Part 62

495 48 0
                                    


အခန်း(၆၂)-ဖုတ်ကောင်ဖြစ်ချင်တယ်

"အစ်ကိုကြီးရုံချီရယ် ရှင်သေသွားတာ အနှစ်နှစ်ရာတောင်ရှိပြီလေ..အခုလောက်ဆိုရင် ရှင့်အလောင်းက..."

ဖုတ်ကောင်ဟုဆိုလိုက်သည်နှင့် စူးမြောင်အာ၏ ခေါင်းထဲတွင် ကြောက်စရာကောင်းသော ပုံရိပ်များဖြင့် ပြည့်နှက်သွားသည်။ တစ္ဆေတစ်ကောင်နှင့် အတူနေရခြင်းထက် ရုပ်ခန္ဓာရှိသော ဖုတ်ကောင်နှင့် အတူနေရခြင်းက ပိုကြက်သီးထစရာကောင်းလွန်းသည်မဟုတ်လား။ ထိုဖုတ်ကောင် ညဥ့်နက်သန်းခေါင်အချိန်တွင် ရေငတ်လာပါက ရေအစား သူမ၏ သွေးကို အငမ်းမရ သောက်လာနိုင်သည်လေ။

အမလေး ကြောက်စရာကြီး..မဖြစ်ဘူး မဖြစ်ဘူး!

"မင်း ငြင်းလို့မရဘူးနော်..ဒါ ကျော့မိသားစုကြောင့် ကိုယ် အကြံရပြီးလျှောက်အရူးထနေတာမဟုတ်ဘူး..ဟိုးအရင်ထဲက ဆုံးဖြတ်ပြီးသား ကိစ္စတစ်ခုပဲ"

ဤတစ်ကြိမ်တွင် ရုံချီက အခိုင်အမာ စိတ်ပိုင်းဖြတ်ထားသည့်ပုံစံဖြင့် တည်တည်ငြိမ်ငြိမ် ပြောသည်။

စူးမြောင်အာသည် ရုံချီ၏ ပုံစံကိုကြည့်ပြီး ပုံမှန်အချိန်များကဲ့သို့ စနောက်နေခြင်းမဟုတ်ဘဲ အတည်ပြောနေခြင်းဖြစ်ကြောင်း ကောင်းစွာ သဘောပေါက်သည်။ဆုံးဖြတ်ချက်တစ်ခု ခိုင်မြဲသွားချိန်တွင် နွားဆယ်ကောင်ဖြင့်ဆွဲလျှင်တောင်မှ ယိမ်းယိုင်လိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် သူမတွင်လည်း အခြားရွေးချယ်စရာမရှိတော့လေပြီ။

"ရှင့်အလောင်းက ဘယ်မှာလဲ"

"အရင်တစ်ခေါက်က မင်းရဲ့ဦးလေး အပနှင်ဖို့ အငှားခံရတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲမှာ"

ရုံချီက သူမကို ပြုံးပြီး ပြောသည်။ ထူးဆန်းစွာ ရှာတွေ့ခဲ့သော ကျောက်စိမ်းဆွဲပြားမှအစ ပြန်နိုးထလာသော ရုံချီအဆုံး လျှို့ဝှက်ဆန်းကြယ်မှုအားလုံးဟာ ထိုနေရာမှ အစပြုလာပုံရသည်။

"မင်းရဲ့ဦးလေးကို အရင်ကလို ကံဇာတာတက်လာအောင် လုပ်ပေးမယ်လို့ ကိုယ်မပြောခဲ့ဘူးလား..အဲ့ဒီလုပ်ငန်းခွင်ထဲမှာ သရဲအရမ်းခြောက်တယ်..မကျွတ်မလွတ်တွေမှ အများကြီးပဲ..သူသာ အကုန်လုံးကို ဖြေရှင်းနိုင်မယ်ဆိုရင် နေ့ချင်းညချင်း သူဋ္ဌေးတောင်ဖြစ်သွားနိုင်တယ်"

တစ္ဆေသတို့သားWhere stories live. Discover now