အပိုင်း (၁၈) ဝက်နံရိုး ချိုချဉ် ၁
ဆုယောင်က ကန်စွန်းဥမုန့် တစ်ခုသာ ယူစားလိုက်ပြီး ကျန်သည့်မုန့်များက စုန့်ရန်၏ ပါးစပ်ထဲသို့သာ ရောက်သွားခဲ့သည်။
ထို့နောက် စုန့်ရန်က ရေဘူး တစ်ဝက်ခန့် သောက်လိုက်ကာ အများကြီး မလုပ်လာသည့်အတွက် ဆုယောင်ကို ပြောဆိုနေသေး၏။
ဆုယောင်က စုန့်ရန် ချိုချဉ် အရသာကို ကြိုက်သည်ဟု သိထားသော်လည်း ယခုကဲ့သို့ အချိုကို ရူးရူးမူးမူး စားနေသည့်ပုံစံမျိုးကိုတော့ မမြင်ဖူးသေးပေ။
အချိုမုန့် တစ်ဘူးလုံးကို တစ်ခဏအတွင်း ကုန်အောင် စားသွားနိုင်သည်မှာ အံ့ဩစရာ ကောင်းလှသည်။
"ဆုယောင်၊ ဘာတွေ စားနေတာလဲ"
ချောင်မန်လင်း ရောက်လာသောအခါ မုန့်ဘူးကို ပြန်ထည့်နေသော ဆုယောင်ကို တွေ့ပြီး ထိုသို့ လှမ်းမေးလိုက်သည်။
"ကြည့်ရတာ မုန့်တစ်ခုခု ထည့်လာတာ ထင်တယ်"
"ဘယ်လောက်မှတောင် မကြာသေးဘဲ ကုန်သွားပြီလား"
"စုန့်ရန် အတွက်ပဲလား"
....
လူအများ၏ အကြည့်များက တူတူ ထိုင်နေသော စုန့်ရန်နှင့် ဆုယောင်ကို ကြည့်ကာ အတွေးမျိုးစုံ တွေးနေတော့သည်။
"ကျွန်မ မနက်က ကန်စွန်းဥမုန့် လုပ်လာခဲ့တာ။ အမြန် လုပ်ခဲ့ရတော့ အများကြီး မလုပ်လာခဲ့မိဘူး" ဟုသာ ဆုယောင်က ပြောပြီး ထွေထွေထူးထူး မရှင်းပြတော့။
ပုံမှန်ဆိုလျှင် ယောက်ျားလေးများက လူအများ၏ ရှေ့တွင် အချိုကြိုက်ကြောင်း မပြတတ်ကြပေ။
သို့သော် စုန့်ရန်က အချိုကို နှစ်ခြိုက်စွာ စားပြနေသဖြင့် စုန့်ရန်က ဟန်မဆောင်တတ်သော လူမျိုးဖြစ်ကြောင်း ဆုယောင်က သိရှိလိုက်သည်။
ကျန်သည့် လူများက နေရာတွင် ထိုင်လိုက်သောအခါ စုန့်ရန်က လက်တွင် ကပ်နေသော မုန့်များကိုပင် ယက်နေသဖြင့် အားလုံးက မျက်လုံး ပြူးသွားကြတော့၏။
ဝမ်ယုနှင့် ချောင်မန်လင်းတို့က ဆုယောင်တို့၏ အနောက်ခုံတွင် ဝင်ထိုင်လိုက်ပြီး ဆုယောင်အကြောင်းကို တီးတိုး ပြောဆိုနေကြတော့သည်။
"ဟဲ့၊ ဆုယောင်နဲ့ မစ္စတာ စုန့်က တစ်ခုခုများလား"
ထိုအချိန်တွင် ဆုယောင်က ခေါင်းမူးပြီး အိပ်ချင်လာသည်။
လေယာဉ် စထွက်သောအခါ ခရိီးသည်များက အိပ်
ရန် ပြင်ဆင်လိုက်ကြသည်။
စုန့်ရန် တစ်ယောက်တည်းသာ မအိပ်ဘဲ မှတ်စု စာအုပ်ကို ထုတ်ပြီး အစီအစဥ်ကို ချရေးနေတော့သည်။
စုန့်ရန်က နိုင်ငံခြားတွင် အချိန်အတော်ကြာ နေထိုင်ခဲ့သော်လည်း တည်းခိုမည့် နေရာသို့ လိုက်လံပြသမည့်လူကို လိုအပ်နေသေးသည်။
ထို့ကြောင့် ထိုကဲ့သို့ အလုပ်မျိုးကို လက်ခံမိသည်ကို နောင်တရမိသော်လည်း နှစ်ရက်တာ ဆာလောင်နေခဲ့ရသော ဝမ်းဗိုက်မှာ ပြည့်သွားသဖြင့် ကျေနပ်မိသွားပြန်၏။
လည်ပင်းတွင် ခေါင်းအုံး ပတ်ထားပြီး မျက်လုံးအကာ တပ်ကာ လက်ပိုက်၍ အိပ်နေသော ဆုယောင်က ထိုင်ခုံတွင် အိပ်ရသည်မှာ အဆင်မပြေသဖြင့် ဟိုလှည့်ဒီလှည့် လုပ်နေတော့သည်။
အိပ်ပျော်သွားသော အခါတွင်လည်း ခေါင်းက ဟိုရမ်းဒီရမ်း ဖြစ်နေသဖြင့် ဘေးနားရှိ စုန့်ရန်က ဘောပင်ကိုချကာ ဆုယောင်၏ ခေါင်းကိုကိုင်ကာ သူ့ပုခုံး
ပေါ်တွင် တင်ထားလိုက်သည်။
မနီးမဝေးမှ ရုတ်တရက် နိုးလာသော လင်းရန်ချီက ထိုမြင်ကွင်းကို မြင်လိုက်သောအခါ ထိတ်လန့်သွားတော့သည်။
လင်းရန်ချီက ဆုယောင်တို့ နှစ်ယောက်ကို မရိုးသားဟု ထင်နေသော်လည်း လူရှေ့ သူရှေ့တွင် ထိုသို့ လုပ်နေသည်မှာ မသင့်တော်ဟု ထင်မှတ်လိုက်၏။
....
ဆယ်နာရီ ကြာပြီးသောအခါ ဂျာမနီသို့ ရောက်ပြီး လေယာဉ် ဆင်းသက်သွားသည်။
အမြဲတမ်း လေယာဉ် မူးတတ်သော ဆုယောင်က ယခုတစ်ခေါက် လေယာဉ် စီးရသည်မှာ သက်တောင့်သက်သာ ရှိလှသည်ဟု ခံစားမိနေ၏။
ထို့ကြောင့် နိုးလာသောအခါ ဆုယောင်က စုန့်ရန်၏ ပုခုံးပေါ်တွင် မှီအိပ်မိနေကြောင်းကို သိသွားသဖြင့် မသိချင်ယောင်ဆောင်ကာ ထလာတော့သည်။
"နိုးပြီလား"
"အင်း"
ဆုယောင်တို့က ဘေကျင်းမြို့မှ နေ့လည်ခင်းတွင် ထွက်လာပြီး ဆယ်နာရီ ကြာပြီးမှ ဂျာမနီသို့ ရောက်လာခဲ့သည်။
ဘေကျင်းတွင် နွေရာသီဖြစ်သဖြင့် ပူအိုက်နေသော်လည်း စုန့်ရန်၏ သတိပေးချက်ဖြင့် ဆုယောင်တို့က အင်္ကျီထူထူကို ယူလာခဲ့ကြသည်။
ဂျာမနီတွင် အလွန် အေးနေသဖြင့် လေယာဉ်မှ ဆင်းလာသောအခါ ဆုယောင်က အမြင်မလှသော ဂျပ်ကပ်အထူကြီးကို ဝတ်ထားပြီး ခိုက်ခိုက်တုန် နေတော့၏။
ချောင်မန်လင်းမှ လွဲ၍ အခြားသူများကလည်း အနွေးထည် ထူထူကို ဝတ်ဆင်ထားကြသည်။
ချောင်မန်လင်းကမူ ကိုယ်လုံးပေါ် ဝတ်စုံကို ဝတ်ပြီး
အပေါ်မှ ကုတ်အင်္ကျီ အလှကိုသာ ထပ်ဝတ်ထားခဲ့သည်။
ငယ်စဉ်က ဒုက္ခခံခဲ့ရ၍ ကျန်းမာရေး ချူချာတတ်သော ဆူယောင်ကမူ ချောင်မန်လင်းကို ကြည့်ပြီး အံ့ဩနေကာ "အစ်မ မန်လင်း၊ မအေးဘူးလား" ဟုမေးလိုက်တော့သည်။
"မအေးပါဘူး။ အေးလို့လား"
စုန့်ရန်က ပုံစံမျိုးစုံ ဝတ်ထားကြသော ဧည့်သည်များကို ကြည့်ပြီး "ကား အရင်ငှားဖို့ သွားကြမယ်" ဟု ပြောလိုက်သည်။
အားလုံးက စုန့်ရန်၏ စကားကို နားထောင်ကာ အိတ်ကို ဆွဲပြီး စုန့်ရန် နောက်မှ လိုက်သွားကြ၏။
ချောင်မန်လင်း တစ်ယောက်တည်းသာ ဒေါက်ဖိနပ်နှင့် ဝတ်စုံနှင့် အိတ်ကို သယ်ရခက်နေသဖြင့် နှေးကွေးနေခဲ့သည်။
"မြန်မြန် လာလေ"
ဝမ်ယုက ထိုသို့ လှမ်းခေါ်လိုက်ပြီး သူမ၏ အိတ်များကို သယ်ကာ လျှောက်သွားတော့သည်။
အခြား ယောက်ျားလေး ဧည့်သည်များကလည်း ကြည့်ရုံသာ ကြည့်ပြီး မသယ်ပေးကြဘဲ ထွက်သွားကြ၏။
ဘေးနားရှိ ရိုက်ကူးနေကြသော ပီဒီများက သူတို့ကို ကြည့်ကာ ယခုတစ်ခေါက် အစီအစဉ် ရိုက်ကူးသော ဧည့်သည်များမှာ ဆက်ဆံရေး အခြေအနေ မကောင်းကြောင်း ခံစားမိလိုက်သည်။
စုန့်ရန်က လူ ခုနှစ်ယောက်အတွက် တက္ကစီ နှစ်စီးကို ငှားလိုက်ပြီး ယောက်ျားလေး လေးယောက် တစ်စီး၊ မိန်းကလေး သုံးယောက် တစ်စီး စီစဉ်လိုက်၏။
.....
ငှားရမ်းထားသော နေရာမှာ သိပ်မကြီးလှပေ။
ကျဉ်းမြောင်းပြီး သေးငယ်သော်လည်း အတွင်းပိုင်း
ပစ္စည်းများ အစုံအလင် ရှိသည်။
အိပ်ယာမှာလည်း ခုနှစ်ယောက်စာ အတိအကျ ရှိပြီး တစ်ခုတည်းသော ပြဿနာမှာ ကျား၊ မ မခွဲထားခြင်း ဖြစ်၏။
ထို့ကြောင့် စုန့်ရန်က "ရာသီဥတု ကောင်းရင် အပြင်မှာ ထွက်အိပ်လို့ ရအောင် တဲ နှစ်ခု ဝယ်ရမယ်။ မဟုတ်လည်း ဒီအထဲမှာပဲ အိပ်ချင် အိပ်ပေါ့" ဟုပြောလိုက်သည်။
အခြားသူများကလည်း ထိုကိစ္စနှင့် ပတ်သက်ပြီး ပြဿနာ မရှိသဖြင့် ခေါင်းညိတ် လက်ခံ လိုက်ကြ၏။
ထို့နောက် ပစ္စည်းများကို ချကာ ဈေးဝယ် ထွက်ရန် ပြင်လိုက်ကြသည်။
ကားမောင်းလိုင်စင် ရှိသူများမှာ စုန့်ရန်၊ ဟဲယွမ်ဟန်၊ ဂျီအန်းဝမ်နှင့် ဆုယောင်တို့သာ ဖြစ်ကြသဖြင့် ယောက်ျားလေး သုံးယောက်က ဆုယောင်ကို ဖယ်ကာ ကားမောင်းမည့် ကိစ္စကို တိုင်ပင်လိုက်ကြ၏။
ကားမောင်းမည့် ပြဿနာ ပြီးသွားသောအခါ အထုတ်အပိုး ပြဿနာက ပေါ်လာခဲ့ပြန်သည်။
စုန့်ရန်က ပစ္စည်း အများကြီး မပါလာသဖြင့် အထုတ် မဖြည်ဘဲ စတိုခန်းထဲသို့ တန်းထည့်လိုက်သည်။
အခြားသူများမှာ အနုပညာရှင်များ ဖြစ်သဖြင့် မိတ်ကပ်နှင့် အသုံးအဆောင် ပစ္စည်းများက အလွန်များပြားလှသောကြောင့် နေရာချရန် ခက်ခဲနေကြ၏။
သို့သော် ဆုယောင်က ပစ္စည်း အများကြီး မသယ်လာဘဲ အဝတ်အစား နည်းနည်း၊ ဖိနပ်၊ ခြေအိတ်နှင့် ရန်ယိဖန်း ထည့်ပေးလိုက်သော မိတ်ကပ်အိတ်သာ ပါလာခဲ့သည်။
ဆုယောင်က အထုတ်ကို ဖြည်ပြီး အတွင်းစီး ဖိနပ်ကို ထုတ်စီးလိုက်သောအခါ အားလုံး၏ မျက်လုံးများက ဆုယောင်၏ ဖိနပ်ဆီသို့ ရောက်သွားပြီး အတွင်းစီး ဖိနပ် မပါလာကြကြောင်းကို သတိရသွားကြ၏။
"ကျွန်မတို့ အတွင်းစီး ဖိနပ်ဝယ်ရမယ် ခေါင်းဆောင်" ဟု ချောင်မန်လင်းက စုန့်ရန်ကို လှမ်းပြောလိုက်သည်။
အနည်းငယ် ကြာပြီးနောက် အားလုံး ကားပေါ်သို့ တက်ကာ အနီးဆုံး ဈေးဝယ် စင်တာသို့ သွားလိုက်ကြသည်။
ဈေးဝယ် စင်တာသို့ ရောက်သောအခါ ဆုယောင်မှ လွဲ၍ အခြားသူများက အိမ်စီးဖိနပ်များကို အရင်ဆုံး ဝယ်ယူလိုက်ကြ၏။
ဝယ်ယူရန် ပစ္စည်း အများအပြား လိုအပ်နေသဖြင့် ဆုယောင်တို့က ယောက်ျား တစ်ဖွဲ့၊ မိန်းကလေး တစ်ဖွဲ့ ဖွဲ့ကာ နှစ်ဖွဲ့ခွဲပြီး ဈေးဝယ်ရန် ထွက်လာခဲ့ကြသည်။
ယောက်ျားလေးများက နေ့စဉ်သုံး ပစ္စည်းများကို ဝယ်ယူရန် ဖြစ်ပြီး မိန်းကလေးများက မီးဖိုချောင်သုံး ပစ္စည်းများကို ဝယ်ယူရန် ဖြစ်၏။
ဆုယောင်က လိုအပ်သော မီးဖိုချောင်သုံး ပစ္စည်းများကို ချောင်မန်လင်း၊ ဝမ်ယုတို့နှင့်အတူ လိုက်လံရှာဖွေ ဝယ်ယူလိုက်သည်။
ထို့အပြင် ပန်းကန် ခွက်ယောက်များက လူ ခုနှစ်ယောက်စာ မလောက်ငှ သဖြင့် ဆုယောင်က အလှကို မကြည့်ဘဲ ဈေးသက်သာသည့် ပစ္စည်းများကို ရွေးဝယ်လိုက်သည်။
ကုမ္ပဏီမှ ထုတ်ပေးထားသော ငွေကို (၂၁) ရက်စာ လောက်ငှအောင် အသုံးပြုရမည် ဖြစ်သဖြင့် ဆုယောင်က ချွေတာ သုံးစွဲလိုက်၏။
ပဲငံပြာရည် ဝယ်ရန် လိုအပ်နေသော်လည်း စင်ပေါ်မှ ပုလင်းများက ဈေးကြီးသဖြင့် ဆုယောင်က မျက်နှာ လွှဲကာ အာရှဈေးတွင်သာ ဝယ်ယူတော့မည်ဟု ဆုံးဖြတ်လိုက်သည်။
ဆုယောင်က မြန်မြန်ဆန်ဆန် ရွေးဝယ်နေသည့် အချိန်တွင် ချောင်မန်လင်းနှင့် ဝမ်ယုတို့က စကားပြောရင်း အလုပ်များနေကြ၏။
"ဆုယောင်၊ နင် အသားလွှာတဲ့ ဓားမဝယ်ဘူးလား။ ငါ အိမ်မှာ ဒီဓားကို သုံးတာ သုံးလို့ အရမ်းကောင်းတယ်"
ဆုယောင်က ဝမ်ယု၏ ပြောစကားကြောင့် ဓား၏ ဈေးနှုန်းကို ကြည့်လိုက်သောအခါ ဈေးကြီးသဖြင့် ဝယ်ရန် တွန့်ဆုတ်သွားသည်။
"မန်လင်း၊ ဝယ်ကြမယ်လေ"
"အင်း၊ ဝယ်လေ"
ချောင်မန်လင်းနှင့် ဝမ်ယုတို့က မင်းသမီးများ ဖြစ်ကြသည့်အပြင် အရင်ကတည်းက သူငယ်ချင်းများလည်း ဖြစ်ကြသည်။
ဆုယောင်က တစ်ခုခု ဝင်ပြောချင်သော်လည်း မြိုသိပ်ကာ ပြုံးရုံပြုံးပြလိုက်၏။
ထို့နောက် ဝမ်ယုက ပစ္စည်းအလှများကို ဆုယောင်ကို ပြပြီး ဝယ်ရန် တိုင်ပင်လိုက်ရာ ဆုယောင်က ငြင်းလိုက်သော်လည်း ချောင်မန်လင်းက ဝယ်ခိုင်းလိုက်သည်။
ထိုအခါမှ ဆုယောင်က ချောင်မန်လင်းတို့ သူမကို
အခက်တွေ့အောင် လုပ်ပြီး ရန်စနေသည့် အကြောင်းကို သိရှိသွား၏။
ထိုကဲ့သို့သော လူမျိုးကို ဆုယောင်က သူမ၏ မိဘများ ဖွင့်ထားသော စားသောက်ဆိုင်တွင် ကြုံဖူးခဲ့သဖြင့် အထွေအထူး မတုံ့ပြန်တော့ပေ။
ချောင်မန်လင်းနှင့် ဝမ်ယုတို့က ဆုယောင်ကို သုံး၊လေး၊ ငါးကြိမ် ရန်စပြီးသော်လည်း ဆုယောင်က မတုံ့ပြန်သဖြင့် လက်လျှော့သွားကြတော့သည်။
ထို့နောက် သူတို့အတွက် အသုံးဝင်မည့် နေရာ မရှိသဖြင့် ဆုယောင်ကို ဆင်ခြေပေးကာ လက်တွဲပြီး ထွက်သွားကြတော့၏။
ထို့ကြောင့် ဆုယောင် တစ်ယောက်တည်း လိုအပ်သော အစားအသောက်များကို လိုက်လံ ဝယ်ယူနေတော့သည်။
"ဘာလို့ တစ်ယောက်တည်း ဖြစ်နေတာလဲ ဆုယောင်"
နေ့စဉ်သုံး ပစ္စည်းများ ဝယ်ယူပြီး၍ ဆုယောင်တို့ကို
လိုက်ရှာနေကြသော ယောက်ျားလေး အုပ်စုက ဆုယောင်ကို တွေ့သွားကာ လင်းရန်ချီက ထိုသို့ လှမ်းမေးလိုက်သည်။
"အစ်မ မန်လင်းနဲ့ အစ်မ ဝမ်ယုတို့ရော"
"တစ်ခုခု သွားဝယ်တယ် ထင်တယ်။ ရှင်တို့ ရောက်လာတာ အတော်ပဲ။ ကျွန်မ ဒီနေ့ ညစာချက်မလို့၊ ရှင်တို့ ဘာစားချင်လဲ ပြောကြပါဦး"
ဟဲယွမ်ဟန်၊ လင်းရန်ချီနှင့် ဂျီအန်းဝမ်တို့က "အကုန် စားတယ်" ဟု တစ်ပြိုင်တည်း ဖြေလိုက်ကြသည်။
စုန့်ယန်ကလည်း ပထမဆုံးနေ့၌ပင် သူ၏ ရည်ရွယ်ချက်ကို မဖော်ပြချင်သဖြင့် "မင်း ကြိုက်တာချက်" ဟု ပြောလိုက်သည်။
ထိုအခါ ဆုယောင်က သူမ ချက်ချင်သော ပစ္စည်းများကို ရွေးဝယ်လိုက်သည်။
"မင်း ဒီည ဘာချက်မှာလဲ"
"ဝက်နံရိုး ချိုချဉ် ချက်မယ်။ ပြီးတော့ အမဲသားငရုတ်ကောင်းချက်ရယ်၊ အာလူးအမျှင် ချဉ်စပ်ကြော်ရယ်၊ ကြက်ဥ ခရမ်းချဉ်သီး ဟင်းချိုရယ် ချက်မယ်။ အကုန်လုံးက အိမ်ချက်ဟင်းတွေဆိုတော့ ချက်ရတာ မြန်တယ်"
"အင်း"
စုန့်ရန်က ဝက်နံရိုး နှစ်ထုပ်ကို ထပ်ယူကာ ဆုယောင်၏ ခြင်းတောင်းထဲသို့ ထည့်လိုက်ပြီး "ခုနှစ်ယောက်စာဆိုတော့ များများလုပ်ရမယ်" ဟု ပြောလိုက်သည်။
ဆုယောင်က လက်ခံလိုက်ပြီး ချင်ပြုတ်ရန် လွယ်ကူ မြန်ဆန်သော ပစ္စည်းများကို ရွေးဝယ်လိုက်၏။
ဘေးနားတွင် ကြည့်နေသော လင်းရန်ချီတို့ကမူ ဆုယောင်တို့ကို ကြည့်ပြီး တိတ်ဆိတ်နေကြသည်။
....
ခြင်းတောင်း တစ်ဝက်အပြည့် ဝယ်ပြီးသော်လည်း
ချောင်မန်လင်းတို့က ပြန်မရောက်လာသေးသဖြင့် စောင့်နေကြရာ ချောင်မန်လင်းတို့က နောက်ကျမှ အသင့်စား အစားအစာများကို ဝယ်ပြီး ရောက်လာကြ၏။
ထို့နောက် ချောင်မန်လင်းက ဆုယောင်၏ ခြင်းတောင်းထဲမှ ဝက်နံရိုးနှင့် အမဲသားကို ကြည့်ကာ "ကျွန်မအိမ်မှာ အဲ့ဟင်း နှစ်မျိုးကို အမြဲချက်နေကြ။ ဒီည ညစာ ကျွန်မချက်ပေးရမလား။ ဒါမှမဟုတ် ဆုယောင်ကို ဝိုင်းကူပေးရမလား" ဟု ပြောလိုက်သည်။
"ငါလည်း ကူညီပေးမယ်လေ၊ ဆုယောင်" ဟု ဘေးနားရှိ ဝမ်ယုကပါ ဝင်ပြောလိုက်၏။
ဆုယောင်က သူမကို အခက်တွေ့အောင် တမင် လုပ်နေသည်ကို သိသဖြင့် "ချက်တာက တစ်နေ့ တစ်ယောက်ပဲ တာဝန်ယူကြမယ်လေ" ဟု ပြောလိုက်သည်။
ဆုယောင်က အခြားအရာများကို ဂရုမစိုက်သော်လည်း သူမ၏ ဟင်းပွဲများကို အဖျက်ဆီး မခံနိုင်ပေ။
ဆုယောင်၏ ယခု မျက်နှာထားကို ချောင်မန်လင်းက တစ်ခါမှ မတွေ့ဖူးသဖြင့် လက်လျှော့ကာ "ဟုတ်ပြီလေ။ ဒါဆိုလည်း တစ်ရက် တစ်ယောက် ဟင်းချက်ဖို့ တာဝန်ယူကြတာပေါ့။ ဒီညတော့ ဆုယောင်ချက်လိုက်နော်" ဟု ပြောလိုက်သည်။
....
တည်းခိုအိမ်သို့ ပြန်ရောက်သောအခါ တည်းခိုခန်း ပိုင်ရှင်က လာနှုတ်ဆက်ပြီး အခန်းအပို ယူရန် မေးမြန်းလိုက်၏။
ထိုအခါ စုန့်ရန်က ချောင်မန်လင်းထံ အခန်းထပ်ငှားမည့် ပိုက်ဆံ လောက်၊ မလောက် မေးမြန်းလိုက်သောအခါ ချောင်မန်လင်းက ဈေးဝယ်သည့် အချိန်၌ (၂၁) ရက်စာ ငွေ၏ (၅) ပုံ (၁) ပုံကို သုံးလိုက်မိသဖြင့် ပိုက်ဆံ မလောက်ကြောင်း ပြန်ပြောလိုက်သည်။
ဆုယောင်ကို အရွဲ့တိုက်ချင်ရုံဖြင့် ပိုက်ဆံ အများကြီး သုံးလိုက်မိသဖြင့် ချောင်မန်လင်းက အပြစ်ရှိသည်ဟု ခံစားမိသွားကာ တိတ်ဆိတ်နေတော့၏။
ထို့နောက် ပစ္စည်းများကို နေရာချကာ လုပ်စရာရှိသည်များကို လုပ်လိုက်ကြရင်း ဆုယောင်ကလည်း ညစာချက်ရန် မီးဖိုခန်းကို ရှာကာ မီးဖိုခန်းထဲသို့ ဝင်သွားတော့သည်။
မိးဖိုခန်းထဲတွင် လှည့်ပတ် ကြည့်ရှုနေချိန်၌ အသက် လေးဆယ်အရွယ် အမျိုးသမီး တစ်ယောက် ဝင်လာကာ "ကလေးမ၊ ဒီနေရာက မင်း လျှောက်လည်ရမယ့် နေရာ မဟုတ်ဘူး" ဟု ပြောလိုက်၏။
ဆုယောင်က သူမ၏ နူးညံ့သော မျက်နှာထားကြောင့် ငယ်ရွယ်သည်ဟု အထင်ခံရသည်မှာ ပထမဆုံးအကြိမ် ဖြစ်သဖြင့် "ကျေးဇူးပါ။ ကျွန်မက အသက် (၂၀) ပါ။ ကျွန်မ သူငယ်ချင်းတွေအတွက် ညစာပြင်ပေးဖို့ လာတာပါ" ဟု ပြန်ပြောလိုက်သည်။
"မင်းက အရွယ်ရောက်ပြီးသားလား"
မိန်းမကြီးက မယုံကြည်သဖြင့် ဆုယောင်က ဘေးနားရှိ ရိုက်ကူးရေး လုပ်နေသော ပီဒီကို ထိုးပြကာ သူမတို့၏ အစီအစဉ် အကြောင်းကို ရှင်းပြလိုက်သည်။
မိန်းမကြီးက ဆုယောင်ကို တရုတ်နိုင်ငံမှ လာကြောင်းသိသွားသောအခါ တရုတ် အစားအသောက်များမှာ အလွန် စားကောင်းကြောင်း ချီးမွမ်း ပြောဆိုတော့၏။
ဆုယောင်ကလည်း သူမ နိုင်ငံ၏ အစားအသောက်ကို ချီးကျူးနေသဖြင့် ကျေနပ် ပျော်ရွှင်သွားကာ သူမ ချက်မည့် ဟင်းလျာကိုလည်း မြည်းကြည့်ရန် ပြောဆိုလိုက်သည်။
ထို့နောက် နှစ်ယောက်သား အပြန်အလှန် မိတ်ဆက်ရင်း မီးဖိုခန်းထဲတွင် စကားပြောကာ အတူချက်ပြုတ်နေလိုက်ကြ၏။
လော်ရိန်းဟု ခေါ်သော ထိုအမျိုးသမီးကြီး၏ အင်္ဂလိပ် စကားပြောမှာ ပီသနေသဖြင့် ဆုယောင်က လော်ရိန်းကို ဂျာမနီလူမျိုး အစစ် မဟုတ်နိုင်ဟု ခန့်မှန်းလိုက်သည်။
ထို့နောက် လော်ရိန်းက သူမမှာ ဗြိတိန်လူမျိုး
ဖြစ်ကြောင်း ထပ်မံ မိတ်ဆက်လိုက်သည်။
ဝက်နံရိုး ချိုချဉ်ဟင်းက အေးသွားလျှင် စားမကောင်းသဖြင့် ဆုယောင်က နောက်ဆုံးမှ ချက်ရန် ပြင်ဆင်လိုက်သည်။
ထို့ကြောင့် အမဲသား ငရုတ်ကောင်းချက်ကို အရင်ချက်ရန် ပြင်ဆင်လိုက်၏။
ဆုယောင်က အမဲသားတုံးကို ဓားဖြင့် ပါးပါးလှီးကာ နုတ်နုတ်စင်းလိုက်သည်။
ဘေးနားရှိ လော်ရိန်းက "ဒီနေ့ ဘာချက်မှာလဲ ဆု" ဟု မေးလိုက်သဖြင့် သူမ ချက်ပြုတ်မည့် ဟင်းနာမည်များကို ပြောပြလိုက်သည်။
ထိုအခါ လော်ရိန်းက "မမြည်းကြည့်ရသေးတာတောင် မင်းရဲ့လက်ရာက ကောင်းမယ်ဆိုတာ သေချာတယ်" ဟု ပြောလိုက်၏။
"ဘာလို့လဲ"
"မင်းရဲ့ပုံစံက ငါတွေ့ဖူးတဲ့ စာဖိုမှူးတွေရဲ့ ပုံစံအတိုင်းပဲ မို့လို့"
လော်ရိန်းက သူမကို ချီးကျုးလိုက်သဖြင့် ဆုယောင်က ပျော်ရွှင်သွားကာ "ကျေးဇူးပါ။ ခဏပဲစောင့်နော်။ ဒီဟင်း ရရင် မြည်းရမယ်" ဟု ပြုံးပြီး ပြန်ပြောလိုက်သည်။
ဟင်းချက်နေချိန်တွင် ဆုယောင်က ပျော်ရွှင်နေသဖြင့် အရာအားလုံးကို မေ့ကာ ပျော်ပျော်ပါးပါး ချက်ပြုတ်နေတော့၏။
"ဒေါက် ဒေါက် ဒေါက် ဒေါက်"
ဆုယောင်က အာလူးမျှင်ချဉ်စပ်ကြော်အတွက် အာလူးများကို ညီညီညာညာဖြင့် လျင်မြန်စွာ အဆင်မပြတ် လှီးလိုက်သည်။
ထို့အပြင် အာလူး လှီးနေရင်းဖြင့် ဆုယောင်က ခရမ်းချဉ်သီး အခွံကိုပါ လက်တစ်ဖက်ဖြင့် ထပ်ခွာလိုက်၏။
ဘေးနားမှ ရိုက်ကူးနေသော ပီဒီကမူ ကင်မရာအနောက်မှ ဆုယောင်ကို ကြည့်ပြီး အံ့အားသင့်နေတော့သည်။
ဆုယောင်၏ ချက်ပြုတ် စွမ်းရည်မှာ ဟန်ဆောင်ထားခြင်း မဟုတ်သည့်အပြင် ဆုယောင်၏ အင်္ဂလိပ် စကားပြော စွမ်းရည်က အလွန် ကောင်းနေသဖြင့် ပီဒီက ကြည့်ကာ အံ့ဩနေတော့၏။
....
ဆုယောင်က ချက်ပြုတ်နေသည့် အလုပ်တွင်သာ စိတ်နှစ်ထားပြီး အပြင်မှ အရာများကို သတိမထားမိတော့ချေ။
အချိန်ခဏအတွင်း အမဲသား ငရုတ်ကောင်းချက်၊ အာလူးမျှင်ချဉ်စပ်ကြော်နှင့် ကြက်ဥ ခရမ်းချဉ်သီးဟင်းချိုတို့ အလျင်အမြန်ပင် ကျက်သွားတော့သည်။
ထိုအချိန်တွင် "ဟင်းတွေ ကျက်ပြီလား ဆုယောင်" ဟူသော စုန့်ရန်၏ အသံက အနောက်မှ ထွက်ပေါ်လာခဲ့၏။
"ဟင်းသုံးပွဲတော့ ကျက်သွားပြီ ခေါင်းဆောင်။ တစ်ယောက်ယောက်ကို ခေါ်ပြီး လာသယ်ခိုင်းလိုက်ပါလား"
စုန့်ရန်က မီးဖိုပေါ်သို့ လှမ်းကြည့်လိုက်ကာ "ဝက်နံရိုးချိုချဉ်ရော မရသေးဘူးလား" ဟု မေးလိုက်သည်။
"ရတော့မှာပါ။ မလောပါနဲ့"
ဆုယောင်က အိုးကို ကျွမ်းကျင်စွာ ဆေးကြောလိုက်ပြီး မီးဖိုပေါ်တွင် တင်ကာ မီးဖွင့်လိုက်၏။
အိုးမှ ရေများခြောက်သွားသည့် အချိန်အထိ စောင့်နေချိန်တွင် တူနှင့် ပန်းကန်လုံးတစ်လုံးကို ထုတ်ယူလိုက်ပြီး စုန့်ရန်ကို ကမ်းပေးလိုက်သည်။
"စောင့်နေတုန်း တခြားဟင်းတွေ အရင်မြည်းထားလိုက်"
"အင်း"
စုန့်ရန်က ဟင်း သုံးပွဲကို သေချာ မြည်းကြည့်လိုက်ပြီး
"အမဲသား လှီးထားတာ ကောင်းတယ်။ မီးကလည်း အနေတော်ပဲ။ အာလူးချဉ်စပ်ဟင်းကလည်း အချဉ်ကအတော်ပဲ။ အမဲသား ငရုတ်ကောင်းချက်ကတော့ ငရုတ်ကောင်းနဲ့ အနှစ်ရည် နည်းသွားတယ်" ဟု ပြောလိုက်၏။
ဆုယောင်က စုန့်ရန်၏ ဟင်းမြည်းနိုင်စွမ်း အရည်အချင်းကို ဩချသည့် ပုံစံဖြင့် လှမ်းကြည့်လိုက်သည်။
ထို့နောက် "ဝက်နံရိုးချိုချဉ်ဟင်းလည်း မြည်းကြည့်ပေးဦး" ဟု ဆုယောင်က ပြောလိုက်၏။
"အင်း"
ဝက်နံရိုးချိုချဉ်ဟင်းမှာ တရုတ်နိုင်ငံ၏ ရိုးရာအစားအစာထဲတွင် ပါဝင်ပြီး ဒေသအလိုက် ချက်နည်းနှင့် အရသာမှာ ပြောင်းလဲသွားသည်။
ခရမ်းချဉ်သီး အနှစ်ရည်ပါလျှင် ရှန်ဟိုင်းမြို့ချက်နည်းဖြစ်ပြီး ဆီများလျှင် ကဲချန်မြို့ ချက်နည်းဖြစ်၏။
အရည် ရွှဲရွှဲ ချက်ထားလျှင် စီချွမ်စတိုင် ဖြစ်ပြီး ကြက်သွန်မြိတ်များများ ထည့်ထားလျှင် ဟွမ်းယန်စတိုင် ဖြစ်သည်။
ဆုယောင်က ဝက်နံရိုးချိုချဉ် ဟင်းချက်ရန် နည်းလမ်းများစွာ ရှိသော်လည်း ပဲငံပြာရည် မဝယ်လာသဖြင့် ဝက်နံရိုးချိုချဉ်ဟင်းကို အကြွပ်ကြော်သည့် နည်းလမ်းကို အသုံးပြုမည်ဟု ဆုံးဖြတ်လိုက်၏။
ဆုယောင်က ပထမဆုံး ဝက်နံရိုးကို အရသာနယ်ပြီး ဆီပူပူတွင် ထည့်ကြော်လိုက်သည်။
လေး၊ ငါးကြိမ် ပြန်ကြော်ပြီးသောအခါ ဝက်နံရိုးများက ရွှေဝါရောင်သန်းပြီး ကြွပ်ရွလာတော့၏။
ဝက်နံရိုး၏ အရောင်က ကင်မရာထဲတွင် အလွန်လှပနေပြီး မွှေးရနံ့က မိးဖိုခန်းတစ်ခုလုံး ပျံ့နှံ့သွားသည်။
ဆုယောင်က အခြားသူများကို ဂရုမစိုက်ဘဲ မီးလျှော့ကာ သကြားခဲများကို အရည်ဖျော်လိုက်၏။
သူမ မိဘများ၏ ညွှန်ကြားချက်များကို ပြန်အမှတ်ရရင်း သကြားကို မွှေနေရာ နှေးသွားသဖြင့် စုန့်ရန်က "မင်း ဘာတွေ တွေးနေတာလဲ" ဟုသတိပေးလိုက်သည်။
"ဘာမှ မဟုတ်ပါဘူး"
စုန့်ရန်၏ သတိပေးသံကြောင့် ဆုယောင်က သတိပြန်ဝင်လာကာ ပျော်ဝင်သွားသော သကြားရည်ထဲသို့ ဝက်နံရိုးများကို ဖြည်းဖြည်းချင်း လောင်းထည့်လိုက်သည်။
ထို့နောက် စေးကပ်လာသော သကြားရည်နှင့် ဝက်နံရိုးတို့ကို သမအောင် အိုးကို လှုပ်ပြီး မွှေနေတော့၏။
လူ ခုနှစ်ယောက်စာ ဖြစ်သဖြင့် ဝက်နံရိုး ပမာဏက များနေသောကြောင့် အိုးလက်ကိုင်မှာ လေးနေပြီး ဆုယောင်က အားစိုက်နေရသည်။ ထို့ကြောင့် နဖူးနှင့် နောက်ကျောတွင် ချွေးများပင် ထွက်လာတော့သည်။
စုန့်ရန်က ဆုယောင်၏ အာရုံစိုက်စွာ ချက်ပြုတ်နေပုံကို ကြည့်ပြီး ဘေးနားမှ တိတ်ဆိတ်စွာ စောင့်ကြည့်နေလိုက်၏။
အိုးထဲမှ ရွှေဝါရောင် ဝက်နံရိုးများကို ကြည့်ပြီး စုန့်ရန်က မကျက်ခင်ပင် မြည်းကြည့်ချင်လာတော့သည်။
သကြားနှင့် ဝက်နံရိုးတို့ သမသွားသောအခါ ဆုယောင်က ရှာလကာရည်ကို အိုးထဲသို့ လောင်းထည့်လိုက်၏။
သကြား၏ အချို၊ အသားနံ့နှင့် ရှာလကာရည်၏ အချဉ်နံ့တို့ ပေါင်းစပ်သွားသောအခါ အလွန် စွဲမက်ဖွယ်ရာကောင်းသော ရနံ့က ထွက်ပေါ်လာတော့သည်။
ဆုယောင်က အိုးထဲမှ ဝက်နံရိုးများ ကောင်းစွာ နှံ့စပ်သွားသောအခါ မီးကို ပိတ်ပြီး ပန်းကန်ထဲသို့ ပြောင်းထည့်လိုက်သည်။
ထို့နောက် တူကို ကိုင်ကာ ဝက်နံရိုး တစ်တုံးကို ယူပြီး စုန့်ရန်၏ ပါးစပ်နားသို့ ပို့ပေးလိုက်၏။
စုန့်ရန်၏ ဟင်းမြည်းနိုင်စွမ်းမှာ အလွန်တော်သဖြင့် ဆုယောင်က သူမ၏ ဟင်း အခြေအနေကို သိချင်သောကြောင့် အခြားသူများ၏ အမြင်ကိုပင် ဂရုမစိုက်ဘဲ စုန့်ရန်ကို ခွံ့ကျွေးလိုက်သည်။
ဆုယောင်တို့၏ လှုပ်ရှားမှု အကုန်လုံးကိုလည်း ဘေးနားမှ ပီဒီက အကုန် မှတ်တမ်း တင်ထားခဲ့၏။
စုန့်ရန်က ဆုယောင် ခွံ့ကျွေးသော ဝက်နံရိုးကို သေချာ ဝါးပြီး သုံးစက္ကန့်ကြာသောအခါ အရိုးကို ပြန်ထုတ်လိုက်သည်။
"နောက်တစ်ခု ထပ်ကျွေးဦး။ သေချာ အရသာ မရသေးလို့"
ဆုယောင်က ယုံကြည်ပြီး ဝက်နံရိုး နောက်တစ်ဖတ်ကို စုန့်ရန်၏ ပါးစပ်ထဲသို့ ထည့်ပေးလိုက်သည်။
လော်ရိန်းကလည်း ဆုယောင်နှင့် စုန့်ရန်တို့ကို ဘေးနားမှ ကြည့်ပြီး ပြုံးနေတော့၏။
...…….................................
.........................................
အပိုင်း (၁၈) ပြီးပါပြီ။