69. ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
By Heavenly Silkworm Potato
×××××××××××××××××××××××
Chapter 69. စိတ်ဆိုးနေတဲ့ ရှင်းအာအားလုံးနေသားတကျဖြစ်ပြီးမှ ရှောင်ယွင်သည် ဂူထဲကနေ ထွက်လာခဲ့တော့သည်။ တောင်ပတ်လမ်းအတိုင်း ပတ်လျှောက်လိုက်ပြီးနောက် တောင်ထိပ်ပေါ်ကို ခိုးကြောင်ခိုးဝှက်ဖြင့် တက်လိုက်သည်။ ထို့နောက် အနီးပတ်ဝန်းကျင်တွင် လူအရိပ်အယောင်များ ရှိမရှိကို စစ်ဆေးကြည့်လိုက်သည်။ လူသူတစ်ယောက်မှ မတွေ့၍ သက်သာရာ ရစွာ အသက်ပြင်းချလိုက်ပြီး ခြေလှမ်းကျဲကျဲဖြင့် တောင်အောက်ရှိ မျိုးနွယ်ဝင်းဆီကို ဆင်းလာခဲ့သည်။
အေးအေးဆေးဆေးပင် မျိုးနွယ်အိမ်ဆီကို ပြန်နေသည့်အချိန်တွင် ရှောင်ယွင်သည် ခြံဝင်းအရှေ့တွင် အလောတကြီးထွက်လာသော မျိုးနွယ်အကြီးအကဲနှင့် အမှတ်မထင်ပင် တွေ့ဆုံ၍ ပခုံးချင်းပင် တိုက်မိသွားခဲ့သည်။ ရှောင်ယွင်သည် ခြေလှမ်းရပ်လိုက်ကာ မျက်နှာများ သုန်မှုန်၍ ဒေါသထွက်နေသော မျိုးနွယ်အကြီးအကဲ သုံးယောက် ထွက်ခွာသွားတာကို ကြည့်ပြီး ခေါင်းထဲမှာ အတွေး များသွားခဲ့သည်။
" ဘယ်သူကများ သူတို့ကို ရန်စသွားပါလိမ့်.. "
ရှောင်ယွင် အံ့သြစွာဖြင့် ခေါင်းကို ခါယမ်းလိုက်ပြီး အနောက်လှည့်လိုက်ရာ လမ်းတစ်ဖက်တွင် မတ်တပ်ရပ်နေသော ကျစ်လစ်သွယ်လျပြီး ကျက်သရေနှင့် ပြည့်စုံသည့် အစိမ်းရောင်အ၀တ်နှင့် မိန်းမပျိုလေးကို တွေ့လိုက်သည်။မျက်နှာတွင် အပြုံးများ ပန်ဆင်ထားသော ချစ်စရာကောင်းသည့် ရှင်းအာကို မြင်လိုက်ရသည့်အခိုက်တွင် ရှောင်ယွင်၏ နှလုံးသားသည် ဒိန်းခနဲ တစ်ချက် ဆောင့်ခုန်သွားလေသည်။ ဂူငယ်ထဲတွင် ရွဲ့လော် မေးထားသည့် အကြောင်းကို ပြန်စဉ်းစားမိသည့်အခါတွင် သူ့မျက်နှာသည် တရှိန်းရှိန်းဖြစ်လာပြီး မလုံမလဲဖြစ်စွာ ကောင်းကင်ကို မော့ကြည့်လိုက်ပြီး တစ်ခုခု အတွေးဝင်ဟန် ပုံဖမ်းလိုက်သည်။
ရှောင်ယွင်၏ မူမမှန်သော အပြုအမူကြောင့် ရှင်းအာမှာ တစ်ချက်ကြောင်သွားကာ ခေါင်းကို ခါယမ်းလိုက်ပြီး ဘာကြောင့် ရှောင်ယွင် ဗြုန်းစားကြီး ဒီလိုဖြစ်သွားရခြင်းအကြောင်းကို မတွေးတတ်တော့သည်။ အရှေ့ကို တိုးလျှောက်လာပြီး ရှောင်ယွင်ကို သေချာကြည့်လိုက်ရာ သူမ၏ နုနယ်ချောမွေ့သော မျက်နှာပြင်ပေါ်ဝယ် အံ့သြခြင်းများ ဖြစ်ပေါ်လာခဲ့သည်။ သူမ လက်နှစ်ဖက်ကို တင်ပါးနောက်ဘက်ကို ပို့ထားလိုက်ပြီးနောက် အရှေ့ကို ဆက်တိုးလာခဲ့ရာ ရှောင်ယွင်နှင့် တစ်လက်မပင် မပြည့်တော့သည့် နီးနီးလေး အကွာအထိ ရောက်ပြီးမှ သူမသည် ပြုံးလိုက်ကာ မေးလိုက်သည်။
" အကိုရှောင်ယွင်က ဒိုကျဲအဆင့်ကို ရောက်သွားပြီးလား.. "

YOU ARE READING
ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Aventuraကုန်းမြေဒေသတခု မှော်ပညာတွေလည်း မရှိပါဘူး.. အင်အားကြီးသူသာ အုပ်ချုပ်ရပြီး အင်အားငယ်သူတွေလိုက်နာရ၏။ ရတနာအမျိုးမျိုးနှင့် ဆွဲဆောင်မှုရှိတဲ့ မိန်းမလှလေးများ ပြည့်နှက်နေတဲ့ ကုန်းမြေ.. ကြိုမသိနိုင်တဲ့ အန္တရယ်အထွေ အထွေ.. .. လွန်ခဲ့သော သုံးနှစ် ရှောင်ယွင် ရာ...