အခန်း(၁၂)-တစ္ဆေနဲ့တွေ့တဲ့အခါနောက်ပြန်လှည့်မကြည့်နဲ့
ချင်ရှန်းသုံးသည် လောင်ဝမ်၏ အမိန့်ကို နာခံခဲ့သည်။ သူက အနီရောင်ဂါဝန်ဖြင့် အမျိုးသမီးကို နောက်တစ်ကြိမ် ထပ်မကြည့်တော့ဘဲ ကားကို အရှိန်မြှင့်ပြီး ဆက်မောင်းလာခဲ့သည်။
တစ်ချိန်တည်းမှာပင် စူးမြောင်အာလည်း လောင်ဝမ်ကညဘက် ကားမောင်းရာတွင် ချင်ရှန်းသုံးထက် ပိုအတွေ့အကြုံရှိကြောင်း သိလိုက်ရခြင်းကြောင့် စိတ်သက်သာရာရသွားသည်။
သို့သော် ပြဿနာက သည်လောက်နှင့် ပြီးမသွားချေ။
အနီရောင်ဂါဝန်ဖြင့် အမျိုးသမီးကို ဖြတ်မောင်းသွားချိန်တွင် သူမက ကားတားနေခြင်းကို ရပ်ပြီး ကားပေါ်သို့ ရုတ်တရက် ခုန်တက်လာသည်။
"အား... ... !"
ချင်ရှန်းသုံးသည် ထင်မှတ်မထားသော အဖြစ်အပျက်ကြောင့် တစ်ကိုယ်လုံး ကြက်သီးမွှေးညှင်းများထလာပြီး ဖြူဖပ်ဖြူရော်ဖြစ်သွားသည်။ သူက လောင်ဝမ်ကို ကြော က်ကြောက်လန့်လန့်ဖြင့် လှည့်ကြည့်သည်။ဤတစ်ကြိမ်တွင် လောင်ဝမ်လည်း မရေမရာဖြစ်သွားပုံရသည်။ အဘယ်ကြောင့်ဆိုသော် အဖြစ်အပျက်က လက်တွေ့ဆန်လွန်းသည့်အတွက် စူးမြောင်အာပင်လျှင် လူစင်စစ်ကို ဝင်တိုက်မိသွားသလား အောက်မေ့ရသည်။
"မရပ်နဲ့ ဆက်မောင်းပါ"
သို့သော် အနီရောင်ဂါဝန်ဖြင့် အမျိုးသမီးက လူသားစင်စစ်မဟုတ်ကြောင်း စူးမြောင်အာ အသေအချာ သိသည်။ ထို့ကြောင့် ချင်ရှန်းသုံး ကြောက်အားလန့်အားဖြင့် ကားရပ်တော့မည့်ဆဲဆဲတွင် သူမကိုယ်တိုင် ဝင်ပြောလိုက်သည်။ မည်သို့ပင်ဖြစ်စေ ကားက အရှိန်နှေးသွားပြီဖြစ်သည်။ ချင်သုံးရှန်းက သူမ၏ စကားကို နားမထောင်ခြင်းကြောင့် စူးမြောင်အာလည်း စိုးရိမ်လာရတော့သည်။
"ကျေးဇူးပြုပြီး ကားမရပ်ပါနဲ့ သူက လူမဟုတ်ဘူး... အစ်ကို ကားရပ်လိုက်မှ အားလုံးသေကုန်လိမ့်မယ်"
လောင်ဝမ်က စူးမြောင်အာကို လှည့်ကြည့်သည်။
"အား... ... !"ထိုအချိန်တွင် ချင်ရှန်းသုံးက အသံနက်ကြီးဖြင့် ထအော်သည်။ အဘယ်ကြောင့်ဆိုသော် သူ့အရှေ့ရှိ ကားမှန်ပေါ်တွင် ကြောက်လန့်ဖွယ်ရာ အပြုံးမျိုးဖြင့် ပြုံးပြနေသော အနီရောင်ဂါဝန်ဝတ် အမျိုးသမီးကို မြင်လိုက်ရခြင်းကြောင့်ပင်။ သူမက အက်ရှနေသော လေသံဖြင့် မတိုးမကျယ် ရေရွတ်နေ၏။
YOU ARE READING
တစ္ဆေသတို့သား
Horrorဘာသာပြန်သူ - စွဲညို့အသင်း စူးမြောင်အာက အပနှင်သူတစ်ဦး ဖြစ်ပြီးတော့ မတော်တဆ ကျောက်စိမ်းလည်ဆွဲလေးကို ဝတ်ဆင်မိရာကနေ တစ္ဆေတစ်ကောင်က သူ့နောက်ကို တကောက်ကောက် လိုက်ပြီး ဖလစ်ခြင်းကို ခံရမှာ ဖြစ်ပါတယ်