အပိုင်း (၂၁) ဖက်ထုပ်အိုးကပ်ကြော်
ဆုယောင်က ပြင်ဆင်လို့ ပြီးသွားသဖြင့် ဖက်ထုပ်များကို အိုးထဲသို့ အစီအရီ ထည့်ပြီး မီးဖိုပေါ်သို့ တင်လိုက်သည်။
ထိုအခါ မီးဖိုခန်းထဲတွင် ဖက်ထုပ်၏ ရနံ့များက မွှေးပျံ့လာတော့၏။
ချောင်မန်လင်းကမူ ဆီစက် စင်မည်ကို ကြောက်သဖြင့် ဆုယောင်၏ အနောက်တွင် ဝင်ပုန်းနေလိုက်သည်။
သို့သော် ဖက်ထုပ်၏ အနံ့က မွှေးပျံ့နေသဖြင့် သည်းမခံနိုင်ဖြစ်ကာ "မကျက်သေးဘူးလား။ ဘယ်တော့မှ အိုးကချမှာလဲ" ဟု မေးလိုက်၏။
ဆုယောင်က မီးကိုလျှော့ပြီး အချိန်ကို တွက်ကာ အဖုံးကို ဖွင့်ပြီး နှမ်းဖြူးလိုက်သည်။
"ရပြီ အစ်မ မန်လင်း။ အရင်ဆုံး မြည်းကြည့်မလား"
ဆုယောင်က အိုးပေါ်မှ ချလိုက်သော ဖက်ထုပ်အိုးကပ်ကြော် နှစ်ခုကို ပန်းကန်ထဲတွင် ထည့်လိုက်ကာ ချောင်မန်လင်းထံ ကမ်းပေးလိုက်၏။
"ဖြည်းဖြည်းစားနော် အပူလောင်မယ်"
"အင်း၊ ကျေးဇူးနော်"
ချောင်မန်လင်းက တူကို ယူပြီး ဖက်ထုပ်ကို ယူကြည့်လိုက်သည်။
ဖက်ထုပ်နှစ်ခု၏ ပုံစံက ထပ်တူကျလုနီးပါး တူနေပြီး ဖက်ရွက်က ပါးလှပ်နေ၏။
ချောင်မန်လင်းက ဖက်ထုပ် တစ်ခုကို တူဖြင့် ယူကိုင်လိုက်ပြီး ကြည့်လိုက်ရာ အောက်ခြေအထိ တိုးလျိုပေါက် မြင်နေရသည်။
ဖက်ထုပ်ထဲရှိ ကြိတ်ထားသော အသားနှင့် စွပ်ပြုတ်အရည်ကို တစ်လွှာချင်း မြင်နေရ၏။
ဖက်ထုပ်အလွှာက ပါးလွှာသည့်အပြင် အောက်ခြေ
က ကြွပ်ရွနေသည်။
"လှလိုက်တာ"
ချောင်မန်လင်းက ဖက်ထုပ်ကို ပါးစပ်ထဲသို့ ထည့်လိုက်သောအခါ အောက်ခြေတွင် ကြွပ်ရွပြီး အပေါ်ယံမှ နူးညံ့သည့် အရသာကို ခံစားမိလိုက်၏။
ထို့အပြင် အတွင်းပိုင်းမှ စွပ်ပြုတ်ရည်များကလည်း ကိုက်လိုက်သည်နှင့် ထွက်လာတော့သည်။
သို့သော် ချောင်မန်လင်းက ဆုယောင် သတိပေးထားသည့်ကြားမှ အပူလောင် ဖြစ်အောင် လောင်သွားသေး၏။
ထို့ကြောင့် ပါးစပ်ကိုဟကာ အပူများကို မှုတ်ထုတ်နေတော့သည်။
ဆုယောင်က ဒုတိယအိုးကို ထပ်တင်ထား၍ အလုပ်များနေရာမှ တစ်ဖက်သို့ လှည့်ကြည့်လိုက်ရာ အပူလောင်နေသော ချောင်မန်လင်းကို တွေ့သွားပြီး
ရေအေး တစ်ခွက်ကို ခပ်ကာ ကမ်းပေးလိုက်သည်။
"ရေအေးလေး သောက်လိုက်ရင် သက်သာသွားလိမ့်မယ်"
"အင်း အင်း"
ချောင်မန်လင်းက ရေအေးကို ယူသောက်လိုက်သောအခါ သက်သာသွားပြီး ဖက်ထုပ်ကို ဖြည်းဖြည်းချင်း အရသာခံ စားနေတော့၏။
"ငါ ဒီအရသာမျိုး မစားရတာ တော်တော်ကြာနေပြီ"
"အစ်မ မန်လင်းက ရှန်ဟိုင်းက မလား"
"အင်း၊ ဟုတ်တယ်"
ချောင်မန်လင်းက ဝက်သားဂေါ်ဖီ ဖက်ထုပ်ကို စားပြီးသောအခါ အတိတ်ကို ပြန်သတိရသွားတော့သည်။
"ဆုယောင် လုပ်ထားတဲ့ ဖက်ထုပ် အိုးကပ်ကြော်က
ငါ့အမေ လုပ်ထားတဲ့ လက်ရာနဲ့ တစ်ပုံစံတည်းပဲ"
ချောင်မန်လင်းက အရှေ့သို့ တိုးကာ အိုးထဲမှ ဖက်ထုပ်များကို ကြည့်ပြီး "တကယ်တော့ ငါ့ရဲ့ နောက်ခံက မကောင်းဘူးဆိုတာ လူတိုင်း သိကြတယ်။ ငါက အမေနဲ့ပဲ ကြီးပြင်းလာရတာ။ အခု အိမ်နဲ့ အဝေးမှာ ရောက်နေတယ်ဆိုပေမယ့် အရိုးထဲထိ စွဲနေတဲ့ ဒီဖက်ထုပ် အရသာကိုတော့ မှတ်မိနေတုန်းပဲ" ဟု ပြောလိုက်သည်။
အခြားသူများနှင့် ယှဉ်လျှင် ချောင်မန်လင်း၏ ဘဝက ကံဆိုးခဲ့၏။
သူမ၏ အဖေက သူမ ငယ်စဉ်ကတည်းက နောက်မိန်းမနှင့်အတူ ထွက်ပြေးသွားခဲ့သည်။
ထို့ကြောင့် သူမ ငယ်ရွယ်စဉ်ကတည်းက သူမအမေနှင့်အတူ ပတ်ဝန်းကျင်၏ လက်ညိုးထိုးမှုအောက်တွင် ကြီးပြင်းလာခဲ့ရသည်။
မိန်းမတစ်ယောက်တည်း ကလေးနှင့်အတူ ရုန်းကန်ရသည်မှာ လွယ်ကူသည့် အလုပ် မဟုတ်ပေ။
ထို့ကြောင့် သူမ အမေဘက်မှ မိဘနှင့် ဆွေမျိုး အသိုင်းအဝိုင်းများက သူမကို စွန့်ပစ်ပြီး နောက်အိမ်ထောင် ထပ်ပြုရန် သူမအမေကို တိုက်တွန်း ပြောဆိုခဲ့ကြ၏။
သို့သော် သူမ အမေက သူမကို မစွန့်လွှတ်ဘဲ တစ်ယောက်တည်း ရုန်းကန်ကာ မနက်စာ ရောင်းသည့် ဈေးဆိုင်ငယ်လေးကို ဖွင့်လှစ်ခဲ့သည်။
သူမ အမေ၏ ဈေးဆိုင်ငယ်လေးတွင် ဖက်ထုပ်အိုးကပ်ကြော်နှင့် ဝက်သွေးစွပ်ပြုတ် နှစ်မျိုးထဲကိုသာ ရောင်းချခဲ့၏။
ကြက်သွန်မြိတ် ဝက်သားဖက်ထုပ်၊ အမဲသားဖက်ထုပ်နှင့် ဝက်သားဂေါ်ဖီ ဖက်ထုပ်တို့ဖြစ်သည်။
မနက်စာ ရောင်းရသည်မှာ အလွန်ခက်ခဲ ပင်ပန်းလှ၏။
မနက် လေးနာရီ အိပ်ယာထရပြီး ငါးနာရီတွင် စွပ်ပြုတ်ချက်ရသည်။
မနက် ခြောက်နာရီတွင် ဈေးဆိုင် ဖွင့်လှစ်ပြီး တစ်နေ့တာ လုပ်ငန်းကို စတင်ခဲ့ရ၏။
ချောင်မန်လင်းက ငယ်ရွယ်စဉ်ကတည်းက လိမ္မာသိတတ်သူ ဖြစ်သဖြင့် သူမ အမေ အိပ်ယာထသည်နှင့် လိုက်ထကာ ဈေးဆိုင် လိုက်စောင့်ပေးခဲ့သည်။
ထိုနှစ်များအတွင်း ချောင်မန်လင်း အများဆုံး စားခဲ့သော ဖက်ထုပ်မှာ ဝက်သားဂေါ်ဖီ ဖက်ထုပ်ဖြစ်သည်။
အကြောင်းရင်းမှာ သူမ အကြိုက်ဆုံး ဖြစ်သည့်အပြင် ဈေးအသက်သာဆုံး ဖြစ်နေသောကြောင့် ဖြစ်၏။
သူမအမေက ဈေးကြီးသည့် ဖက်ထုပ်များကို ပြောင်းကျွေးသော်လည်း သူမက အနံ့နံသည်ဟု ဆိုကာ မစားခဲ့ပေ။
ချောင်မန်လင်းက တစ်နှစ်ပြီး တစ်နှစ် ကြီးပြင်းလာသည်နှင့်အမျှ သူမအမေအတွက် ပိုက်ဆံ ရှာရန်ကိုသာ စိတ်အားထက်သန်လာခဲ့သည်။
အနုပညာ လောကထဲသို့ ဝင်ရောက်လာချိန်၌ ချောင်မန်လင်းက ဖက်ထုပ်အိုးကပ်ကြော်ကို စားချင်သော်လည်း အေဂျင်စီက ဝလာမည် စိုးသောကြောင့် စားခွင့် မပေးခဲ့ပေ။
ယခု ဆုယောင် လုပ်ထားသော ဖက်ထုပ်များက သူမအမေ၏ လက်ရာနှင့် အနည်းငယ်သာ ကွာခြားသဖြင့် ချောင်မန်လင်းက အကြိုက်တွေ့နေခဲ့၏။
"အရမ်း စားကောင်းတာပဲ"
ချောင်မန်လင်းက တစ်ဖက်သို့လှည့်ကာ မျက်ရည်များကို သုတ်ပြီး "အတူတူ လုပ်ရအောင်။ ငါ့ကို သင်ပေးပါလား" ဟု ပြောလိုက်သည်။
ဆုယောင်ကလည်း သဘောတူ လက်ခံကာ "ရတယ်လေ။ သင်ပေးမှာပေါ့ အစ်မ မန်လင်းရဲ့" ဟု ပြုံးပြီး ပြောလိုက်၏။
ထို့နောက် နှစ်ယောက်သား ဆုယောင်က သင်ပေး၍ ချောင်မန်လင်းက သင်ယူပြီး ချက်ပြုတ်နေကြ
တော့သည်။
....
ကျန်သည့် အဖွဲ့သားများ နိုးလာသောအခါ ဆန်ပြုတ်နှင့် ဖက်ထုပ်အိုးကပ်ကြော်က အဆင်သင့် ဖြစ်နေပြီ ဖြစ်သည်။
"ဝိုး...အစ်မ မန်လင်းက တကယ်ကြီး ပြင်ဆင်ထားတာပဲ"
လင်းရန်ချီက ထိုသို့ အစချီလိုက်ပြီး ဖက်ထုပ် တစ်ခုကို ကောက်မြည်းလိုက်ရာ အလွန် စားကောင်းနေသဖြင့် "စားလို့ အရမ်းကောင်းတာပဲ။ အစ်မ မန်လင်းနဲ့ ဆုယောင်ရှိနေပြီ ဆိုတော့ ဒိီခရီးမှာ ငတ်မှာ မပူရဘူး" ဟု ပြောလိုက်သည်။
"ဒါတွေက ဆုယောင် ကူပေးထားတာ"
"ကျွန်မက ဟိုဟိုဒီဒီ နည်းနည်းပါးပါးပဲ ဝိုင်းလုပ်ပေးထားတာပါ"
ဆုယောင်၏ ကျေးဇူးဖြင့် ချောင်မန်လင်းက အရှက် မကွဲတော့သဖြင့် ဆုယောင်အပေါ် အမြင်ပြောင်းသွားကာ သူမ၏ မနေ့က လုပ်ရပ်အပေါ် ရှက်သွားခဲ့မိသည်။
ထို့နောက် ဆုယောင်၏ ဘေးနားတွင် ထိုင်ရန် တရွေ့ရွေ့ လာနေသော စုန့်ရန်ကို တွေ့သွားသောအခါ ချောင်မန်လင်းက ဆုယောင်၏ ဘေးတွင် ဦးအောင် ဝင်ထိုင်လိုက်၏။
"ငါ နင့်အပေါ် အရင်က အထင်လွဲတာတွေ ရှိခဲ့ဖူးတယ်။ ဒါပေမယ့် အခု အထင်လွဲတာတွေကို ဖြေရှင်းပြီးပြီ ဆိုတော့ အတူတူ ထိုင်ကြမယ်နော်"
"အင်း"
စုန့်ရန်က ကြည့်ပြီး မပျော်မရွှင် ဖြစ်သွားကာ နောက်ဆုံးတွင် လင်းရန်ချီနှင့် ဟဲယွမ်ဟန်တို့ကြား၌ ဝင်ထိုင်လိုက်ရသည်။
အားလုံး စစားသည့်အချိန်၌ စုန့်ရန်က ဖက်ထုပ်များကို တစ်ခုပြီး တစ်ခု အရသာခံပြီး စားလိုက်၏။
ဝက်သားဂေါ်ဖီဖက်ထုပ်က အရသာရှိ၍ ချိုမြနေကာ အသားဖက်ထုပ်က အရည်ရွှမ်းသည်။
စုန့်ရန် အရသာခံပြီး မျက်လုံး ပြန်ဖွင့်ချိန်၌ အရှေ့တွင်ရှိသော ဖက်ထုပ် ပန်းကန်မှာ ပြောင်းသလင်းခါသွားပြီ ဖြစ်သည်။
ထို့ကြောင့် ဘေးနားမှ အဆီတဝင်းဝင်းဖြင့် တကြွပ်ကြွပ် ဝါးနေသော ဟဲယွမ်ဟန်တို့ကို မကြည်ကြည့် ကြည့်လိုက်ကာ အခြားနေရာမှ ဖက်ထုပ်ပန်းကန်ကို ယူပြီး စားလိုက်တော့၏။
ထို့နောက် စုန့်ရန်က ချောင်မန်လင်းကို မကျေမနပ် ကြည့်နေသဖြင့် ချောင်မန်လင်းက မြင်သွားကာ သီးသွားတော့သည်။
"အဟွတ် အဟွတ်"
"အစ်မ မန်လင်း၊ အဆင်ပြေရဲ့လား"
"ပြေပါတယ်။ မနေ့က အအေး နည်းနည်းမိသွားလို့ ထင်တယ်"
ချောင်မန်လင်းကလည်း ဆုယောင်၏ ဖက်ထုပ်အိုးကပ်ကြော်ကို အလွန် ကြိုက်နှစ်သက်နေရာ ဝိတ်တက်မည်ကိုပင် စိတ်မပူတော့ဘဲ "(၂၁) ရက်တည်း စားတာ ဘာမှ မဖြစ်ပါဘူး။ အကြိုက် စားပစ်မယ်" ဟု တွေးလိုက်တော့သည်။
...…….................................
.........................................
အပိုင်း (၂၁) ပြီးပါပြီ။