Chapter116
Yamin AungOctober 01, 2023
အပိုင်း (၁၁၆)ဆုယောင်က လက်ရှိရသစုံရှိုးမှ အလိုချင်ဆုံး အရာတစ်ခုကား စားသောက်ဆိုင်ဖွင့်သည့် အတွေ့အကြုံ ဖြစ်သည်။
ထို့ကြောင့် လက်ရှိအလုပ်များကို လေ့ကျင့်နေသည်ဟု သဘောထားက ဆုယောင်က အသေအချာ ကြိုးကြိုးစားစား လုပ်ကိုင်နေခဲ့သည်။
မိနစ်အနည်းငယ် ကြာပြီးနောက် ဆိီးသီးစိမ်းအနှစ် ဝက်နံရိုး ချိုချဉ်ဟင်းပွဲနှင့် ဝက်သားတိုဟူးဟင်းပွဲတို့က ရှေ့ဆင့်နောက်ဆင့် ကျက်သွားရာ ဆုယောင်က ဟင်းပွဲကို သေချာပြင်ဆင်ပြီး ဝန်ဆောင်မှုပေးသည့် ဗန်းပေါ်သို့ တင်လိုက်၍ စားပွဲထိုးကို ခေါ်သည့် ဘဲလ်ကို နှိပ်လိုက်သည်။
ထို့နောက် မကြာခင်တွင် ကျင့်ရီပေါ်၏ အသားလုံး ဟင်းချိုနှင့် အာလူးထောင်းလည်း ကျက်သွားခဲ့ရာ ကျင့်ရီပေါ်က "ဟင်းချို အဆင်သင့်ဖြစ်ပြီ စားဖိုမှူးဆု။ လာမြည်းကြည့်ပါဦး" ဟု ပြောလိုက်သည်။
ဆုယောင်က ဟင်းချိုတစ်ဇွန်းကို ယူမြည်းပြီးနောက် "ကောင်းတယ်။ အရသာ အတော်ပဲ။ ဒီဟင်းပွဲကို သွားချပေးလို့ ရပြီ" ဟုပြောလိုက်သဖြင့် ကျင့်ရီပေါ်က ကျေနပ်သွားခဲ့သည်။
.....
Jenny ဖုန်းသုံးနေသည့် အချိန်မကြာသေးခင်၌ ဟင်းပွဲများ ရောက်လာသဖြင့် Jenny ကအနည်းငယ် ကျေနပ်သွားခဲ့သည်။
ဟင်းပွဲများက တစ်ပွဲပြီး တစ်ပွဲ စားပွဲခုံပေါ်သို့ ရောက်လာပြီး ရနံ့များ မွှေးကြိုင်နေသဖြင့် Laurence က "ဘေဘီ ဖုန်းသုံးမနေနဲ့တော့လေ စားကြမယ်" ဟု ပြောလိုက်သည်။
ထိုအခါ စိတ်ဆိုးမပြေသေးသော Jenny က "တရုတ်အစားအစာ မကြိုက်ဘူးဆိုပြီး ဘယ်လိုဖြစ်ရတာလဲ။ King's House က ပူတင်းကို မစားချင်တော့ဘူးလား။ ရှင်က နေ့တိုင်း အဲ့ဆိုင်ကိုပဲ သွားချင်နေတာမဟုတ်ဘူးလား" ဟုထေ့ငေါ့ပြီး ပြောလိုက်သည်။