အပိုင်း (၆၃) ချိစ်ဟော့ဒေါ့
သန်းခေါင်ယံအချိန် အိမ်သို့ အပြေးအလွှား ပြန်လာခဲ့ချိန်တွင် စုန့်ရန်က အဘိုး၊ အဘွား နှစ်ယောက်၏ စစ်မေးခြင်းကို ခံနေရသည်။
နူးညံ့၍ သဘောထားကြီးသော အဘိုးဖြစ်သူက သိပ်မမေးသော်လည်း စုန့်ရန်၏ မျက်နှာကို ကြည့်ပြီး အကဲခတ်နေခဲ့သည်။
စိတ်ကြီးပြီး ထက်မြက်သော အဘွားဖြစ်သူကမူ သတင်းရရှိထားသော်လည်း မသိချင်ယောင်ဆောင်ပြီး မေးမြန်းနေခဲ့သည်။
သို့သော် စုန့်ရန်က ထိုစကားများကို ကြားပြီးနောက်ပိုင်းတွင် သူ့ကို စောင့်ကြည့်နေခဲ့သည့် အကြောင်းကို သိရှိသွားသည်။
"အဘွား ကျွန်တော့်ကို ကယ်ခဲ့တဲ့ ကောင်မလေးက ဒီတိုင်း သာမန်မိတ်ဆွေပဲ။ ခရီးတူတူ ထွက်လာခဲ့တဲ့ မိတ်ဆွေ"
"အဘွားကို မလိမ်နဲ့နော်။ အဲ့ကောင်မလေးက မင်းနဲ့ အရင်ကလည်း ရှိုးတစ်ခု တူတူရိုက်ခဲ့ဖူးတယ်လို့ အဘွားကြားတယ်"
"အဟွတ် အဟွတ်! အဲ့ဒါ တိုက်ဆိုင်သွားတာပါ"
"ဟုတ်လို့လား။ အဘွားမယုံဘူး"
Margaret ၏ ပြာလဲ့လဲ့ မျက်လုံးများတွင် သံသယအပြည့်ဖြစ်နေခဲ့သည်။
စုန့်ရန်က သူ့ကို ဂရုစိုက်ပြီး လိုက်လံစုံစမ်းသည့် အကြောင်းကို နားလည်သော်လည်း ဆုယောင်အကြောင်း စုံစမ်းထားသည်ကို ရိပ်မိသွားသောအခါ အဆင်မပြေ ဖြစ်သွားတော့သည်။
"တကယ်ပြောတာ အဘွား။ အရမ်း မတွေးပါနဲ့။ ဒီတစ်ခေါက် ကျွန်တော် ရေထဲကို ကျသွားတာ သူ့ကြောင့် အဆင်ပြေသွားတာ။ ကျွန်တော် သူ့ကို တခြားနည်းလမ်းနဲ့ ကျေးဇူးပြန်ဆပ်လိုက်ပါ့မယ်" ဟု စုန့်ရန်က မျက်နှာတည်တည်ဖြင့် ပြောလိုက်သည်။
"နောက်ကျနေပြီဆိုတော့ အဘွားလည်း စောစော အနားယူတော့လေ။ နောက်ကျတဲ့အထိ မနေနဲ့"