Chapter 152

838 76 1
                                    

အပိုင်း ( ၁၅၂ ) ထူးဆန်းစွာ စဉ်းစားရခြင်း
ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း

ပစ္စည်းအားလုံးကို ထုပ်ပိုးလိုက်ပြီနောက် ရှောင်ယွင်သည် ဂူအထဲကနေ ခုန်ထွက်လာခဲ့သည်။ အပြင်တွင် မွန်းတည့်အချိန်ပင် ရောက်ရှိနေလေပြီ။ စူးရှတောက်ပသော နေရောင်များ ဖြာဆင်းနေ၍  တောတောင်တခွင်မှာ အပူဓာတ်များဖြင့် လွှမ်းခြုံနေလေ၏။

ဂူကနေ ခုန်ဆင်းလိုက်ပြီးနောက် သိပ်မလျှောက်လိုက်ရ။ ပန်းခြင်းတောင်းကို ကိုင်လျက် ဆေးပင်စိုက်ခင်းမှ ပြန်လာဟန် တူသည့် ရှောင်ယိရှန်နှင့် ပက်ပင်း တွေ့ ရလေ၏။ သူမသည် အစိမ်းရောင်အဝတ်တစ်ထည်ကို ခေါင်းတွင် ပေါင်းထားရာ တကယ့်ကို တောသူမလေးနှင့် တူလှလေသည်။ ရှောင်ယွင်သည် အနည်းငယ်တော့ ရယ်ချင်မိ ဖြစ်သွား၏။ ထို့နောက် ခေါင်းကို ခါယမ်းကာ ပြုံးရွှင်၍ သူမကို နှုတ်ဆက်လိုက်သည်။

ရှောင်ယိရှန်လည်း ချိုသာစွာ ပြန်လည် ပြုံးပြလိုက်ကာ အပေါ်က ဂူကိုလည်း မသိမသာဖြင့် ဝေ့ဝဲကြည့်လိုက်သည်။  သူမသည် ဂူအကြောင်းကို မေးရလောက်သည့် အသိဉာဏ်နည်းနေသူတစ်ဦး မဟုတ်ပါချေ။ လူတိုင်းမှာ လျှို့ဝှက်ချက်ကိုယ်စီ ရှိကြသည် မဟုတ်လား။ သူမမှာလည်း ရှိပေ၏။ ထို့ကြောင့်လည်း သူမသည် ရှောင်ယွင် ဂူထဲတွင် ဘာလုပ်နေတာကို သိဖို့ မကြိုးစားခဲ့သလို ဘာမှ မမြင်သလိုသာ ဟန်ဆောင်နေခဲ့သည်။ သူမ၏ တုံ့ပြန်မှုကို ရှောင်ယွင် မည်သည့်မှတ်ချက်မှ မပေးလိုသော်လည်း စိတ်ထဲမှာတော့ အတော်သဘောကျသွားလေ၏။

" ဆာနေပြီလား.. ငါ နေ့လည်စာ လုပ်ပေးမယ်လေ.. "

ရှောင်ယွင်နှင့်အတူ တဲအိမ်လေးဘက်သို့ အေးအေးလူလူ လျှောက်လှမ်းသွားရင်း သူမသည် ရှောင်ယွင်ဘက် ခေါင်းလှည့်ကာ ခပ်ရွှင်ရွှင်လေး မေးလိုက်၏။ ပြီးနောက်မှာတော့ သူမသည် အင်္ကျီလက်ရှည်ကို ခေါက်ကာ ကျောက်တုံးများဖြင့် မီး စတင်မွှေးလေသည်။ ပါဝင်ပစ္စည်းများကိုလည်း စနစ်တကျဖြင့် ထုတ်ယူခင်းကျင်းလေ၏။

ရှောင်ယွင်လည်း ကျောက်တုံးတစ်တုံးတွင် ထိုင်ချကာ ရှောင်ယိရှန်က သီချင်းတညည်းညည်းဖြင့် အလုပ်လုပ်နေတာကို ကြည့်ရင်း ခပ်ပြုံးပြုံးဖြင့် ရှိနေလေ၏။ ကျောက်စိမ်းကဲ့သို့ ဖြူနုသော လက်ချောင်းကလေးဖြင့် ချက်ပြုတ်နေသော ထိုမိန်းကလေးသည် အလွန်ကို လှပ၍ ဖြူစင်လွန်းသူတစ်ယောက်ဖြစ်နေပေမဲ့ ထိုလက်ချောင်းကလေးများဟာ အဆိပ်ကို အသုံးပြုရာတွင်လည်း  ကျွမ်းကျင်လိမ္မာသည်ကို ရှောင်ယွင် မေ့မနေရဲချေ။

ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်းWhere stories live. Discover now