အပိုင်း (၃၅) အကင်မျိုးစုံ
"ဟိုလူတွေက ဘယ်ကရောက်လာတာလဲ ဒဲရက်။ သူတို့ လုပ်တာနဲ့ ငါတို့ ဆိုင်ကို စိတ်မဝင်စားကြတော့ဘူး။ အကင်တွေတောင် အေးကုန်ပြီ"
ဟာအို၏ မျက်လုံးများက လူအုံနေသော ဆုယောင်တို့၏ နေရာကို ကြည့်ကာ မနာလို ဖြစ်နေခဲ့သည်။
လေထုထဲတွင်လည်း အကင်နံ့များက ပျံ့လွင့်နေခဲ့၏။
သူတို့ ဆိုင်မှ ကင်ထားသော အကင်များကို ငုံ့ကြည့်လိုက်ရင်း ဟာအိုက မကျေမချမ်း ဖြစ်နေခဲ့သည်။
ထိုအကင်ချောင်းများက တစ်ချောင်းလျှင် ယူရို (၅၀) တန်သဖြင့် မျက်စိ တစ်မှိတ်အတွင်း ယူရို ခြောက်ရာ၊ ခုနှစ်ရာ ဆုံးရှုံးသွားရသောကြောင့် ဟာအိုက နှမြောတသ ဖြစ်နေခဲ့၏။
အကင်ကင် ပေးရသော ဝန်ထမ်းက မော့ကြည့်လိုက်ကာ "သူတို့ အကင်က တကယ် စားကောင်း
တယ်။ ဒါမှမဟုတ် ကျွန်တော်တို့ အကင်ကို ဈေးလျှော့ရောင်းလိုက်ရင်ရော" ဟု ပြောလိုက်သည်။အကင်တစ်ချောင်း (၅၀) ယူရိုမှာ ဧည့်သည်များပင်မဆိုနှင့် ဝန်ထမ်း ကိုယ်တိုင်ပင် လက်မခံနိုင်သောကြောင့် ဖြစ်၏။
ထိုအခါ ဟာအိုက မျက်လုံးပြူးပြီး "ဘာကွ၊ ဈေးလျှော့ရမယ် ဟုတ်လား။ မင်း ငါ့ကို နောက်နေတာလား" ဟုပြောလိုက်သည်။
ဟာအိုက ဈေးလျှော့ရောင်းမည့်အစား အသားများကိုသာ အလဟဿ အဖြစ်ခံမည် ဖြစ်၏။အကြောင်းမှာ ရှိပြီးသား ဈေးကို တင်ရောင်းရသည်က လွယ်ကူသော်လည်း ချလိုက်သော ဈေးကို ပြန်တင်ရောင်းရသည်မှာ မလွယ်ကူသောကြောင့် ဖြစ်သည်။
ထို့အပြင် ဟာအိုက စခန်း၏ အစားအသောက်ဈေးနှုန်းများကို ကိုင်တွယ် ထိန်းချုပ်ထားသူ ဖြစ်သဖြင့် အခြားအဖွဲ့က ဈေးကွက် လုယူသွား
သောအခါ မကျေမနပ် ဖြစ်နေခဲ့၏။
ထို့ကြောင့် ဆုယောင်တို့၏ အဆက်မပြန် မီးတောက်နေသော မီးသွေး မီးကို ကြည့်ကာ "နေဦး။ မီးသွေး ဈေးကို နှစ်ဆတင်လိုက်မယ် ဆိုရင်ရော။ ဒါဆို သူတို့ဆီက ပိုက်ဆံ ပြန်ရပြီပေါ့" ဟု ပြောလိုက်သည်။
ထိုအခါ ဝန်ထမ်းက မအံ့ဩတော့ဘဲ "သူတို့က တရုတ်က လာတဲ့ ရိုက်ကူးရေး အဖွဲ့နော်။ ကင်မရာတွေနဲ့ ရိုက်နေကြတာကို အဲ့လို လုပ်ချင်တာ သေချာရဲ့လား" ဟု ပြန်မေးလိုက်၏။