Part 66

416 37 0
                                    


အခန်း(၆၆)-တည်ငြိမ်နေလိုက်တာ

စူးမြောင်အာ အလွန် လန့်သွားပြီး အရှေ့သို့ အတင်းတိုးဝင်လာခဲ့သည်။ အစောပိုင်းတုန်းက သူမ၏ ဦးလေးဖြစ်သူဟာ အရှေ့တွင် ရပ်နေသည်မဟုတ်ပါလား။ ကံကောင်းထောက်မစွာဖြင့် အကောင်းပကတိအတိုင်း ရှိနေသေးသော စူးတာ့ကို မြင်ရချိန်တွင်မှ စူးမြောင်အာ သက်ပြင်းချနိုင်တော့သည်။ ချွေ့ကျစ်ကော်မှာလည်း အကြီးအကျယ် မျက်နှာပျက်ယွင်းနေသည်။

"ကျုပ်ပြောသားပဲ ဒီခေါင်းတလားက ထင်သလောက် မရိုးရှင်းပါဘူးလို့"

စူးတာ့က စီးကရက်တစ်လိပ်ဖွာပြီး အေးတိအေးစက် တုံ့ပြန်သည်။ တစ်ဖက်တွင်မူ သူ့နံဘေးတွင် ရပ်နေသော မျက်မှန်ဖြင့် အသက်ငါးဆယ်ဝန်းကျင် ယောကျာ်းကြီးမှာ ဇောချွေးပျံလျက်ရှိသည်။

"ဟုတ်တော့ဟုတ်ပါတယ်..ဒါပေမဲ့ ဘာဖြစ်လို့ ရုတ်တရက်ကြီး ပြိုကျလာရတာလဲ"

"ဒါရိုက်တာချန် စိတ်မပူပါနဲ့..ဒါမျိုးက ဖြစ်လေ့ဖြစ်ထရှိပါတယ်"

များမကြာမီတွင် ရုန့်ရင်းဆန်ခတ်ဖြစ်သွားသော လူအုပ်ကြီးလည်း ပြန်ငြိမ်သက်သွားသည်။ မြေပြိုမှုကြောင့် မြေမြုပ်လုနီးပါးဖြစ်သွားသော အလုပ်သမားများနှင့် ရှေးဟောင်းသုတေသနအဖွဲ့မှ ဝန်ထမ်းများကို အချိန်မီ ကယ်ဆယ်နိုင်ခဲ့သည်။ မြေဆီလွှာပျော့ပျောင်းနေမှုကြောင့် အသက်အန္တရာယ်ထိခိုက်မှုမရှိခဲ့ပေ။ သို့သော် ရုတ်တရက်ဆန်လွန်းသော မြေပြိုကျမှုက လူတိုင်းကို အကြီးအကျယ် ထိတ်လန့်သွားစေသည်။

စူးမြောင်အာ တိတ်တဆိတ် ပြန်လှည့်ထွက်လာခဲ့သည်။ ယမန်နေ့က သူမ ရပ်ခဲ့သော နေရာနှင့် မလှမ်းမကမ်းတွင် ရှည်လျားသော အက်ကြောင်းကြီးတစ်ခုပေါ်လာခြင်းကို အတိုင်းသား မြင်နေရသည်။

"ဒါရိုက်တာချန် ဒါက မတော်တဆဖြစ်သွားတာပါ..ထပ်ပြီးတော့ မပြိုကျနိုင်တော့ဘူး..အခုမြေပြိုမှုကြောင့် တခြားခေါင်းတလားတွေနဲ့ အုတ်ဂူတွေလည်းထပ်ပေါ်လာပါတယ်..သက်တမ်းအရတော့ မနည်းလောက်ဘူးလို့ ခန့်မှန်းရပါတယ်"

တစ္ဆေသတို့သားWhere stories live. Discover now