အခန်း(၈၂)-လမ်းရှာပုံတော်
ထန်ဝူသည် အသက်သုံးဆယ်ဝန်းကျင် ယောကျာ်းတစ်ဦးဖြစ်ပြီး ရုပ်ရည်မရှိသော်လည်း တောက်ပသော မျက်ဝန်းတစ်စုံကိုပိုင်ဆိုင်ထားသည်။ အကြမ်းဖျင်းအားဖြင့် ထန်ဝူကဲ့သို့ ယောကျာ်းမျိုးသည် သစ္စာရှိသည်ဟု ထင်ရသော်လည်း နားလည်ရခက်သော ယောကျာ်းမျိုးဖြစ်သည်။
"အရင်ကလို မဟုတ်တော့ဘူး..အများကြီး ပြောင်းလဲသွားပြီ..ဒီလမ်းတစ်ခုကိုပဲ မှတ်မိတာဆိုတော့ လူခွဲပြီး ဖြတ်လမ်းရှာကြရင် ကောင်းမယ်ထင်တယ်..အကယ်၍ တစ်ခုခု ထူးခြားတာရှိခဲ့ရင် ဒီမီးရှုးမီးပန်းကို ကောင်းကင်ပေါ် ထောင်ပစ်လိုက်ပါ"
ထန်ဝူက ခပ်ဟဟ ရယ်ပြီး ပြောသည်။
"ဒီခေတ်မှာ မီးရှုးမီးပန်းလို့ ပြောတဲ့လူရှားသွားပြီ..အချက်ပြမီးကျည်လို့ပဲ ပြောကြတာမဟုတ်ဘူးလား"
"တတိယတောင်ကုန်းက အရမ်းမာယာများသလို အန္တရာယ်လည်းရှိတယ်..ရုံချီက စိုးရိမ်လို့ပြောတာပါ"
ယဲ့ချွင်က ပြေရာပြေကြောင်း ဝင်ပြောသည်။ ထို့ ကြောင့် ထန်ဝူလည်း ဘာမှဆက်မပြောတော့ပေ။ဤသို့ဖြင့် စူးမြောင်အာနှင့် ရုံချီက တစ်ဖွဲ့၊ ထန်ဝူနှင့်ယဲ့ချွင်က တစ်ဖွဲ့ အဖွဲ့ခွဲပြီး ထွက်လာခဲ့ကြသည်။ ရုံချီက တုတ်အတိုတစ်ချောင်း ထုတ်ပေးပြီး သူက တုတ်၏ အရှေ့ကို ကိုင်ကာ စူးမြောင်အာကို တုတ်အနောက်ပိုင်း ကိုင်စေသည်။ ထို့နောက် သူက အရှေ့မှ ဦးဆောင်ပြီး မြင့်မားသော တောင်စောင်းတစ်ခုပေါ်သို့ ခပ်သွက်သွက် တက်သွားသည်။ လူသူအရောက်အပေါက်နည်းသော နေရာတစ်ခုဖြစ်သည့်အတွက် တောင်ပတ်လမ်းပင် ရေရေရာရာ မရှိချေ။ စူးမြောင်အာလည်း ရုံချီ၏ ခြေရာကို ကြည့်ပြီး ရုံချီသွားသည့်အတိုင်း လျှောက်လာခဲ့သည်။
"ပင်ပန်းနေပြီလား"
ရုံချီက သူမကို မေးသည်။
"ရသေးတယ်..ရှင် သူတို့ကို လမ်းလွှဲလိုက်တာ ကျွန်မကို တစ်နေရာရာခေါ်သွားမလို့မဟုတ်လား"
ရုံချီက သူမကို လူထူးဆန်းတစ်ယောက်ကဲ့သို့ ပြန် ကြည့်သည်။
YOU ARE READING
တစ္ဆေသတို့သား
Horrorဘာသာပြန်သူ - စွဲညို့အသင်း စူးမြောင်အာက အပနှင်သူတစ်ဦး ဖြစ်ပြီးတော့ မတော်တဆ ကျောက်စိမ်းလည်ဆွဲလေးကို ဝတ်ဆင်မိရာကနေ တစ္ဆေတစ်ကောင်က သူ့နောက်ကို တကောက်ကောက် လိုက်ပြီး ဖလစ်ခြင်းကို ခံရမှာ ဖြစ်ပါတယ်