Part 94

300 34 0
                                    


အခန်း(၉၄)-ညှိနှိုင်းရပြန်ပြီ

"နင်ဘာလုပ်ချင်လို့လဲ"

ရုံချီက ကျေနပ်စွာ ပြုံးပြီး ပြောသည်။

"မင်းအတွက် မကောင်းတဲ့ ကိစ္စတော့ မဟုတ်ပါဘူး..ငါ ဒီနေ့ ဒီနေရာကို ရောက်လာရတဲ့ အကြောင်းအရင်းက လွန်ခဲ့တဲ့ အနှစ်တစ်ရာတုန်းက မင်းရဲ့ အမုန်းတရားတွေကို ဖြေရှင်းပေးဖို့ပဲ..ဒီနေရာမှာ အနှစ်တစ်ရာကျော်တောင် ပိတ်မိနေခဲ့ပြီးပြီမဟုတ်လား..မင်း အခု တခြားနေရာအသစ်တစ်ခုကို မပြောင်းချင်ဘူးလား"

ရုံချီက ကျော့မိသား ရင်ဆိုင်နေရသည့် ပြဿနာကို အတိုချုံ့ရှင်းပြခဲ့သည်။

"မင်းသာ ကျော့မိသားစုကို ကူညီပြီး ဖုန်းရွှေချိပ်စည်းရဲ့ ကံကြမ္မာဆိုးကို ပြောင်းလဲပေးနိုင်မယ်ဆိုရင် ကျော့မိသားစုဘက်ကနေ အထောက်အပံ့ပြန်ပေးမယ့် တစ္ဆေတစ်ကောင်ဖြစ်လာလိမ့်မယ်..သူတို့က မင်းရဲ့ ဝိညာဥ်ကို ဖျက်ဆီးမှာမဟုတ်သလို လိုလေသေးမရှိ အကုန်ဖြည့်စည်းပေးလိမ့်မယ်..ဒါ မင်းအတွက် သတင်းကောင်းပဲမဟုတ်လား"

"အဲ့ဒီမိသားစုကို ကူညီလိုက်တာနဲ့ ငါကိုယ်တိုင်လည်း ဖုန်းရွှေချိပ်စည်းထဲမှာ ပိတ်မိသွားလိမ့်မယ်..လွတ်မြောက်နိုင်မှာမဟုတ်ဘူး"

စုန့်ရှစ်က အေးစက်စွာ ပြောသည်။ သို့သော် ရုံချီက ပြတ်ပြတ်သားသား ခေါင်းခါပြသည်။

"အရှုံးကနေ အမြတ်ပြန်ရတာတွေ အများကြီးရှိတယ်..အနှစ်တစ်ရာပဲ မင်း ကျော့မိသားစုကို အနှစ်တစ်ရာပဲကူညီပေးမယ်ဆိုရင် အဲ့ဒီအနှစ်တစ်ရာပြည့်တာနဲ့ မင်းသွားချင်တဲ့နေရာကို လွတ်လွတ်လပ်လပ် သွားလို့ရပြီ"

စုန့်ရှစ်သည် သက်တမ်းရင့် တစ္ဆေတစ်ကောင်ဖြစ်သည့်အပြင် အသက်ရှင်စဥ်တုန်းက စုန်းအတတ် တတ်မြောက်ထားသူလည်းဖြစ်သည်။ စုန့်ရှစ်တွင် ယင်နှင့် ယန်ချီ စွမ်းအားကို မျှတစွာ ထိန်းချုပ်နိုင်သည့် အရည်အချင်းရှိသည်။ အဆင့်နိမ့်တစ္ဆေတစ်ကောင်သာဆိုလျှင် ဤတာဝန်မျိုးကို အနှစ်တစ်ရာအတွင်း လုပ်နိုင်လိမ့်မည်မဟုတ်ပေ။ ရုံချီ၏ ကမ်းလှမ်းမှုကို စုန့်ရှစ် ကောင်းစွာ နားလည်သည်။ သူမက အတန်ငယ်ကြာ စဥ်းစားပြီးမှ ခေါင်းမော့ပြီး အေးတိအေးစက်ပြောသည်။

တစ္ဆေသတို့သားWhere stories live. Discover now