အခန်း (၃၃) - ပြန်လည်နိုးထရာလမ်း
"တကယ်မစဥ်းစားတတ်တော့ဘူး... သူသွားတတ်တဲ့ တခြားနေရာတွေ ဘာတွေများ ရှိသေးလား"
စူးမြောင်အာ အတန်ငယ် စိုးရိမ်စပြုလာသည်။ ကျော့ရှောင်ချင်းသည် စိုးရိမ်စိတ်နှင့် ကြောက်ရွံ့စိတ်တို့ ရောထွေးသွားပြီး ဖြူဖျော့နေသော မျက်နှာဖြင့် ဦးနှောက်ကို မနားတမ်းအလုပ်ပေးနေသည်။
"တစ်နေရာ... တစ်နေရာတော့ရှိတယ်... ဒါပေမဲ့ အဲ့ဒီထဲကို ဘယ်မိသားစုဝင်ကိုမှ ဝင်ခွင့်မပေးဘူး... အဲ့တာကြောင့်ညီမ မသွားရဲဘူး ကြောက်တယ်"
"အရုဏ်မတက်ခင်မှာ ကျော့အန်းအန်းရဲ့ ဝိညာဥ်ကိုရှာမတွေ့ဘူးဆိုရင် နောက်ဆက်တွဲ ပြဿနာတွေက တသီတတန်းကြီးပဲနော်"
စူးမြောင်အာ အသံကိုဖိပြီး အလေးအနက် ပြောလိုက်သည်။ ကျော့ရှောင်ချင်းသည် စူးမြောင်အာ၏ စကားကြောင့် လန့်သွားပြီး မဝံ့မရဲ ပြန်မေးသည်။
"ရှာမတွေ့ရင် ဘာဖြစ်မှာလဲဟင်"
ထိုအချိန်မှသာ စူးမြောင်အာသည် ကျော့ရှောင်ချင်းကို ကြောက်သွားအောင် မခြောက်မိစေရန် စိတ်ထိန်းပြီး ဖြည်းဖြည်းချင်း ရှင်းပြလိုက်သည်။
"ဘာဖြစ်မှာလဲဆိုတော့ ဝိညာဥ်မရှိတဲ့ ခန္ဓာကိုယ်ဆိုတာ ဒီအတိုင်း အခွံလွတ်ကြီးနဲ့ ဘာများကွာသေးလို့လဲ... ကျော့အန်းအန်းရဲ့ အနာဂတ်အတွက် အရမ်းစိုးရိမ်ဖို့ ကောင်းတယ်... . ကလေးက တခြားသူတွေထက် ပိုပြီး ချူချာလိမ့်မယ်... မကြာခဏ အနာတရဖြစ်လိမ့်မယ်... ကုန်ကုန်ပြောရရင် အသက်ဆယ့်ခုနစ်နှစ်ထက် ပိုပြီးသက်စိုးမရှည်နိုင်ဘူး"
ကျော့ရှောင်ချင်းသည် ကျော့အန်းအန်း၏ အဖေဖြစ်သော သူမ၏ အစ်ကိုနှင့် မရီးတို့က သူမအပေါ် ဆိုးရွားစွာ နိုင်ထက်စီးနင်းဆက်ဆံလေ့ ရှိသော်လည်း တူလေး ကျော့အန်းအန်းကိုမူ ယခုလိုမျိုး ဒုက္ခမရောက်စေချင်ပေ။ ကျော့ရှောင်ချင်းသည် အကယ်စင်စစ်ကို စိတ်ထားကောင်းသော မိန်းမပျိုလေးဖြစ်သည်။
"အဲ့ဒီနေရာက ကျော့မိသားစုရဲ့ ဘိုးဘွားခန်းမပဲ... အရင်ကဆို အန်းအန်းက အဲ့ဒီနေရာကို ခိုးဝင်ရတာ ကြိုက်တယ်... ဒါပေမဲ့ ဘိုးဘိုးတွေ့သွားရင် အရမ်းဒေါသထွက်ပြီးရစရာမရှိအောင် ဆူတာလေ... ."
YOU ARE READING
တစ္ဆေသတို့သား
Horrorဘာသာပြန်သူ - စွဲညို့အသင်း စူးမြောင်အာက အပနှင်သူတစ်ဦး ဖြစ်ပြီးတော့ မတော်တဆ ကျောက်စိမ်းလည်ဆွဲလေးကို ဝတ်ဆင်မိရာကနေ တစ္ဆေတစ်ကောင်က သူ့နောက်ကို တကောက်ကောက် လိုက်ပြီး ဖလစ်ခြင်းကို ခံရမှာ ဖြစ်ပါတယ်