အခန်း(၈၀)-သရဲခြောက်ခံရတယ်
ကျော့မိသားစုက ဤခရီးအတွက် အစအဆုံး တာဝန်ယူထားသည်။ ကားပေါ်မှ ဆင်းပြီးသည်နှင့် လယ်သမားတစ်ဦးထံ ငွေအမြောက်အမြား ပေးချေပြီး တစ်ညတာ တည်းခိုခွင့်ရရန် လွယ်လင့်တကူ စီစဥ်နိုင်ခဲ့သည်။
တစ်နေ့တာလုံး ပင်ပန်းဆင်းရဲကြီးစွာ ကားစီးလာပြီးနောက် နွေးထွေးသော အိပ်ရာပေါ်တွင် ထိုင်ပြီး လယ်တောဟင်းဖြင့် ထမင်းတစ်နပ်စားရခြင်းဟာ အင်မတန်အရသာရှိလှသည်။ မွေးရပ်မြေကိုပင် လွမ်းဆွတ်သွားစေနိုင်လောက်သော ကျေးလက်ဒေသ အငွေ့အသက်များနှင့် ပြည့်စုံနေခြင်းကြောင့် စူးမြောင်အာတစ်ယောက် ဗိုက်အင့်သွားသည်အထိ အပီအပြင် စားသောက်ခဲ့သည်။
ထို့အပြင် လူအင်အားတောင့်တင်းခြင်းကြောင့် လယ်သမားဇနီးမောင်နှံ၏ အိမ်ထဲတွင်သာ အကုန်စုနေ၍ မရချေ။ ထိုဇနီးမောင်နှံက ဘေးအိမ်များကိုပါ အကူအညီတောင်းပြီး အဆင်ပြေအောင် စီစဥ်ပေးသည်။ ထို့ကြောင့် ယနေ့ညတွင် တစ်အိမ်ထဲ စုမအိပ်ရဘဲအိမ်ချင်းခွဲ၍ အိပ်ရသည်။
လူသူအရောက်အပေါက်နည်းသော နေရာမျိုးဖြစ်သော်လည်း အိပ်ရာကို သေသပ်စွာ ပြင်ဆင်ပေးထားသည်။ စူးမြောင်အာနှင့် ကျော့ရှောင်ချင်းတို့က တစ်ခန်းအတူအိပ်ကြပြီး ချင်ဖုန်းနှင့် ကျော့ရှောင်ယွဲ့တို့က စူးမြောင်အာတို့နှင့် ဘေးကပ်ရပ်အခန်းတွင် အိပ်ကြသည်။
မျက်စိတစ်မှိတ်အတွင်း သန်းခေါင်ယံအချိန်သို့ ရောက်လာသော်လည်း စူးမြောင်အာမှာ ဟိုလှိမ့်သည့်လှိမ့်နှင့် အိမ်မပျော်နိုင်ဘဲဖြစ်နေသည်။ နေရာအပြောင်းအလဲကြောင့်ပေလား အခြားအကြောင်းအရင်းကြောင့်ပေလားတော့ သူမကိုယ်တိုင်ပင် မသိချေ။ ထိုအချိန်တွင် အခန်းပြတင်းပေါက်က ရုတ်တရက် ပွင့်သွားပြီး လေတိုက်သည့်အချိန်တိုင်း တကျွီကျွီမြည်နေ၏။ ခြံဝင်းထဲတွင် မိုးမခပင်ကြီးရှိနေပြီး လေတိုးသံများကိုပါ အတိုင်းသားကြားနေရသည်။ နွေရာသီဖြစ်သော်လည်း ညဥ့်ဦးပိုင်းမှစ၍ စိမ့်နေအောင် အေးသည့်အတွက် ပြတင်းပေါက်ကို ပြန်ပိတ်ရန် စဥ်းစားနေချိန်တွင် ရယ်သံတစ်သံကို ရှင်းလင်းပီသစွာ ကြားလိုက်ရလေသည်။
YOU ARE READING
တစ္ဆေသတို့သား
Horrorဘာသာပြန်သူ - စွဲညို့အသင်း စူးမြောင်အာက အပနှင်သူတစ်ဦး ဖြစ်ပြီးတော့ မတော်တဆ ကျောက်စိမ်းလည်ဆွဲလေးကို ဝတ်ဆင်မိရာကနေ တစ္ဆေတစ်ကောင်က သူ့နောက်ကို တကောက်ကောက် လိုက်ပြီး ဖလစ်ခြင်းကို ခံရမှာ ဖြစ်ပါတယ်