Chapter 93
Yamin AungSeptember 17, 2023
အပိုင်း (၉၃) ခြင်္သေ့ခေါင်း အသားလုံးနှပ်ဆုယောင်၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ဆုယွဲ့က စိတ်အေးသွားခဲ့သည်။
"နောက်တစ်ခေါက် မျက်လုံးထဲ မျက်တောင်ဝင်သွားရင် ညီမလေးကိုပဲ ခေါ်လိုက်နော် မမ။ မမခေါ်တာနဲ့ လုံးဝ နောက်မကျစေရဘဲ ရောက်လာခဲ့မယ်"
"အိုကေ"
ဆုယောင်က အိပ်ခန်းထဲမှ ပြန်ထွက်လာပြီးနောက် ပုံမှန်မျက်နှာ အမူအရာဖြင့် စုန့်ရန်ကို မျက်နှာချင်းဆိုင်လိုက်သည်။
ထို့နောက် အစီအစဉ်ကို တည်းဖြတ်ထားမှုက ကောင်းမွန်ပြီး ပြဿနာ တစ်စုံတစ်ရာ မရှိဟု ပြုံးကာ ပြောလိုက်သည်။
စုန့်ရန်၏ အမူအရာကလည်း ပုံမှန်အတိုင်း ဖြစ်နေသော်လည်း မျက်လုံးများက မည်းနက်နေခဲ့သည်။
ထို့နောက် စုန့်ရန်က မတ်တတ်ထရပ်ပြီး ကုမ္ပဏီတွင် အရေးကြီး ကိစ္စလုပ်စရာရှိသည်ဟု အကြောင်းပြကာနှုတ်ဆက်၍ ထွက်သွားတော့သည်။
ဆုယောင်က စုန့်ရန်ကို နှုတ်ဆက်ရန်အတွက် ဓာတ်လှေကားအထိ လိုက်ပို့ပေးလိုက်သည်။
"တင်း တောင်!"
ဓာတ်လှေကားတံခါးက ပွင့်လာသောအခါ စုန့်ရန်က ဓာတ်လှေကားထဲသို့ ဝင်သွားသည့် ပုံစံ ဟန်ဆောင်လိုက်ပြီး ဓာတ်လှေကား တံခါးပြန်ပိတ်တော့မည့် အချိန်တွင် လက်ထုတ်၍ ပြန်ဖွင့်လိုက်သည်။
ထို့နောက် ဓာတ်လှေကားထဲမှ ပြန်ထွက်လာကာ ဆုယောင်၏ နဖူးကို ငုံ့နမ်းလိုက်ပြီး "ကိုယ် အတည်ပြောတာနော် ဆုယောင်။ မင်းကိုယ့်ကို စဉ်းစားပေးနိုင်မလား" ဟု ပြောလိုက်သည်။
ဆုယောင်၏ နဖူးတွင် ပူနွေးပြီး နူးညံ့သည့် အထိအတွေ့ကို ခံစားလိုက်ရ၍ ဆုယောင်က ထိတ်လန့်သွားကာ မတုံ့ပြန်နိုင်ခဲ့ပေ။