Part 89

214 16 0
                                    


အခန်း(၈၉)-အလုပ်ရှင်-အလုပ်သမားဆက်ဆံရေး

နောက်တစ်နေ့နံနက် နံနက်စာစားပြီးချိန်တွင် ရုံချီက တုတ်တုတ်မလှုပ်ဘဲ အေးအေးလူလူ ထိုင်နေ၏။

ကျော့ချင်းယွင်က ရတက်မအေးစွာ မေးသည်။

"ရုံသခင်လေး ဒီနေ့အလုပ်စလို့ရပြီမဟုတ်ဘူးလား"

"ညဘက်မှ အလုပ်စမယ်..နေ့ဘက်သွားရှာရင် ဘာမှအဆင်ပြေမှာမဟုတ်ဘူး..သေချင်ရင်တော့ သွားလုပ်ပေါ့"

ရုံချီက ကျော့ချင်းယွင်ကို စိတ်မကြည်သော လေသံဖြင့် ပြန်ဖြေသည်။ ကျော့ချင်းယွင်မှာ ရုံချီကို ကလန်ကဆန် မလုပ်ဝံ့သည့်အတွက် ဘာမှဆက်မမေးတော့ဘဲ ကူကယ်ရာစွာ ပြန်လှည့်ထွက်သွားသည်။ ထို့ကြောင့် နေ့ခင်းဘက်တွင် တရေးတမော အိပ်ပြီး အနားယူရန် အချိန်ပိုနေသော်လည်း ဘယ်သူမှ စိတ်အေးလက်အေး မအိပ်နိုင်ဘဲဖြစ်နေကြသည်။ ထိုအချိန်တွင် ကျော့ရှောင်ချင်းကခြံအနောက်ဘက်၌ တရုတ်ဇီးသီးပင်တစ်ပင် ရှာတွေ့ခဲ့သည်။

"အစ်မမြောင်မြောင် ဒီကို အမြန်လာပါအုံး..ဇီးသီးပင်ကြီးက အကြီးကြီးပဲ.. ဘယ်သူမှ ဇီးသီးလာမကောက်ကြဘူးထင်တယ်..ညီမတို့ အတူကောက်ရအောင်လေ"

အများအားဖြင့် တရုတ်ဇီးသီးပင်များသည် နွေနှောင်းပိုင်းနှင့် ဆောင်းဦးပေါက်တွင် ကောင်းစွာ ရှင်သန်ကြီးထွားမှုမရှိပေ။ သို့သော် သူမ ရောက်သွားချိန်တွင် တစ်ပင်လုံး နီရဲနေသော ဇီးသီးပင်ကြီးကို မြင်လိုက်ရသည်။ ၎င်းက မြို့ပြတွင် ကြီးပြင်းလာသော အမျိုးသမီးတစ်စုအတွက် အသစ်အဆန်းဖြစ်နေပြီး မကြာမီတွင် ချင်ဖုန်းနှင့် ကျော့ရှောင်ယွဲ့ပါ ရောက်လာသည်။ ဤသို့ဖြင့် တရုတ်ဇီးသီးပင်ကြီးအောက် ထိုင်ခုံရွှေ့သူကရွှေ့၊ လှေကားထောင်သူကထောင်နှင့် အလုပ်ရှုပ်နေကြသည်။ ၎င်းက မူလတန်းကျောင်းသားဘဝက သင်ခဲ့ရသော'လမ်းပေါ်မှာဇီးပန်းပွင့်တွေဝေဆာလို့ရယ်'ဟူသော ကဗျာစာသားတစ်ကြောင်းကို ရုတ်တရက် အမှတ်ရသွားစေသည်။

"ဘာတွေလုပ်နေကြတာလဲ"

ထိုအချိန်တွင် ယဲ့ချွင်နှင့် ထန်ဝူလည်း ရောက်လာပြီး စိတ်ဝင်တစား မေးသည်။ရုတ်တရက်ဆိုသလို စူးမြောင်အာ အကြံဆိုးတစ်ခုရသွားပြီး လက်ထဲမှ ဇီးသီးတစ်စေ့စီကို သူတို့နှစ်ဦး၏ ပါးစပ်ထဲသို့ လှစ်ခနဲ ထည့်လိုက်သည်။ ထင်မှတ်မထားသော လုပ်ရပ်ကြောင့် ယဲ့ချွင်ရော ထန်ဝူပါ ကြောင်တက်တက်ဖြင့် ဇီးသီးစားလိုက်ရသည်။ မကြာမီတွင် သူတို့နှစ်ဦး၏ အမူအရာက တစ်ပြိုင်တည်း ပြောင်းလဲသွားသည်။ ယဲ့ချွင်နှင့် ထန်ဝူတို့၏ ရှုံ့မဲ့နေသော မျက်နှာကို ကြည့်ပြီး စူးမြောင်အာ အားပါးတရ ရယ်မောလိုက်သည်။

တစ္ဆေသတို့သားWhere stories live. Discover now