အခန်း (၃၁)- ဝိညာဉ်မီးအိမ်
ချင်ဖုန်းသည် မျက်လုံးများ နီရဲမို့အစ်နေသည်အထိငိုထားပြီး ကျော့အန်းအန်း၏ လက်ကို ရတက်မအေးစွာ ဆုပ်ကိုင်ထားသည်။
"ဒါဆိုရင် ဘယ်လိုဆက်လုပ်ရမလဲ"
ဆရာရိနန်က စူးတာ့ကို တစ်ချက်လှမ်းကြည့်သည်။
"ဝိညာဉ်ဆင့်ခေါ်တဲ့အလုပ်က အပနှင်သူတွေရဲ့ အကျွမ်းကျင်ဆုံးအလုပ်တစ်ခုပါ"
စူးတာ့က ပြုံးပြီး ဝင်ပြောသည်။
"သိပ်မခက်ပါဘူး"
ထို့နောက် ကျော့မိသားစုဝင်များကို ဝါးချောင်းအချို့၊ စက္ကူဖြူနှင့် ကော်တို့ကို ရှာခိုင်းသည်။ စူးတာ့ဘာလုပ်မည်ကို မသိကြသော ကျော့မိသားစုဝင်များသည် ထိုပစ္စည်းများနှင့် စက္ကူစွန်တစ်ခု ပြုလုပ်မည်ဟု ထင်နေကြသော်လည်း အမှန်တွင် စက္ကူစွန်ပြုလုပ်ရန် မလုပ်ပေ။ စူးတာ့သည် များသောအားဖြင့် ပေါ့ပေါ့တန်တန်နေထိုင်တတ်သော်လည်း အပနှင်သည့် ကိစ္စများနှင့် ပတ်သတ်လျှင်တော့ အင်မတန် လက်သွက်ခြေသွက်ရှိပြီး အကျွမ်းတဝင် ကိုင်တွယ်နိုင်သည်။
စူးတာ့သည် ဝါးချောင်းများကို အညီအညာချိုးပြီး ကော်ဖြင့်ကပ်သည်။ အကြမ်းဖျင်းပုံစံ ထွက်လာပြီးသည့်နောက် စက္ကူဖြူများဖြင့် ပတ်ပတ်လည် ပိတ်လိုက်သည်။ မပိတ်ခင်တွင် အထဲ၌ ဖယောင်းတိုင်တစ်တိုင်ပါ ထည့်ထားသည်။
"ဒီပစ္စည်းကို ဝိညာဉ်မီးအိမ်လို့ ခေါ်တယ်... ကလေးရဲ့ ဝိညာဉ်ကို ပြန်ခေါ်ဖို့ဆိုရင် သူနဲ့ အရင်းနှီးဆုံး လူတစ်ယောက်ကပဲ ခေါ်ပေးလို့ရမယ်... ဒါပေမဲ့ တစ်ခုတော့ သတိကြီးကြီးထားမှဖြစ်မယ်... အခုချိန်မှာ ကလေးက သတိလစ်နေတာဆိုတော့ ဝိညာဉ်ကလည်း ခန္ဓာကိုယ်ပြင်ပမှာ မျောနေတယ်... သူကတော့ သူ့ကိုယ်သယ အိပ်မက်မက်နေတယ်လို့ပဲထင်မှာ... အဲ့တာကြောင့် ကလေးရဲ့ ဝိညာဉ်ကိုပြန်ခေါ်လာပေးမယ့်လူက အရမ်း စိတ်လိုက်မာန်ပါမလုပ်မိစေနဲ့... ကိုယ့်ရဲ့အကြောက်တရားကို ရှေ့တန်းမတင်မိစေနဲ့ မဟုတ်ရင် ကလေးကိုပါ အန္တရာယ်ဖြစ်သွားလိမ့်မယ်"
စကားအဆုံးတွင် ကျော့မိသားစုဝင်များ၏ အကြည့်က ချင်ဖုန်းဆီသို့ တညီတညွတ်တည်းရောက်သွားသည်။သူမသည် ကျော့အန်းအန်း၏ မိခင်အရင်းဖြစ်ပြီး သူမမှမသွားလျှင် မည်သူကသွားမည်နည််း။ သို့သော် ချင်ဖုန်းသည် အမှောင်ထုထဲသို့ ရုတ်တရက် တွန်းပို့ခံရမည်ဟု ထင်မှတ်မထားခြင်းကြောင့် အလွန် ထိတ်လန့်သွားပြီး ကပျာကယာပြောသည်။
YOU ARE READING
တစ္ဆေသတို့သား
Horrorဘာသာပြန်သူ - စွဲညို့အသင်း စူးမြောင်အာက အပနှင်သူတစ်ဦး ဖြစ်ပြီးတော့ မတော်တဆ ကျောက်စိမ်းလည်ဆွဲလေးကို ဝတ်ဆင်မိရာကနေ တစ္ဆေတစ်ကောင်က သူ့နောက်ကို တကောက်ကောက် လိုက်ပြီး ဖလစ်ခြင်းကို ခံရမှာ ဖြစ်ပါတယ်