အပိုင်း (၂၁.၁) မင်း ရသစုံရှိုးမှာ တစ်ယောက်ယောက်ကို ရိုက်ခဲ့တာလား?
စားသောက်ပြီးနောက် ဧည့်သည်ခြောက်ဖွဲ့က အတူတူစုဝေးလိုက်ကြပြီး သူတို့၏ ခရီးသွားအတွေ့အကြုံတို့ကို မျှဝေကာ ကျန်နေသေးသည့် သုံးစွဲရန် ငွေကြေးပမာဏကို ဖော်ပြခဲ့ကြသည်။
"ကျွန်မတို့မှာ ၃၀၀ ကျန်သေးတယ်။" ဝမ်ရှင်းအာက ဒါရိုက်တာ မုန့်ချီရှန်၏ ပခုံးထက်ကို မှီလိုက်ရင်း ချိုမြိန်သည့်အပြုံးတစ်ခုနှင့် အရင်ဆုံး ပြောလာခဲ့သည်။ "ကံကောင်းလို့ ကျွန်မရဲ့ ယောက်ျားက အစီအစဥ် ဘယ်လိုဆွဲရမလဲဆိုတာ သိတယ်လေ။ မဟုတ်ရင် မနက်ဖြန် လုပ်ရမယ့် တာဝန်တွေကို ပြီးမြောက်အောင် လုပ်နိုင်စွမ်းတောင် ရှိမှာ မဟုတ်တော့ဘူး။"
ရှန်ယွိက သူမကို စိုက်ကြည့်ကာ သူ၏ မျက်လုံးများကို မှေးကျဥ်းလိုက်သည်။ "ခင်ဗျားရဲ့ ဘယ်ဘက်ပါးက ဘာလို့ ပြာနှမ်းနေတာလဲ။"
"ဒါလား။" ဝမ်ရှင်းအာက ထိတ်လန့်တကြားဖြင့် သူမ၏ ပါးကို ကာလိုက်သည်။ "ကျွန်မ မိတ်ကပ်လိမ်းထားတာ အဆင်မပြေဖြစ်သွားလို့နေမယ်။"
သူမက ကွန်စီလာဖြင့် သေချာဖုံးအုပ်ထားခဲ့သော်လည်း မည်သည့်အတွက်ကြောင့် ရှာတွေ့ခံနေရဆဲ ဖြစ်နိုင်ပါသနည်း။
သူမ ဘေးမှ မုန့်ချီရှန်ထံ၌ သဘာဝမကျသည့် အမူအရာတစ်ခု ဖြစ်ပေါ်လာသည်။ သူက လည်ချောင်းရှင်းကာ ချောင်းဟန့်လိုက်သော်လည်း မည်သည့်စကားမှ မပြောခဲ့ပေ။
ဘေးမှ ချီလုလုက ပြောလိုက်သည်။ "ကျွန်မတို့မှာ ၂၄၀ ကျန်သေးတယ်။ မနက်ဖြန်တာဝန်တွေ ပြီးမြောက်ဖို့တော့ လိုတာထက် ပိုပါသေးတယ်။"
သူမက ဂုဏ်ယူဝင့်ကြွားစွာဖြင့် မေးကိုမော့ထားကာ နှုတ်ခမ်းစွန်းတို့က ကော့တက်နေ၏။ "ပြီးတော့ ကျွန်မတို့က ဒီနေ့ သွားရမယ့် နေရာနှစ်နေရာကို ရောက်ခဲ့ပြီးပြီ။ တာဝန်ပေးထားတာထက်တောင် ကျော်လွန်ပြီး လုပ်နိုင်ခဲ့သေးတယ်။"
ချီလုလုက အခြားအဖွဲ့များ၏ ခရီးစဥ်ကို မသိဘဲ သူမ အဖွဲ့၏ ရလဒ်ကို စိတ်ကျေနပ်နေခဲ့သည်။
YOU ARE READING
ပင့်ကျောင်းစီအီးအိုက စိတ်ဖတ်စွမ်းရည်ရပြီးနောက် ငါလေးကို နေ့တိုင်း ဖက်ချင်နေတယ်
RomanceNote: ပင့်ကျောင်းစီအီးအို = Yandere CEO
