Part 73

544 39 0
                                    


အခန်း(၇၃)- ဇီဇာကြောင်တဲ့ယောကျာ်း

စူးမြောင်အာ ကုန်တိုက်သို့ တန်းတန်းမတ်မတ် ထွက်လာခဲ့သည်။ ယမန်နေ့ညက သူမနှင့် ရုံချီတို့ ခိုးကြောင်ခိုးဝှက် ခေါင်းတလားဖွင့်ခဲ့သည့်ကိစ္စကို မည်သူမှ မရိပ်မိခဲ့ကြသော်လည်း ယနေ့နံနက်ခင်း သတင်းအစီအစဥ်တွင် သာမန်နေ့များထက် ကွဲထွက်နေသော သတင်းများက မြိုင်မြိုင်ဆိုင်ဆိုင် နေရာယူထားလျက်ရှိသည်။

ခြောက်လှန့်မှုများကြောင့် ရပ်နားထားရသော ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် ရှေးဟောင်းဂူသချိုင်းနှင့် ခေါင်းတလားများ ရှာတွေ့သည့် သတင်း၊ ခေါင်းတလားများထဲတွင် ချင်မင်းဆက်ကတည်းက တည်ရှိခဲ့ပုံရသော ရှေးအကျဆုံး ခေါင်းတလားထဲမှ အလောင်းကောင် ညတွင်းချင်း ပျောက်ဆုံးသွားသည့်သတင်း၊ ရှေးဟောင်းသုတေသနအဖွဲ့မှ ဝန်ထမ်းများ ထူးဆန်းစွာ သတိလစ်သွားပြီး ပြန်နိုးလာချိန်တွင် အဝတ်အစားအချို့နှင့် ယွမ်လေးရာနီးပါး ပျောက်ရှသွားသည့်သတင်းစသဖြင့်။ ဤဖြစ်ရပ်နောက်ကွယ်တွင် ကြိုးကိုင်နေသူ သို့မဟုတ် လူသိမခံနိုင်သော လျှို့ဝှက်ချက်ရှိမရှိ မေးခွန်းပေါင်းများစွာဖြင့် ပွတ်လောရိုက်နေကြလေသည်။

စူးမြောင်အာ ကုန်တိုက်သို့ ရောက်လာချိန်တွင် နံနက်ဆယ်နာရီထိုးနေချေပြီ။ သူမ၏ ဘဝတွင် ယောကျာ်းတစ်ယောက်အတွက် အဝတ်အစားဝယ်ပေးရခြင်းက ဤတစ်ကြိမ်တွင်မှ ပထမဆုံးအကြိမ်ဖြစ်ပြီး မည်သည့်အဝတ်အစားမျိုး ရွေးချယ်သင့်ကြောင်း ရေရေရာရာ မသိပေ။ ထို့ကြောင့် မော်ဒယ်ကိုယ်တိုင် ဝတ်ပြပြီး ကြော်ငြာထားသော အဝတ်အစားများကိုသာ လက်ညှိုးထိုးပြီးအကုန်ဝယ်ချလာခဲ့သည်။ ထို့နောက် အမျိုးသမီးအဝတ်အထည်ဆိုင်နှင့်လျှပ်စစ်ပစ္စည်းအရောင်းဆိုင်တို့တွင် လိုအပ်သော ပစ္စည်းအချို့ဝယ်ယူပြီး အိမ်ပြန်လာခဲ့သည်။

ရုံချီ၏ တုံ့ပြန်မှုက သူမ ထင်ထားသည့်အတိုင်းဖြစ်နေခဲ့သည်။

"မြောင်မြောင် မင်း ဘာအကျီတွေ ဝယ်လာတာလဲ..ဒီအရောင်ကြီးက အရမ်းမှိုင်းလွန်းတယ်..ဖိနပ်မှာ ဒီလိုအစင်းကြောင်းတွေပါတာ မကြိုက်ဘူး မျက်စိရှုပ်စရာကြီး..ဒီဘောင်းဘီကိုလည်း ကြည့်အုံး အခုခေတ်မှာ ဘယ်သူက ဒီလို ဘောင်းဘီအကျပ်တွေ ဝတ်သေးလို့လဲ..ဘုရားရေ မြောင်မြောင် မင်းအတွက် မင်းကိုယ်တိုင် ဝယ်လာတဲ့ အဝတ်အစားတွေကလည်း ပုံတုံးလိုက်တာလွန်ရော..ဒီစကပ်လေးကျ ဘာဖြစ်လို့ နှစ်ထည်ဝယ်မလာတာလဲ..မင်း ဝယ်လာသမျှထဲမှာ အဲ့ဒီစကပ်လေးက မင်းနဲ့ အလိုက်ဆုံးပဲ..နေပါအုံး ဒါကရော ဘာကြီးလဲ..ကိုယ့်အတွက် ဝယ်လာတာလား"

တစ္ဆေသတို့သားWhere stories live. Discover now