အခန်း(၁၁)-အတားအဆီး
ရုံချီက ခေါင်းငိုက်စိုက်ချပြီး ပြန်ဖြေသည်။
"အဲ့ဒီအချိန်တုန်းက ကိုယ်အားနည်းနေလို့ သူတို့ကိုဘာမှမလုပ်လိုက်နိုင်ဘူး... ဒီအတိုင်း သူတို့ဘာသာ သတိလစ်သွားကြတာ"
ရုံချီ၏ ပြန်ဖြေသံကို ကြားရမှသာ စူးမြောင်အာတစ်ယောက် တိတ်တခိုး သက်ပြင်းချလိုက်မိသည်။ အကြောင်းအရင်းကို မပြောပြတတ်သော်လည်း သူမ၏ စိတ်ထဲတွင် ရုံချီ လူသတ်မိမည်ကို စိုးရိမ်နေခဲ့သည်။
"ရှင့်ဒဏ်ရာတွေရော ဘယ်လိုနေသေးလဲ"
"အဆင်ပြေပါတယ် ရက်နည်းနည်းလောက် ကြာရင်ပြန်သက်သာသွားမှာပါ... ဘာပဲဖြစ်ဖြစ် သူတို့ ကိုယ့်ကိုသတ်လို့မရပါဘူး... ဒါပေမဲ့ ကျော့မိသားစုက ဒီလိုမျိုးကတိလွယ်လွယ်ဖျက်လိမ့်မယ်လို့ မထင်ထားမိဘူး... ဘယ်အချိန်ထဲက ကျော့ရှစ်အန်းမှာ ဒီလိုသတ္တိမျိုး ရှိသွားရတာလဲ... သူ အဲ့တာကို စိုးရိမ်နေတာ... ... "
ရုံချီက စကားရပ်လိုက်သည်။ သူနှင့် ကျော့မိသားစုကြားတွင် ပတ်သတ်မှု တစ်စုံတစ်ခုရှိနေကြောင်း ထင်ရှားသည်။
ညချမ်းအချိန်အခါ တိုက်ခတ်နေသော လေညှင်းထဲတွင် အေးစိမ့်မှုများ ရောယှက်နေသည်။
နွေရာသီဖြစ်သော်လည်း ညဘက်တွင် တိုက်ခတ်နေသော လေက အလွန်ချမ်းအေးလှသည့်အတွက် စူးမြောင်အာတစ်ယောက် ခိုက်ခိုက်တုန်အောင် ချမ်းလာတော့သည်။ ထို့အပြင် ဟိုတယ်မှ ရေးကြီးသုတ်ပျာထွက်လာရခြင်းကြောင့် သူမ၏ အပေါ်ထပ် ကုတ်အကျီလည်း ကျန်ခဲ့သည်။ ရုံချီက သူမကို အားနာသောအကြည့်မျိုးဖြင့် ထပ်ကြည့်သည်။
"မင်း အရင်ပြန်နှင့်လိုက်ပါလား... ကိုယ်က ဒီမှာ တစ်ညလုံးနေရလည်း ဘာမှမဖြစ်ပေမယ့် မင်းကတော့ အဆင်ပြေမှာမဟုတ်ဘူး ဖျားသွားလိမ့်မယ်"
သူမနှင့် ရုံချီတို့သည် မတူညီသော ကမ္ဘာနှစ်ခုတွင် နေထိုင်ကြသူများဖြစ်ပြီး ရုံချီက သူနေချင်သော နေရာတွင် စိတ်ရှိသရွေ့ နေထိုင်နိုင်သည်။ နောက်တစ်ကြိမ် ပြန်တွေးစရာပင်မလိုဘဲ နေရာမှ ချက်ချင်း ပြန်ထွက်လာသင့်သော်လည်း ထိလွယ်ရှလွယ်ဖြစ်နေသော ယုန်ဖြူလေးကို သည်အတိုင်း မထားခဲ့ရက်ဘဲဖြစ်နေသည်။သို့သော် ရုံချီ ပြောသည့်အတိုင်းပင် သူမသာ ဤနေရာတွင် ညလုံးပေါက်နေမိပါက နောက်တစ်နေ့နံနက်တွင် ဆေးရုံသို့ တန်းရောက်သွားလိမ့်မည်။
YOU ARE READING
တစ္ဆေသတို့သား
Horrorဘာသာပြန်သူ - စွဲညို့အသင်း စူးမြောင်အာက အပနှင်သူတစ်ဦး ဖြစ်ပြီးတော့ မတော်တဆ ကျောက်စိမ်းလည်ဆွဲလေးကို ဝတ်ဆင်မိရာကနေ တစ္ဆေတစ်ကောင်က သူ့နောက်ကို တကောက်ကောက် လိုက်ပြီး ဖလစ်ခြင်းကို ခံရမှာ ဖြစ်ပါတယ်