Part 9

1.2K 119 0
                                    

အခန်း (၉)- ရုပ်ဆိုးပန်းဆိုး

ရုံချီသည် ကုတင်ပေါ်တွင် ပျင်းရိစွာ လှဲလျောင်းရင်း စူးမြောင်အာ၏ ဖုန်းကို ဟိုနှိပ်သည်နှိပ်လုပ်နေသည်။ဖုန်းကြည့်ရခြင်းကို အလွန် သဘောကျနေပုံရပြီး စူးမြောင်အာ၏ အကူအညီပါဘဲနှင့် အွန်လိုင်းဗီဒီယိုများကိုပင် ကြည့်တတ်နေပြီဖြစ်သည်။

တကယ်ကို IQမြင့်တဲ့တစ္ဆေပဲ... လက်ဖျားခါရလောက်ပါပေတယ်။

"မြောင်မြောင် နောက်ကျရင် ကိုယ်လည်း ဖုန်းတစ်လုံးလောက် ဝယ်ရမယ်... ဒီပစ္စည်းလေးက အရမ်းကိုင်လို့ကောင်းတာပဲ"

"အင်း ဝယ်လေ"

"နေ နေပါအုံး ရှင်က တစ္ဆေတစ်ကောင်လေ... ဘယ်လိုလုပ်ပြီး ဖုန်းကိုင်လို့ရမှာလဲ"

စူးမြောင်အာတစ်ယောက် ရုံချီကို အထင်သေးသောအကြည့်မျိုးဖြင့် ကြည့်ပေးလိုက်သည်။ သို့သော် ရုံချီက သူမနှင့် စကားပြိုင်ပြောမနေဘဲ ထူးဆန်းသော အပြုံးမျိုးဖြင့်သာ ခပ်ဖွဖွလေး ပြုံးနေလျက်ရှိသည်။ နောက်ဆုံးတွင် ဖုန်းအကြိုက်ကြည့်ပြီးသွားမှ စူးမြောင်အာကို ပြန်ဖြေသည်။

"မြောင်မြောင် ကိုယ် မင်းကို ပြောဖူးပါတယ်... ကိုယ် မသေခင်တုန်းကဆို ကိုယ့်ကို လာကြိုက်ကြတဲ့ မိန်းကလေးတွေမှ အများကြီး... စမ်းချောင်းထဲက ငါးကြင်းမလေးတွေအတိုင်းပဲလို့... ဒါပေမဲ့ ဘယ်သူကမှ ကိုယ့်ကို ဒီလိုမျိုး မဝေဖန်ရဲကြဘူး မင်းက ပထမဆုံးပဲ... မင်းမျက်လုံးထဲမှာ ကိုယ်က တော်တော် ကြည့်ရဆိုးနေလို့လား"

စူးမြောင်အာသည် မှာထားသော အစားအသောက်များကို တစ်ဦးတည်း အဝကြိတ်ပြီးသည့်နောက်တွင် ဆီပေနေသောပါးစပ်ကို တစ်ရှုးဖြင့် သုတ်ရင်း စကားကြီးစကားကျယ်ပြောလွန်းသော အမျိုးသားတစ္ဆေကို လှည့်ကြည့်လိုက်သည်။

"မဟုတ်တာ ရှင်က အရမ်းချောပါတယ်... စူပါစတားတွေနဲ့ တက်သစ်စလေးတွေထက်တောင် ပိုချောသေးတယ်"

'စူပါစတား'နှင့် 'တက်သစ်စ'ဟူသော ခေတ်သစ်အသုံးအနှုန်းများကို ရုံချီ နားလည်မည်မဟုတ်သော်လည်း သူမ၏ စကားက မြှောက်ပင့်သည့် စကားဖြစ်ကြောင်းကိုတော့ ရုံချီ သဘောပေါက်လိမ့်မည်ဟု ယုံကြည်သည်။

တစ္ဆေသတို့သားWhere stories live. Discover now