အခန်း(၉၉)-အခိုးအငွေ့
ရုံချီက အိုးကို လွယ်အိတ်ထဲသို့ ထည့်ပြီးနောက် စူးမြောင်အာကို ကျောပိုးပြီး စုရပ်သို့ ပြန်လာခဲ့သည်။ သို့သော် စုရပ်သို့ ပြန်မရောက်မီ မှိန်ပျပျ မီးအလင်းရောင်တချို့ကို လှမ်းမြင်ရချိန်တွင် ရုံချီက သူမကို မြေကြီးပေါ်သို့ ရုတ်တရက် ပစ်ချလိုက်သည်။ ရပ်မည်ဟု မပြောဘဲ ရုတ်တရက် ပစ်ချခံလိုက်ရခြင်းကြောင့် စူးမြောင်အာမှာ ချာချာလည် ခေါင်းမူးသွားရသည်။ ကံကောင်းထောက်မစွာဖြင့် မြက်ခင်းကထူနေခြင်းကြောင့် မနာသွားသော်လည်း ရုံချီကို ဒေါသတကြီး ရန်တွေ့ရန် ဟန်ပြင်လိုက်သည်။
"ဒီမှာ ရှင်... "
"ရှုး...တစ်ယောက်ယောက်ရှိနေတယ်"
ရုံချီက သူမ၏ ပါးစပ်ကို ကပျာကယာ လှမ်းပိတ်ပြီး အဝေးတစ်နေရာသို့ ကြည့်သည်။ စူးမြောင်အာလည်းရုံချီ ကြည့်နေသည့်နေရာသို့ လှမ်းကြည့်လိုက်ရာ ချုံပုတ်ထဲတွင် အချင်းချင်း တင်းကျပ်စွာ ပွေ့ဖက်ထားသော ယောကျာ်းတစ်ဦးနှင့် မိန်းမတစ်ဦးကို မြင်လိုက်ရသည်။
"ကျွန်မ တကယ် သည်းမခံနိုင်တော့ဘူး..ဒီကိစ္စက ဘယ်လောက်အန္တရာယ်များမှန်း ရှင်လည်း သိတာပဲမဟုတ်လား..ကျော့ရှောင်တုန်းက သူ့အတွက်သူပဲ ကြည့်တတ်တဲ့ တစ်ကိုယ်ကောင်းသမား..သူ ကျွန်မကို ဘယ်တုန်းကမှ ဂရုစိုက်တာမဟုတ်ဘူး..ပြီးတော့ ကျွန်မကိုလည်း မချစ်ဘူး"
အမျိုးသမီးကား ချင်ဖုန်းဖြစ်နေ၏။
"ရှောင်ဖုန်း အရမ်းစိတ်မညစ်ပါနဲ့.. ကျော့မိသားစုရဲ့ အတွင်းရေးကိစ္စကို အစ်ကို သေချာမသိပေမယ့် မင်းကိုယ်တိုင်လည်း ချမ်းသာတဲ့ ဘဝမှာ နေချင်လို့ သူ့ကို လိုလိုလားလား လက်ထပ်ခဲ့တာမဟုတ်လား"
ထိုအသံပိုင်ရှင်ကား ထန်ဝူဖြစ်သည်။
စူးမြောင်အာထင်သည့်အတိုင်းပင် ထန်ဝူနှင့် ချင်ဖုန်းတို့ကြားတွင် အသိမိတ်ဆွေဆက်ဆံရေးထက် အဆင့်ပိုသော ဆက်ဆံရေးတစ်ခုရှိနေသည်။
"အစ်ကိုထန်က ကျွန်မကို အပြစ်တင်ချင်နေတာလား..ကျေးဇူးပြုပြီး ကျွန်မကို ကယ်ပါအုံး..ခုနတုန်းက သရဲအခြောက်ခံရလို့ ထွက်ပြေးရင်း ဟိုအဘိုးကြီးပြောနေတာကို ကြားခဲ့တယ်..သူက ဟိုတစ္ဆေလေးကို ကျွန်မ ဗိုက်ထဲ ဝင်စားပြီး မွေးခိုင်းချင်နေတာ..ကျွန်မ မမွေးချင်ဘူး..အဲ့ဒီအဘိုးကြီးက သူ့သားနဲ့ သမီးကိုပဲ ရွှေလိုသဘောထားတာ..ဒီတစ်ကြိမ် သူ ကျွန်မကို အသုံးချမှာ သေချာတယ်"
YOU ARE READING
တစ္ဆေသတို့သား
Horrorဘာသာပြန်သူ - စွဲညို့အသင်း စူးမြောင်အာက အပနှင်သူတစ်ဦး ဖြစ်ပြီးတော့ မတော်တဆ ကျောက်စိမ်းလည်ဆွဲလေးကို ဝတ်ဆင်မိရာကနေ တစ္ဆေတစ်ကောင်က သူ့နောက်ကို တကောက်ကောက် လိုက်ပြီး ဖလစ်ခြင်းကို ခံရမှာ ဖြစ်ပါတယ်