Part 60

564 47 0
                                    


အခန်း(၆၀) -တန်ပြန်သက်ရောက်မှု

ရုံချီက လက်လေးချောင်းထောင်ပြသည်။

"နောင်အနာဂတ်မှာ ကျော့မိသားစုက အသက်လေးချောင်း ပြန်ပေးဆပ်ရလိမ့်မယ်..ခင်ဗျားရဲ့ အနီးအနားမှာ ရှိနေတဲ့ ဆွေမျိုးသားချင်းတွေဖြစ်မလား ဒါမှမဟုတ် ခင်ဗျားကိုယ်တိုင် ပြန်ပေးဆပ်မလားပေါ့"

"ဟိုတစ္ဆေအမျိုးသမီးကို သုံးရင်ရော"

"သူ့ကို သုံးရင်တော့ အသက်နှစ်ချောင်းပဲ လိုတယ်..တစ်ယောက်က သေပြီးသားဖြစ်ပြီး နောက်တစ်ယောက်က မသန်မစွမ်းဖြစ်ရင်ရပြီ..ကျုပ်မှတ်မိသလောက်ဆို ရင် လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်တုန်းက ရေတွင်းထဲမှာ တစ္ဆေတွေကို ပိတ်ပစ်တော့ ခင်ဗျားရဲ့ အစ်ကိုကြီးအိပ်ရာထဲလဲသွားတယ်မဟုတ်လား"

ကျော့ချင်းယွင်၏ အမူအရာဟာ ရုတ်တရက် ပြောင်းလဲသွားပြီး လူတစ်ကိုယ်လုံး အထိန်းအကွပ်မဲ့စွာ တုန်ယင်သွားသည်။ လောကသဘာဝနှင့် ဆန့်ကျင်ပြီး ကံကြမ္မာကို ပြုပြင်ယူထားခြင်းအတွက် တန်ရာတန်ကြေးကို ပြန်ပေးဆပ်ရလိမ့်မည်။ မည်သူကမှ ရှောင်လွဲ၍ မရနိုင်ပေ။ ကျော့ချင်းယွင်သည် အချိန်အတန်ကြာ စဉ်းစားပြီးမှ ထိုင်ခုံပေါ်သို့ အားပြတ်စွာ ပြန်ထိုင်ချသည်။

"ငါ မင်းပြောတဲ့ နည်းလမ်းကိုပဲ သုံးမယ်..အဲ့ဒီတစ္ဆေအမျိုးသမီးကို ဘယ်တော့သွားရှာကြမလဲ"

"နောက်ဆယ်ရက်ကြာမှ လှုပ်ရှားမယ်..ဒီအတောအတွင်း တခြားလုပ်စရာရှိသေးတာမို့ ခင်ဗျား ကျုပ်ကို လိုက်မလောနေရင် ကောင်းမယ်..ပြီးတော့ ခင်ဗျားကိုတောင်းဆိုစရာတစ်ခုကျန်သေးတယ်"

"ပြောပါ"

"ကျော့ရှောင်ချင်းကို ထပ်ပြီး ဒုက္ခမပေးပါနဲ့တော့..သူ့ကို ပိုက်ဆံလုံလုံလောက်လောက် ထောက်ပံ့ပြီး စံအိမ်ကနေ ထွက်သွားခွင့်ပေးလိုက်ပါ"

ရုံချီက ပေါ့ပေါ့ပါးပါး ပြောသည်။

ထိုစကားကြောင့် ကျော့ချင်းယွင်က ရုံချီကို အေလးအနက် စိုက်ကြည့်သည်။ စူးမြောင်အာလည်း အတော်လေး အံ့သြသွားရသည်။ မထင်မှတ်ဘဲ ရုံချီက ကျော့ရှောင်ချင်း၏ အသက်ကို နောက်တစ်ကြိမ် ကယ်တင်ပေးခဲ့သည်။ နောင်တစ်ချိန် ကျော့မိသားစု၏ အဆုံးသတ်သို့ ရောက်လာချိန်တွင် ကျော့ရှောင်ချင်းကို မထိခိုက်စေလိုသည့်အပြင် ကျော့ချင်းယွင်ကို အဖေကောင်းတစ်ဦးဖြစ်ခွင့်ပေးလိုက်ခြင်းဖြစ်သည်။

တစ္ဆေသတို့သားWhere stories live. Discover now