အပိုင်း (၅) ဆု စတိုင် ရှောင်လောင်းစွတ်ပြုတ်
မြေအိုးထမင်းပွဲ အေးသွားသည်အထိ ဆုယောင်ငေးငိုင်နေခဲ့သည်။ အနာဂတ်တွင် ဆက်လုပ်ရမည်များကို တွေးလိုက်လျှင် သူမ ခေါင်းခဲလာလေသည်။
ဆုယောင်ကဲ့သို့ ဂုဏ်ပကာသနများကို ပိုင်ဆိုင်ခဲ့ဖူးသော်လည်း အဆုံးသတ်တွင်မူ မွဲပြာကျသွားသည်သာ အဖတ်တင်၏။ ချမ်းသာသော မမလေးအသွင်ယူရန်အတွက် သုံးဖြုန်းခဲ့ရသော စရိတ်များကလည်း မနည်းလှပေ။ နှစ်ပေါင်းများစွာ ထိုသို့ ဟန်ဆောင်လာပြီးနောက်တွင်မူ သူမ မွဲပြာကျသွားရသည်က ဆန်းသည့်ကိစ္စတော့ မဟုတ်။ တရားသဖြင့် စဉ်းစားကြည့်လျင် ဖြစ်သင့်သည် အရာပင် ဖြစ်သည်။
ဆုယောင်သည် မွဲပြာကျသွားရုံသာမက အကြွေးတချို့လည်း ရှိနေသေးသည်။ ကာရီအား ပေးရမည့် အကြွေးကပင် ယွမ် တစ်သောင်းကျော်မှ ရှိပြီး ထိုငွေပမာဏနှင့်ဆိုလျှင် သူမသည် လမ်းဘေးစားသောက်ဆိုင်လေး တစ်ဆိုင်တော့ ကောင်းကောင်းဖွင့်နိုင်မည်က သေချာလေသည်။
ဆုယောင်က အတွေးများနှင့် အာရုံများနေစဉ်မှာပင် "ချိုချို စပ်စပ် ငန်ငန်လေး" ရှိုးအကြောင်းအား အာရုံ ရောက်သွားတော့၏။ သူမသည် မနေ့က လောင်ခမ်း၏ ကမ်းလှမ်းမှုအား ငြင်းဆန်လိုက်သည့်အတွက်ကြောင့် သူမ၏ ရှိုးတွင် ပါဝင်ရသော လုပ်အားခအား လောင်ခမ်းက မပေးဘဲနေကာ ဖြတ်စားထားမည်ကို စိုးရိမ်မိသွားသည်။ မဖြစ်ဘူး... ငါ့ရဲ့ ချွေးနည်းစာလေးတွေ ...
လစာအကြောင်း စဉ်းစားမိသွားသောအခါတွင်မူ ဆုယောင်သည် ကုမ္ပဏီသို့ သွားကာ နည်းလမ်း ရှာရန် ဆုံးဖြတ်လိုက်တော့သည်။
ကုမ္ပဏီတွင်မူ တစ်ဦးတစ်ယောက်ချင်းစီအတွက် သီးသန့်ပေးထားသော ကိုယ်စားလှယ် မရှိပေ။ အားလုံးပေါ်တွင် လွှမ်းမိုးမှု ရှိသော အလုပ်အမှုဆောင် ဟွားသည်ကသာ အလုံးစုံအား အလျင်သင့်သလို စီမံခန့်ခွဲပေးခြင်း ဖြစ်သည်။ သို့သော်လည်း သူသည်က ကုမ္ပဏီရှိ အနုပညာရှင် တစ်ဦးချင်းစီ၏ ကိစ္စဝိစ္စများကို လိုက်ကာ ဆောင်ရွက်ပေးနေသည်တော့ မဟုတ်ချေ။ သူ၏ လက်အောက်တွင်ရှိသော တိုက်ကျောက် ဟု ခေါ်သည့် အမျိုးသမီးက ဆောင်ရွက်ပေးခြင်း ဖြစ်သည်။
တိုက်ကျောက်သည် အမြင်နှင့် အမည်အရ ပျော့ပြောင်းနူးညံ့သော အမျိုးသမီးဟု ထင်ရသော်လည်း အရည်မပျော် ဘွာမခေါ်သည့် ဒေါင်ဒေါင်မြည် သံမဏိ အမျိုးသမီး ဖြစ်ကာ အသည်းအလွန်မာသူ ဖြစ်၏။ ဆုယောင်၏ မှတ်ဉာဏ်များ အရဆိုလျှင်မူ သူမသည် သူမ၏ တာဝန်နှင့် ဝတ္တရားကို ကောင်းစွာ နားလည်ပြီး လုပ်ပိုင်ခွင့်ကို ကောင်းစွာ အသုံးချကာ အနုပညာရှင်များအား ကောင်းစွာ ကာကွယ်ပေးတတ်သူ ဖြစ်သည်။ သို့သော်လည်း မူလကိုယ်ပိုင်ရှင်နှင့်က အစေးမကပ်ပေ။ ကောင်းလှပေစွ။
နောက်တရက် မနက် ရှစ်နာရီတွင် ဖြစ်သည်။
ဆုယောင်သည် ကုမ္ပဏီသို့ အိတ်တစ်လုံးကို ဆွဲကာ ပေါက်ချလာလေသည်။ ဧည့်ကြိုကောင်တာတွင် ထိုင်နေသော မိန်းကလေးက ဆုယောင်အား မြင်သောအခါတွင်မူ အံဩတကြီး မျက်နှာနင့် နှုတ်ဆက်လာ၏။
"မင်္ဂလာပါ ...အစ်မ ဆုယောင်"
ဆုယောင်က ထိုမိန်းကလေးအား ပြန်လည်ပြုံးပြကာ နှုတ်ဆက်လိုက်သည်။
"ကောင်းသော နံနက်ခင်းပါနော်"
နှုတ်ဆက်ပြီးနောက်တွင်မူ ဆုယောင်သည် ဓါတ်လှေကားစောင့်နေလိုက်လေသည်။
အဝင်ခန်းမတွင် ရှိနေသော လူတိုင်းကမူ ဆုယောင်၏ နှုတ်ဆက် စကားကြောင့် စကားပင် မပြောနိုင်ကြတော့ပေ။ အံဩတကြီးနှင့်သာ ငေးကြောင်ကာ နေရစ်ခဲ့ကြ၏။ နေက အနောက်ရပ်မှ ထွက်ကာ ပင်လယ်ရေများ ကောင်းကင်တွင် စီးနေသည့်အလားပင်။ သူတို့ ကုမ္ပဏီ၏ မဖြစ်စဖူး အဖြစ်ထူးကြီးက ယနေ့တွင် ဖြစ်သွားခဲ့လေပြီ ဖြစ်သည်။ ထီပင် ပြေးထိုးရမည်လား။ ဘာပင် ပြေးလုပ်လိုက်ရမည်လား မသိတော့ပေ။
"သူက နာမည်ကျသွားပြီး ပရိတ်သတ် မရှိတော့လို့ ပြန်နှုတ်ဆက်သွားတာလား မသိဘူးနော်။ အရင်ကဆို ဘယ်လောက်တောင် မာနကြီးလိုက်လဲ"
လူတိုင်းကလည်း ဆုယောင်အား ကြည့်ကာ ကိုယ်စီ ကိုယ်စီ ရင်ထဲတွင် အတွေးများအသီးသီး ရှိကြသော်လည်း ထုတ်မပြောကြပေ။ နာမည်ကျပြီးနောက်ပိုင်းတွင် မာန်မာနများ ကျသွားသည်က ဖြစ်သင့်သည့် ကိစ္စဟု လူတိုင်းက ယူဆကြ၏။
ဆုယောင်ကမူ ဓါတ်လှေကား စောင့်နေရင်းမှပင် သူမအား ပြောနေကြသည်များကို ကြားသော်လည်း ဥပေက္ခာသာ ပြုနေလိုက်တော့သည်။ တုံပြန်မနေချင်တော့ပေ။ ဓါတ်လှေကားရသောအခါတွင်မူ တိုက်ကျောက်၏ ရုံးခန်းသို့သာ တည့်တည့်မတ်မတ် သွားလိုက်တော့သည်။
"ဒေါက်....ဒေါက်....ဒေါက် "
"ဝင်လာခဲ့ပါ"
ဆုယောင်သည် တံခါးကို တွန်းဖွင့်ကာ ဝင်လိုက်ပြီး သာယာ နာပျော်ဖွယ် ခေါ်လိုက်၏။
"မမ ကျောက်ကျောက်"
တိုက်ကျောက်သည် ဆယ်နာရီတွင် ရှိသော အစည်းအဝေးတွင် တင်ပြရမည့် အချက်အလက်များကို စုစည်းနေသည်ဖြစ်ပြီး ရုတ်တရက် ရောက်လာသော ဧည့်သည်တော်ဖြစ်သူကြောင့် လန့်ပင် လန့်သွားလေသည်။
"နင်က ဒီကို ဘာလာလုပ်တာလဲ။ ငါ့ကို ဘာလာပြီး ဒုက္ခပေးချင်လို့လဲ"
"ဟင် .....ဆုဆုက ဒီကို မရောက်တာ ကြာလှပြီမို့ လာခဲ့တာပါ"
"ငါ့ကို ထူးထူးဆန်းဆန်းတွေ ပြောမနေနဲ့။ နင်က ငါ့ရုံးခန်းကို လာရမယ့်သူ မဟုတ်ဘူး။ လောင်ခမ်း ရုံးခန်းကို သွားရမယ့်သူ"
ဆုယောင်ကမူ တိုက်ကျောက်၏ စကားကြောင့် နှုတ်ခမ်းအား ဆူလိုက်ကာ ပြောလိုက်၏။
"ဟင့်အင်း ..မသွားချင်ပါဘူး။ အစ်ကို ခမ်းနဲ့ အဆင်မပြေတာတွေ ရှိပါတယ်ဆို။ ပြီးတော့ ကုမ္ပဏီက အနုပညာရှင် အာလုံးကလည်း မမ ကျောက်ရဲ့ စောင့်ရှောက်မှုနဲ့ မကင်းကြဘူးလေ"
ဆုယောင်က စကားလှလှလေးများနှင့် သိမ်းသွင်းနေသော်လည်း တိုက်ကျောက်ကမူ ပျော်ဝင်သွားပုံ မပေါ်ပေ။
"ဆုယောင် ...ကုမ္ပဏီက အနုပညာရှင်ဆိုတိုင်း ကိစ္စအကုန်လုံးကို ငါ ထိန်းပေးနေတာ မဟုတ်ဘူး။ နင်လည်း နင့်ရဲ့ အေးဂျင့်ကို နင်ကိုယ်တိုင် စိတ်ကြိုက်ရွေးထားတာပဲ။ အဲ့တော့ ဖြစ်လာတဲ့ အကျိုးဆက်တွေကိုလည်း ကိုယ်တိုင်ခံပေါ့။ လူရွေး မှားမှာ အခုမှ ကြောက်နေရင်လည်း အဲ့တာက နင် ရွေးထားတာပဲလေ"
တိုက်ကျောက်က ပြောနေရင်းနှင့်ပင် ဒေါသထွက်လာသည်ကို မြင်သောအခါတွင်မူ ဆုယောင် စကားလမ်းကြောင်းအား အမြန်ပင် လွဲလိုက်တော့သည်။
"မမ ကျောက်...မမကျောက်က အမြဲလိုလို အလုပ်များတဲ့သူဆိုတော့ အစားကို သေချာဂရုစိုက်ပြီး မစားဖြစ်ဖူး မို့လား။ ကျွန်မလည်း မနက်စာ မစားရသေးလို့ အတူတူ စားဖို့ မနက်စာ အပိုထည့်လာခဲ့တယ်။ အဲ့တာ စားလိုက်ပါဦး"
ဆုယောင်က စကားဆုံးသည်နှင့် အိတ်ကို ဖွင့်ကာ အထဲတွင် ထည့်လာခဲ့သော မုန့်ဘူးများကို ထုတ်လိုက်သည်။
တိုက်ကျောက်ကမူ မျက်နှာပြောင်တိုက်နေသော ဆုယောင်ကြောင့် မျက်ဖြူပင် လန်နေလေပြီ။ နင်နဲ့ မပတ်သက်ချင်ဘူးလို့ ပြောနေတာလေ။ နင်က မနက်စာတောင် အတူ စားဦးမတဲ့လား။ နင့်ရဲ့ စကားနားလည်နိုင်စွမ်းက ပြောင်းပြန် ဖြစ်သွားပြီလား။
တိုက်ကျောက်ကမူ ဆုယောင်အား လေဟုပင် သဘောထားကာ အလုပ်သာ ဆက်လုပ်နေလေတော့သည်။ ဆုယောင်ကမူ ယူလာသော မုန့်ဘူးများအား တစ်ခုချင်း ဖွင့်လိုက်၏။ ရှောင်လောင်း စွတ်ပြုတ် ဖက်ထုတ်ပေါင်း ၏ အနံ့က ချက်ချင်းဆိုသလိုပင် အခန်းတွင်း လှိုက်တက်လာပြီး တိုက်ကျောက် တံတွေးပင် မြိုချမိတော့သည်။ အလွန်ပင် သဘောကျသော အစားအသောက်ပေမို့ အနံ့ရလိုက်သည်နှင့်ပင် အစာအိမ်က ဆန္ဒပြလာ၏။
"မမကျောက် က စူကျုံးသူဆို။ ရှောင်လောင်းစွတ်ပြုတ်ကို ခံတွင်းတွေ့မှာပေါ့။ လာစားကြည့်ပါဦး"
ဆုယောင်သည် စွတ်ပြုတ် ဖက်ထုတ်ပေါင်းအား တိုက်ကျောက် ရှေ့သို့ တိုးပေးလိုက်ပြီး စားပွဲပေါ်ရှိ ကော်ဖီအေး ခွက်ကို ယူလိုက်သည်။ ထို့နောက်တွင်မူ တူအား ခွဲကာ ပေးလိုက်၏။ ထို့နောက်တွင်မူ အပူခံ ခွက်အား ဖွင့်ကာ စားပွဲပေါ်သို့ တင်ပေးလိုက်သည်။
"ကော်ဖီအေးက လူကို လန်းဆန်းစေတယ်ဆိုပေမယ့် အရမ်းကြီး သောက်လွန်းရင်လည်း ကျန်းမာရေးအတွက် မကောင်းဘူးရယ်။ ပဲနို့ပူပူလေးက အစာအိမ်အတွက် ပိုကောင်းစေတယ်။ အစာအိမ်လေး နွေးသွားစေတာပေါ့။ မြည်းကြည့်ပါဦး"
တိုက်ကျောက်သည် ခဏမျှ တွေဝေနေသေးသော်လည်း နောက်ဆုံးတွင်မူ တူကို ယူကာ စတင်စားလိုက်လေသည်။ သူမသည် လွန်ခဲ့သော နှစ်နှစ်ခန့်ကပင် အလုပ် အလွန်များကာ အစားအသောက်အား အချိန် မပေးနိုင်ခဲ့ပေ။ အသင့်စား အစားအစာများနှင့်သာ နှစ်ပါးသွားခဲ့သည်က ကြာပြီ ဖြစ်လေသည်။ ထို့ကြောင်ပင် ပူပူလောလော အစားအသောက်များကို မြင်သောအခါတွင်မူ မစားသင့်သည်ကို သိသော်လည်း မနေနိုင်တော့ပေ။ နောင်ကိစ္စ နောင်ရှင်းပင်။
တိုက်ကျောက်သည် သူမ၏ ရှေ့တွင် ရှိနေသော စွတ်ပြုတ်ကို တစ်ဇွန်းခပ်ကာ မြည်းကြည့်လိုက်၏။ စွတ်ပြုတ်အရသာက ပေါ့ပါးကာ ဖက်ထုတ်ထဲတွင်လည်း အရည်များက ရွှမ်းစိုနေသည်။ ထို့အပြင် အသားကလည်း နူးအိကာ အရည်နှင့် တွဲဖက်လိုက်သောအခါတွင်မူ မြိုချရမည်ကို နှမြောစဖွယ်ကောင်းသည့် အရသာ ဖြစ်လာလေသည်။ တိုက်ကျောက် စိတ်ကျေနပ်မှုကြောင့် ခေါင်းပင် တဆတ်ဆတ်ငြိမ့်ကာ မရပ်မနား စားနေမိတော့သည်။
လျှာပေါ်သို့ ဖက်ထုပ်တင်လိုက်သည်နှင့် အရသာသုံးဆင့်ကို ခံစားရသည်။ ပထမဆုံးအနေနှင့် ချိုမြသော ဂျုံအလွှာ အရသာကို ရကာ သူ့ နောက်တွင်မူ အဆီရွှမ်းကာ ချိုနှစ်သော အသား၏ ချိုစိမ့်ဓါတ်က ပြန့်တက်လာလေသည်။ နောက်ဆုံးအနေနှင့်မူ ပေါ့ပါးကာ ခံတွင်းရှင်းစေသော စွတ်ပြုတ်အရသာက လိုက်လာကာ လျှာပေါ်ရှိ အာရုံခံနာမ်ကြောများ အားလုံးကို မင်းမူသွားတော့သည်။ ဤသည်အား ညွှန်းဆိုသင့်သည် စကားလုံးက တစ်ခုသာ ရှိလေသည်။ "သေလောက်အောင် ကောင်းသည်" ဆိုသည့် စကားလုံးပင်။
ဤစွတ်ပြုတ်သည် သူမ မသိသေးသော စားသောက်ဆိုင် အသစ်မှ ဝယ်ယူလာသည်ဟုပင် ယူဆကာ ထိုဆိုင်အား မကြာခဏ သွားစားရန် တိုက်ကျောက် တေးထားလိုက်၏။ တစ်ခါ စားလျင် ဤသို့သော စွတ်ပြုတ်မျိုးကို ရှစ်ပွဲမျှပင် ပျော်ပျော်ကြီး စားပစ်လိုက်လေဦးမည်။
ပူပူနွေးနွေး မနက်စာနှင့် ပဲနို့လေးအား သောက်ပြီးသွားသည့်အချိန်တွင်မူ တိုက်ကျောက်၏ စိတ်အခြေအနေသည် များစွာ ကြည်လင်သာယာနေပြီ ဖြစ်သည်။ တိုက်ကျောက်သည် သူ့ နှုတ်ခမ်းသူလျက်ကာ စွတ်ပြုတ်၏ လက်ကျန် အရသာကိုပင် ခံစားနေလိုက်သေးသည်။ ထို့နောက်တွင်မူ ဆုယောင်အား ပြုံးပြကာ မေးတော့၏။
"ဒီစွတ်ပြုတ် ဖက်ထုပ်ပေါင်းကို ဘယ်ဆိုင်ကနေ ဝယ်ခဲ့တာလဲ။ လိပ်စာလေး ပြောပြပါဦး။ စွတ်ပြုတ် အရသာကို သဘောကျလွန်းလို့"
ဆုယောင်ကမူ အောင်မြင်သူ အပြုံးလေး ပြုံးကာ တိုက်ကျောက်၏ မေးခွန်းကို ဖြေလိုက်သည်။
"မမကျောက် ကြိုက်တယ် ဆိုရင်တော့ ဝမ်းသာပါတယ်။ ဒီစွတ်ပြုတ်က ဆုဆု လက်ရာပါ။ ဒီရာသီက ဂဏန်းစားရတဲ့ ရာသီ မဟုတ်လို့ အရသာတောင် သိပ်မပေါ်ဘူး ဖြစ်နေတာ။ မမကျောက် သဘောကျတယ်ဆိုရင် ဂဏန်း ပေါ်တဲ့ ရာသီကျ ဆုဆု ထပ်ပြီး ချက်ကျွေးပါ့မယ်။ စက်တင်ဘာ လ ဒါမဟုတ် အောက်တိုဘာ လလောက် ဖြစ်ဖြစ်ပေါ့"
ဆုယောင်က ရှက်ပြုံးလေး ပြုံးကာ ဖြေလိုက်လေသည်။ တိုက်ကျောက်ကမူ သူမ နားကြားမှားသည်ဟုသာ ထင်နေ၏။ ဒါကို ဆုယောင် ကိုယ်တိုင် ချက်ထားတယ် ဆိုတာက အဓိပ္ပါယ်ရော ရှိလို့လား။ ဖြစ်ရော ဖြစ်နိုင်လို့လား။ မည်သို့ပင် ဆိုစေကာမူ တိုက်ကျောက်ကတော့ ဆုယောင်၏ ဖက်ထုပ် စွတ်ပြုတ်တွင် ကျရှုံးသွားပြီ ဖြစ်သည်။
လျှာဖျား တစ်ထောက်စာတွင် တိုက်ကျောက် ကျရှုံးသွားပြီ ဖြစ်လေသတည်။