Chapter 82
Yamin AungSeptember 05, 2023
အပိုင်း (၈၂) ကြက်သားမျှင် ခေါက်ဆွဲပြုတ်တံခါးဖွင့်လိုက်သောအခါ မိသားစု သုံးယောက်က မြင်ကွင်းထဲသို့ ဝင်လာခဲ့သည်။
ဆုယောင် အဖေ၏ နာမည်က ဆုကျန်းဖြစ်၍ (၅၂) နှစ် အရွယ်ရှိနေပြီ ဖြစ်သည်။
မျက်နှာကမည်းပြီး နှာရောင်ကောက်ကောက်နှင့် အရပ်က (၁၇၀) စင်တီမီတာခန့် ရှည်ကာ ဘီယာဗိုက်နှင့် ချွေးများစိုရွှဲနေသည်။
ဆုယောင် အမေ၏ နာမည်က ဟဲချွီလန်ဖြစ်၍ (၄၈) နှစ်အရွယ် ရှိနေပြီ ဖြစ်သည်။
အရပ်ကပုကာ ပိန်ပိန်ပါးပါးနှင့် မျက်နှာက မကြည်မလင် ဖြစ်နေသည့် ပုံစံဖြင့် "ဆုယောင် နင်က အသက်ကြီးလာပြီဆိုတော့ အတောင်တွေ စုံနေပြီလို့ ထင်နေတာလား။ ငါတို့ လေဆိပ်ကနေ နင့်ကို ဖုန်းဘယ်နှစ်ကြိမ်လောက် ခေါ်ခဲ့ရလဲသိလား။ နင်ဘာလို့ ဖုန်းမကိုင်တာလဲ" ဟု ဆူပူလိုက်သည်။
"တောင်းပန်ပါတယ် အမေ။ သမီးဖုန်းကို အသံပိတ်ပြီး အိပ်ပျော်သွားလို့ပါ"
ဆုယောင်က ထိုသို့ ပြန်ဖြေလိုက်ပြီး လင်မယားနှစ်ယောက်၏ မျက်နှာကို အကဲခတ်နေလိုက်သည်။
နောက်ဆုံး ထိုနှစ်ယောက်၌ သူမနှင့် တူညီသည့် နေရာကို ရှာမတွေ့ခဲ့ချေ။
ဟဲချွီလန်က ခရီးဆောင်အိတ်ကို ပစ်ချပြီး ဆိုဖာပေါ်တွင် ပစ်ထိုင်လိုက်ကာ အိမ်ထဲသို့ ဝေ့ဝဲကြည့်လိုက်သည်။
ထို့နောက် အိတ်နှင့် ဖိနပ်ထားသည့်စင်ကို တွေ့လိုက်သောအခါ ချက်ချင်းထပြီး ထိုနေရာသို့ လျှောက်သွားလိုက်ကာ "ငါနင်နဲ့ နှစ်ဝက်လောက် မတွေ့ရတာကို နင့်မှာ အိတ်အသစ်တွေ ရောက်နေပါလား။ ငါ့မှာ ကိုင်စရာ အိတ်မရှိတော့တာနဲ့ အတော်ပဲ။ ငါ့ကို တစ်အိတ်လောက်ပေးစမ်း" ဟုပြော၍ အလှဆုံးအိတ်ကို ယူလွယ်လိုက်သည်။
ဟဲချွီလန်က ဆုယောင်၏ ခွင့်ပြုချက်ကိုပင် မတောင်းတော့ဘဲ သူမသဘောနှင့် သူမ ဆုယောင်၏ အိတ်များ၊ ဖိနပ်များကို ယူဝတ်နေတော့သည်။
သို့သော် ဖိနပ်ဆိုဒ်က မတော်သဖြင့် ဈေးအကြီးဆုံးဟု ထင်ရသော ဖိနပ်တစ်ရံကို ရွေးလိုက်ကာ "ငါဒီဖိနပ်ယူမယ်။ ငါ့ဆိုဒ်နဲ့ သွားလဲပေး" ဟု ပြောလိုက်သည်။