အပိုင်း (၃၆) ဆေးရုံရောက်တဲ့အထိ အရိုက်ခံရရင် သိပ်မကောင်းဘူးနော်
ရိုက်ကွင်းကို မြို့ဆင်ခြေဖုန်းတွင်တည်ထားသည့်အတွက် ပတ်ဝန်းကျင်အနေအထားက သဘာဝဆန်ကာ လေထုကလည်း အလွန် လတ်ဆတ်သည်။
မနက်ခင်း၏ ရွှေရောင်နေခြည်က သစ်ရွက်များအကြားကို ဖြတ်ကာ နိုင်လွန် ကတ္တရာပေါ် ဖြန်းပက်နေ၏။ ၎င်းသည် သန့်စင်သည့် စိန်များ တောက်ပ လင်းလက်နေသည့် မြင်ကွင်းတစ်ခုကဲ့သို့ နှစ်သက်စရာ ကောင်းလှသည်။
ရှန်ယွိက ဓာတ်လှေကားထဲမှ ထွက်လာပြီးနောက် သန့်ရှင်း၍ ကျယ်ပြန့်သည့် လမ်းပေါ်သို့ တည့်တည့်သွားခဲ့သည်။
သူက အဖြူရောင် အားကစားဝတ်စုံကို ဝတ်ဆင်ထားပြီး အလွန် မျက်စိဖမ်းစားဖွယ် ဖြစ်နေသည်။
သူက ဘလူးတုသ် headset ကို ဝတ်ဆင်ထားသောကြောင့် သူ့နောက်မှနေ၍ ဖြေးညင်းစွာ လိုက်ပါလာသည့် အနက်ရောင်ဇိမ်ခံကားတစ်စီးကို သတိမပြုမိခဲ့ပေ။
"သခင်လေး အဲဒါရှန်ယွိပါ။" ကားရှေ့ခန်း ထိုင်ခုံတွင် ထိုင်နေသည့် လူက တစ်စုံတစ်ယောက်အား လေးစားစွာ ပြောလိုက်သည်။
ကားနောက်ဘက်ခုံတွင် ထိုင်နေသည့် လူငယ်လေးက မျက်လုံးများကို ကျဥ်းမြောင်းလိုက်၏။ "သူ့ကို ကြည့်ရတာ အားနည်းတဲ့ပုံ မပေါ်ပါဘူး။ မင်းရဲ့ သတင်းတွေက မှားနေတာလား။"
သူ၏ ကျစ်လျစ်သော ကြွက်သားများက အဖြူရောင် အားကစားဝတ်စုံအောက်တွင် ထင်ရှားစွာ ပေါ်လွင်နေပြီး ကြည့်ရသည်မှာ ချောမွေ့နေသည်။ အကြည့်တစ်ချက်နှင့် ထိုပုံစံအနေအထားသည် သာမန်ပြေးခြင်းမှ မရရှိနိုင်ဘဲ သေချာလေ့ကျင့်ထားခြင်းကြောင့် ဖြစ်ကြောင်း သိသာပေသည်။
"သတင်းအချက်အလက်တွေက လွန်ခဲ့တဲ့ သုံးနှစ်ကပါ။ ကြည့်ရတာ အမှားအယွင်းတချို့ ရှိသွားတဲ့ပုံပဲ...။" အရှေ့ခုံမှာ ထိုင်နေသည့်လူက ရှင်းပြလိုက်သည်။ "ဒါပေမယ့် ဒီသုံးနှစ်မှာ ရှန်ယွိက အများကြီး ပြောင်းလဲမသွားပါဘူး။"
ဗီလာထဲမှာ စောင့်ကြည့်ကင်မရာ လာမတပ်ထားသရွေ့ သူတို့သည် ရှန်ယွိက ဤသုံးနှစ်အတွင်း ကိုယ့်ကိုယ်ကိုယ် တင်းတင်းကျပ်ကျပ် ထိန်းချုပ်၍ 'စစ်ရေး' လေ့ကျင့်ရေးမျိုးကို ပြင်းပြင်းထန်ထန် လေ့ကျင့်ထားခဲ့သည်အား သူတို့ မည်သို့ သိနိုင်လိမ့်ပါမည်နည်း။
YOU ARE READING
ပင့်ကျောင်းစီအီးအိုက စိတ်ဖတ်စွမ်းရည်ရပြီးနောက် ငါလေးကို နေ့တိုင်း ဖက်ချင်နေတယ်
RomanceNote: ပင့်ကျောင်းစီအီးအို = Yandere CEO
