Part 37

781 79 0
                                    

အခန်း(၃၇)- မှင်စာ

"အန်း... အန်းအန်း... ဘာတွေလျှောက်ပြောနေတာလဲ"

ကျော့ရှောင်ချင်းသည် စူးမြောင်အာကို အားကိုးတကြီး ဖက်ထားရင်း အရဲစွန့်ပြီး မေးလိုက်သည်။ ကျော့အန်းအန်းကမူ ဤနေရာတွင် ဘာဖြစ်နေသည်ကို သတိထားမိပုံမရသေးပေ။ သူ့အတွက် အရာအားလုံးဟာ အိပ်မက်မက်နေရုံမျှသာ။

"သူက သားနဲ့ ခဏခဏ လာဆော့ပေးတယ်လေ... သားရဲ့ ဘောလုံးကို အရမ်းသဘောကျတယ်တဲ့... ပြီးတော့ သူက သားတို့ရဲ့ ဘိုးဘွားခန်းမထဲမှာ နေတယ်လို့ပြောတယ်"

ကျော့အန်းအန်းသည် သူနှင့် ငယ်ပေါင်းကြီးဖော် သူငယ်ချင်းကောင်းတစ်ဦးကို မိတ်ဆက်ပေးနေသကဲ့သို့ ပြုံးရွှင်နေသော မျက်နှာလေးနှင့် တက်တက်ကြွကြွမိတ်ဆက်ပေးသည်။ စူးမြောင်အာနှင့် ကျော့ရှောင်ချင်းကမူ ဆိုးဆိုးရွားရွားကို မျက်နှာပျက်ယွင်းနေကြပြီဖြစ်သည်။သုံးလက်မအရွယ် ရွှေကြာပွင့်ဖိနပ်ကို စီးထားသူသည် ကျော့အန်းအန်းနှင့် မတိမ်းမယိမ်း ကလေးငယ်တစ်ဦး တစ်နည်းအားဖြင့် မှင်စာတစ်ကောင်ဖြစ်နေသည်။ သူသည် ကျော့အန်းအန်းနှင့် လာရောက်ဆော့ကစားပြီး အဆက်အသွယ်ရှိနေသည်မှာ အချိန်တစ်ခုပင် ကြာမြင့်နေပုံရပြီး ဆရာနင်းယွမ်ကို ဓားဖြင့်ထိုးလိုက်သည့် တရားခံဟာလည်း သူသာဖြစ်သည်။

စူးမြောင်အာသည် အတန်ငယ် မျက်လွှာချထားရင်း ယင်ယန်စွမ်းအားရှိသော အပနှင်သူမျက်လုံးများနှင့် အရှေ့သို့ မသိမသာ ခိုးကြည့်လိုက်သည်။ ထင်သည့်အတိုင်းပင် မှောင်ပိန်းနေသော ထောင့်တစ်နေရာ၌ ကလေးငယ်တစ်ဦး ရပ်နေသည်။ သူ၏ အရပ်သည် တစ်မီတာဝန်းကျင်မျှသာရှိပြီး အရုပ်တစ်ရုပ်နှင့် ဆင်တူသည်။ သူ၏ ခေါင်းပေါ်တွင် ကြိုးအနီလေးများဖြင့် ယောင်ပေစူးနှစ်ခုထုံးထားသည်။ သူသည် အနီရင့်ရင့်ဝတ်စုံကို ဝတ်ဆင်ထားပြီး လက်မောင်းနှင့် ခြေသလုံးများမှာ ဆူဖြိုးနေသော်လည်း အကြည့်ရဆိုးစွာ သံပုရာသီးပုပ်အအရောင်အဖြစ်သို့ ပြောင်းလဲနေသည်။ ထို့အပြင် မျက်နှာသည် ကြောက်စရာကောင်းအောင် ဖြူဖပ်ဖြူရော်ဖြစ်နေသည့်အပြင် မျက်လုံးတစ်လုံးမှာလည်းအပြင်သို့ ကျွံထွက်နေသေးသည်။ ထိုမှင်စာလေးသည်စူးမြောင်အာတို့ကို ကြည့်ပြီး ခြောက်တိခြောက်ကပ် အသံနှင့် တခစ်ခစ် ရယ်မောလျက်ရှိသည်။

တစ္ဆေသတို့သားWhere stories live. Discover now