Chapter128
Yamin AungOctober 02, 2023
အပိုင်း(၁၂၈)လူတစ်ယောက်က စစားလိုက်သဖြင့် ကျန်သည့် ဧည့်သည်များကပါ လိုက်စားကြတော့သည်။
မရွေးမုန့် ထည့်ထားသောဘူးက ဧည့်သည်များဆီသို့ တစ်ပတ်လည်သွားပြီး ဆုယောင်၏ လက်ထဲသို့ ပြန်ရောက်လာသောအခါ ပုလင်းအောက်ခြေ၌ မုန့်တစ်ခုသာ ပြန်ပါလာတော့သည်။
ဗီဒီယိုကို ကြည့်၍ ဝမ်းနည်းနေသော လေထုက ပျောက်ကွယ်သွားပြီး စတူဒီယိုတစ်ခန်းလုံးတွင် မရွေးဝါးနေသံများကိုသာ နားထောင်နေခဲ့ရသည်။
မရွေးမုန့်က ချို၍ ကိုက်လိုက်လျှင် အနံ့အရသာနှင့် ပြည့်စုံပြီး အရသာရှိသဖြင့် ကင်မရာနောက်ကွယ်မှ ဝန်ထမ်းများပင် သွားရည်ကျလာကြတော့သည်။
"ဦးလေးရဲ့ လက်ရာက တကယ်ကောင်းတယ်"
မျက်ရည်လွယ်သော ကောင်မလေး၏ နာမည်က လီထုံဖြစ်ပြီး သူမ၏ လက်ထဲတွင် မရွေးမုန့် သုံး၊လေးခု
ကို ကိုင်ကာ ပျော်ပျော်ပါးပါး စားနေခဲ့သည်။
ဆုယောင်က မုန့်ဘူးတစ်ခုလုံးကို သူမ၏ လက်ထဲသို့ ထည့်ပေးလိုက်ပြီး "ကြိုက်ရင် များများစား။ ဟိုမှာ ပဲအချိုမုန့်တစ်ဘူး ရှိသေးတယ်။ စားကြည့်ဦး" ဟုပြောလိုက်သည်။
ဤသို့ဖြင့် သရေစာမုန့်နှစ်ဘူးက ပျော်ရွှင်စွာ စားသုံးခြင်းကို ခံရတော့သည်။
မရွေးမုန့် အရသာက ကောင်းမွန်သလို ပဲအချိုမုန့်၏ အရသာကလည်း ကောင်းမွန်လှသည်။
ပဲအချိုမုန့်က ကြွပ်ရွပြီး ကိုက်လိုက်လျှင် ချိုမြိန်ကာ သကြားထဲတွင် အစေ့အဆန်အမျိုးမျိုး မြှုပ်နှံထားသော အရသာက အလွန်ကောင်းမွန်နေသည်။
အရှေ့ပိုင်းတွင် ပြောထားသကဲ့သို့ စတူဒီယို တစ်ခုလုံး၌ ဝမ်းနည်းနေသော လေထုက ပျောက်ကွယ်သွားကာ ဆုယောင်၏ စနက်ကြောင့် နှစ်သစ်ကူးမုန့်များ အကြောင်းဘက်သို့ ပြောင်းဆွေးနွေးနေကြတော့သည်။
ထို့ကြောင့် အစီအစဉ် တင်ဆက်သူက မနေနိုင်တော့ဘဲ "ဟုတ်တယ်။ နှစ်သစ်ကူးရောက်တော့မှာ ဆိုတော့ စုံတွဲတိုင်း ဒီလိုမျိုး ဖြစ်ကြမှာပဲ။ ဖိအားကလည်း မသေးလောက်ဘူး။ ဒါဆို ဗီဒီယို မြန်မြန်ဆက်ကြည့်ကြတာပေါ့" ဟုထပြောလိုက်သည်။