Part 35

904 83 2
                                    

အခန်း(၃၅)-ခြေသံတရှပ်ရှပ်

ကျော့ရှောင်ချင်းကို စူးမြောင်အာ လှည့်မကြည့်သော်လည်း သူမအတိုင်း ထိတ်လန့်နေမည်ဖြစ်ကြောင်း သိသည်။ လက်ရှိအခြအနေသည် ပစ်လွှတ်ရန် မြှားအသင့်တပ်ပြီး ကြိုးဆွဲထားသည့် အခြေအနေမျိုးဖြစ်ရာ ကျော့ရှောင်ချင်း၏ အဖြေပေါ်သာ မူတည်နေသည်။

"မဟုတ်... မဟုတ်ဘူး အန်းအန်း"

မူလက ကျော့ရှောင်ချင်းသည် ကျော့အန်းအန်းရှိရာသို့စိတ်အားထက်သန်စွာ လက်ဆန့်ထုတ်ပေးထားသော်လည်း ယခုမူ တုန်တုန်ယင်ယင်ဖြင့် လက်ပြန်ရုတ်လိုက်သည်။

"အန်းအန်း တကယ်တော့ တကယ်တော့... သူလည်း ဒီမှာမရှိတော့ဘူးသိလား... အန်းအန်းရဲ့ မိဘတွေနဲ့အတူဧည့်ခန်းထဲမှာ စောင့်နေတယ်... သူတို့အားလုံး အန်းအန်းကို စောင့်နေကြတာ ကြာပြီ... အဲ့တာကြောင့် တီတီတို့ မြန်မြန်သွားရအောင်နော်... မဟုတ်ရင် အန်းအန်းရဲ့ မေမေက ကစားကွင်းလိုက်မပို့ဘဲ စိတ်ပြောင်းသွားလိမ့်မယ်နော်"

ကျော့ရှောင်ချင်းသည် ကျော့အန်းအန်းပြောသည့် 'သူ'ဟူသော ပုဂ္ဂိုလ်ကို မသိသည့်အတွက် အတတ်နိုင်ဆုံး ကြိုးစားပြီး ညာပြောလိုက်ရသည်။ ထို့အပြင် ဝိညာဥ်မီးအိမ်ထဲမှ ဖယောင်းတိုင်သည် တစ်ဝက်ကျော် ကုန်သွားချေပြီ။ ယခုအချိန်တွင် အမြန်မပြန်ပါက အချိန်မမှီတော့မည်ကို စိုးရိမ်ရသည်။

"ဟုတ်လား"

ကျော့အန်းအန်းသည် အယုံလွယ်သော ကလေးတစ်ဦးဖြစ်ပြီး ဝမ်းနည်းနေရာမှ တောက်ပစွာ ပြုံးပြီး ကျော့ရှောင်ချင်းထံသို့ ပြေးလာသည်။ ကျော့ရှောင်ချင်းသည် ကျော့အန်းအန်း၏ လက်ကလေးကို အမြန်ဆွဲကိုင်လိုက်ချင်သော်လည်း လူသားစင်စစ်တစ်ဦးမဟုတ် သေးကြောင်း သတိရသွားပြီး လက်မပေးမိစေရန် စိတ်ထိန်းထားသည်။ ကျော့အန်းအန်းကမူ ကျော့ရှောင်ချင်း၏ အမူအရာကို သတိထားမိပုံမရဘဲ ပြေးလာရင်းဖြင့် မီးအိမ်ထဲသို့ လျှိုဝင်သွားသည်။ ထိုအချိန်မှသာ ဆီမီးရောင်တဖိတ်ဖိတ် တောက်ပနေသော ဝိညာဥ်မီးအိမ်ကို နှစ်ဦးသား အသေအချာ ငုံ့ကြည့်လိုက်သည်။ အတိအကျဆိုရသော် ဝိညာဥ်မီးအိမ်၏ တာဝန်ပြီးဆုံးသွားချေပြီ။ နောက်ဆုံးအဆင့်အနေနှင့် ဝိညာဥ်မီးအိမ်ကို လုံခြုံစွာ ထိန်းသိမ်းပြီး ပြန်သွားနိုင်ရန်သာလိုတော့သည်။ အကယ်၍ လမ်းတစ်ဝက်တွင် မီးစာကုန်သွားပါက သူမနှင့် ကျော့ရှောင်ချင်းအပါအဝင် ကျော့အန်းအန်း၏ ဝိညာဥ်ပါ ထာဝရ ပျောက်ဆုံးသွားလိမ့်မည်။

တစ္ဆေသတို့သားWhere stories live. Discover now