မထင်ဘူးနော် ဆုယောင်။ ဆန်ပြုတ် ထပ်ချက်လိုက်ရင် ကောင်းမလား" ဟုမေးလိုက်၏။
"အင်း၊ ကောင်းတာပေါ့"
ချောင်မန်လင်းက ဆန်ပြုတ် ပြုတ်ရန်အတွက် လိုအပ်သော ပစ္စည်းများကို ယူရန် မီးဖိုခန်းထဲမှ ထွက်သွားတော့သည်။
ဆုယောင်က ဖက်ထုပ်အစာအတွက် ဖြည်းဖြည်းချင်း လှီးချွတ်နေရင်း အသားသီးသန့်တစ်မျိုး၊ အသားနှင့် ဂေါ်ဖီအရော တစ်မျိုး စုစုပေါင်း နှစ်မျိုး ပြင်ဆင်လိုက်သည်။
ဆုယောင်က ဖက်ထုပ်အစာအတွက် ပြင်ဆင်ပြီးသွားသောအခါ ဖက်ထုပ်ရွက်အတွက် ဂျုံကိုနယ်ကာ ဖက်ထုပ်များကို စခေါက်လိုက်၏။
ဖက်ထုပ်အိုးကပ်ကြော်မှာ အောက်ပိုင်းတွင် ကြွပ်ရွပြီး အပေါ်ပိုင်းတွင် နူးညံ့ကာ အတွင်းပိုင်းတွင် အရည်များဖြင့် အရသာ သုံးမျိုးကို တစ်ချိန်တည်း ခံစားနိုင်သော အစားအသောက် တစ်မျိုး ဖြစ်သည်။
ဆုယောင်၏ လက်များက ဖက်ထုပ်လိပ်ရာတွင် စက်ကဲ့သို့ ဖြစ်နေကာ ရွှေထုပ်ပုံစံ ဖက်ထုပ်များ တစ်ညီတစ်ညာတည်း မြန်မြန်ဆန်ဆန် ထွက်လာတော့သည်။
ဘေးနားရှိ ပီဒီက ထိုမြင်ကွင်းကို အမိအရ ရိုက်ကူးထားပြီး ဆုယောင်၏ လှုပ်ရှားမှုများကို ဆွဲဆောင်မှု ရှိအောင် သေချာ ရိုက်ကူးနေ၏။
"ငါ ဆန်ပြုတ်ချက်ဖို့ အဆင်သင့်ပဲနော် ဆုယောင်။ နင်ရော အဆင်သင့် ဖြစ်ပြီလား"
ပြန်ရောက်လာသော ချောင်မန်လင်းက အစီအရီနှင့် ညီညီညာညာ ဖြစ်နေသော ဖက်ထုပ်များကို ကြည့်ကာ အံ့ဩသွားတော့သည်။
"ပြီးတော့မယ်။ မီးဖွင့်ပြီး ချက်နှင့်လိုက်လေ အစ်မ မန်လင်း"
ချောင်မန်လင်းက မီးကိုဖွင့်ပြီး ဆန်ပြုတ်အိုးက်ို တည်လိုက်ကာ ခဏကြာပြီးနောက် မီးဖိုပေါ်မှအိုးက ဆူပွက်ပြီး ပေါက်လာသဖြင့် ချောင်မန်လင်းက ဆုယောင်၏ အနောက်သို့ ဝင်ပြေးလိုက်သည်။
ဆုယောင်က အနည်းငယ် ပြုံးလိုက်ကာ မွှေလိုက်သဖြင့် ချောင်မန်လင်းက ဆုယောင်၏ ပုံစံကို ကြည့်ပြီး "ဆုယောင်က တကယ်တော်တာပဲ" ဟု တွေးလိုက်တော့၏။
...…….................................
.........................................
အပိုင်း (၂၀) ပြီးပါပြီ။