Chapter133
Yamin AungOctober 02, 2023
အပိုင်း(၁၃၃)ထိုအချိန်တွင် ဆုယောင်က သူမ သိမ်းဆည်းထားသော ရတနာဓာတ်ပုံ ပေါ်သွားသည့်အကြောင်းကို မသိသေးဘဲ ရေခဲသေတ္တာထဲတွင် ဆန်မုန့်ထုပ်ကို မွှေနှောက်ရှာဖွေနေခဲ့သည်။
မိသားစုနှစ်စုက ဘေးချင်းကပ်လျက် နေနေကြသော်လည်း ကျန့်ချင်းနှင့် ဆုချန်းဝမ်တို့က စုန့်ရန်အတွက် အစားအသောက်များ ထုတ်ပိုးပေးလေ့ရှိသည်။
စုန့်ရန်က ချက်ပြုတ်နည်းကို သင်ယူနေသော်လည်း အဆင်မပြေဘဲ ဆန်ပြုတ်တစ်မျိုးတည်းကို ပေါင်းအိုးဖြင့်သာ ချက်နိုင်သည်။
ကျန်သည့်ဟင်းများက ငံသည်ကငံ၊ တူးသည်ကတူးသွားသဖြင့် နောက်ဆုံးတွင် ဆုယောင်က စုန့်ရန်ကို ဟင်းမချက်ခိုင်းတော့ပေ။
"ဆန်မုန့် ဆန်မုန့်...."
ဆုယောင်က ထိုသို့ ရေရွတ်ပြီး ရေခဲသေတ္တာထဲတွင် လှန်လောရှာဖွေနေရာ နောက်ဆုံးတွင် ဆန်မုန့်အထုပ်ကို ရှာတွေ့သွားခဲ့သည်။
ရေခဲသေတ္တာတံခါးကို ပိတ်ပြီး ပြန်လှည့်လိုက်သောအခါ အသားနံရံတစ်ခုနှင့် ဝင်တိုက်မိသွားသဖြင့် ဆုယောင်က ခေါင်းကိုမော့ကာ "စုန့်ရန် ရှင်ဘာလုပ်နေတာလဲ" ဟုမေးလိုက်သည်။
စုန့်ရန်က ရေခဲသေတ္တာ တံခါးကို လက်ထောက်ပြီး ဆုယောင်ကို ပိတ်ထားကာ ဖုန်းကိုထောင်ပြ၍ "ဒီဓာတ်ပုံက ဘယ်ကရတာလဲ ယောင်ယောင်" ဟုမေးလိုက်သည်။
"ဓာတ်ပုံဟုတ်လား။ ဘာဓာတ်ပုံလဲ"
ဆုယောင်က စုန့်ရန်၏ ငယ်ဘဝ ဓာတ်ပုံကို ရိုက်ယူထားသည့် အကြောင်းကို မေ့နေသဖြင့် ဖုန်းကို ကြည့်လိုက်သောအခါ မျက်လုံးအဝိုင်းသား ဖြစ်သွားခဲ့သည်။
"ကျွန်မ ရှင်းပြတာကို နားထောင်ပါဦး"
ဆုယောင်က စုန့်ရန် စိတ်ဆိုးသွားမည်ကို စိုးရိမ်သဖြင့် ထိုသို့ပြောလိုက်သည်။
"အင်း နားထောင်မယ်"
စုန့်ရန်က ဆုယောင်ပေးမည့် ဆင်ခြေကို သိချင်သဖြင့် နားထောင်မည်ဟု ပြောလိုက်သည်။