အခန်း(၈၄)- နတ်ဝင်သည်
ရုံချီက သက်ပြင်းချပြီး ဆက်ပြောသည်။
"အမှန်တော့ သူက အစထဲက နတ်ဝင်သည် အာ..ဘယ်လိုပြောရမလဲ စုန်းအတတ်တတ်တယ်လို့ ပြောရမလားဘဲ..သူအရင်တုန်းက အဲ့ဒီအတတ်ပညာနဲ့ လူတွေကို ထိခိုက်အောင် လုပ်ဖူးမလုပ်ဖူးတော့ ကိုယ်လည်း မသိပေမယ့် သူမိသားရဲ့ မျိုးရိုးစဥ်ဆက် ဘိုးဘေးဘီဘင်တွေကတော့ ရွာလုံးကျွတ် သတ်ပစ်ပြီး ယစ်ပူဇော်တာမျိုးလုပ်ခဲ့ဖူးတယ်..ရွာလုံးကျွတ်ဆိုတော့ လူအယောက်တစ်ရာလောက် သွေးချောင်းစီးခဲ့ရတာပေါ့..ဝဋ်ဆိုတာ တကယ် ဆန်းကြယ်တယ်..သူ ဒီလိုကြုံတွေ့ခဲ့ရတာကို ဝဋ်ပြန်လည်တယ်လို့ပဲ ပြောရမှာပေါ့"
စူးမြောင်အာ ဖြည်းဖြည်းချင်း နားလည်လာသည်။
"ဒါဆိုရင် အဲ့ဒီရွာက..."
"တောင်သုံးလုံးဒေသက ရွာတော့မဟုတ်ဘူး..ဒါပေမဲ့ ဒီဒေသနဲ့ အနီးတစ်ဝိုက်မှာ အရင်ကတည်းက ရှိခဲ့ဖူးတဲ့ ရွာတစ်ရွာပေါ့"
စူးမြောင်အာ တိတ်တခိုး သက်ပြင်းချလိုက်သည်။
"ဒါဆိုရင် ရှင်က ဒီလိုဇာတ်သိမ်းမလှတဲ့ တစ္ဆေကိုမှ ကျော့မိသားစုထဲကို ပို့ပစ်မယ်ပေါ့လေ"
"ဘာဖြစ်လို့ အဲ့ဒီလိုလုပ်လို့မရရမှာလဲ..ရာစုနှစ်တစ်စုစာလောက်တောင် ကြာခဲ့ပြီပဲလေ..သူ့ရဲ့ အမုန်းအာဃာတတွေလည်း ပြေသင့်သလောက် ပြေရောပေါ့.. ကျော့မိသားစုဘက်က သူတို့ရဲ့ ကံကြမ္မာဆိုးကို ပြောင်းလဲပစ်ဖို့အတွက် အရေးတကြီး လိုအပ်နေသလို သူကလည်း ဒီမှာ အမြှုပ်ခံထားရတာ အရမ်းကြာနေပြီဆိုတော့ နေရာသစ်တစ်ခုကို ပြောင်းချင်နေမှာပါ"
ရုံချီက ပြုံးပြီး ပြောသည်။ ထို့နောက် နှစ်ဦးသား လမ်းဆက်ရှာခဲ့ကြသည်။ ရှေ့ဆက်လျှောက်လေလေ လမ်းခရီးက ကြမ်းသထက် ပိုကြမ်းလာလေလေပင်။ နေ့လည်ခင်းတွင် နောက်တစ်ကြိမ် အမောဖြေခဲ့ကြသည်။ ရုံချီက လွယ်အိတ်ထဲမှ မုန့်နှင့် သောက်စရာအချို့ထုတ်ပေးသည်။ ရုံချီထံမှ မုန့်ရသည်နှင့် စူးမြောင်အာ ကမန်းကတန်း ဖောက်စားလိုက်သည်။
"ဖြည်းဖြည်းစားပါ..မင်းဆီကနေ ဘယ်သူမှ လုမစားပါဘူး"
ရုံချီက သဘောတကျ ရယ်ရင်း ပြောသည်။ ထိုအချိန်တွင် စူးမြောင်အာသည် ရုံချီပြောဖူးသည့် 'အဲ့ဒီအချိန်တုန်းက စုကျင်းလည်း ကိုယ်နဲ့အတူရှိနေသေးတယ်' ဟူသောစကားကို ရုတ်တရက် ပြန်အမှတ်ရသွားသည်။
YOU ARE READING
တစ္ဆေသတို့သား
Horrorဘာသာပြန်သူ - စွဲညို့အသင်း စူးမြောင်အာက အပနှင်သူတစ်ဦး ဖြစ်ပြီးတော့ မတော်တဆ ကျောက်စိမ်းလည်ဆွဲလေးကို ဝတ်ဆင်မိရာကနေ တစ္ဆေတစ်ကောင်က သူ့နောက်ကို တကောက်ကောက် လိုက်ပြီး ဖလစ်ခြင်းကို ခံရမှာ ဖြစ်ပါတယ်