Part 78

519 31 0
                                    


အခန်း(၇၈)-ထွက်ခွာခြင်း

ယခင်တုန်းက ရုံချီထံတွင် ဓာတ်ပုံရှိနေခြင်းကို သူမ တစ်ခါမှ မမြင်ဖူးခဲ့ပေ။ ခေါင်းတလားထဲမှ ထွက်လာပြီးနောက် သူနှင့်အတူ တစ်ပါတည်း ယူဆောင်လာခြင်းသာဖြစ်လိမ့်မည်။

ဘယ်လိုမိန်းမမျိုးက ရုံချီကို ခေါင်းတလားထဲအထိ ဓာတ်ပုံနဲ့အတူ အိပ်စက်ရလောက်အောင် ညှို့ယူနိုင်ခဲ့တာလဲ။

ရုံချီအတွက် အဲ့ဒီလောက်အထိ အရေးပါတဲ့ မိန်းမက တကယ်ပဲ ယန်စုကျင်းလား။

နောက်တစ်နေ့နံနက်တွင် မိုးသည်းထန်စွာ ရွာသွန်းလျက်ရှိသည်။

ယဲ့ချွင်ကို ဖုန်းဆက်၍ အကြောင်းကြားထားခြင်းကြောင့် ယဲ့ချွင်ကိုယ်တိုင် ကားမောင်းပြီး လာကြိုပေးသည်။ စူးမြောင်အာကို မြင်သည်နှင့် ယဲ့ချွင်၏ မျက်ဝန်းများဟာ ထူးဆန်းမှုများဖြင့် ပြည့်နှက်သွားပြီး စကားတစ်ခွန်းမျှ မဆိုနိုင်ဘဲ ကြောင်ငေးကြည့်နေ၏။

ယဲ့ချွင်ထံမှ ထိုသို့အကြည့်ခံလိုက်ရခြင်းကြောင့် စူးမြောင်အာမှာ အတန်ငယ် ရှက်ရွံ့သွားရသည်။ သူမသည် ရုံချီ ရွေးပေးသော အဝတ်အစားများကို ဝတ်ပြီး မိတ်ကပ် ခပ်ပါးပါး လိမ်းခြယ်ထားသည်။ ရိုးရှင်းစွာ ပြင်ဆင်ထားခြင်းဖြစ်သော်လည်း အများအမြင်တွင် ထူးထူးခြားခြား ပြောင်းလဲနေပုံရသည်။

"မတွေ့ရတာ ကြာပြီနော်..အရမ်းလှလာတယ်"

ယဲ့ချွင်က အရွှန်းဖောက်ပြီး ကျီစယ်သည်။

စူးမြောင်အာ ယဲ့ချွင် ပြောဖူးသည့် စကားတစ်ခွန်းကို ရုတ်တရက် ပြန်အမှတ်သွားရသည်။ သူမနှင့် သူ၏ချစ်သူတို့ဟာ ငါးဆယ်ရာခိုင်နှုန်းနီးပါး ရုပ်ဆင်သည်ဟု ပြောဖူးသည်မဟုတ်ပါလား။ ယခုတွင်မူ ဝတ်စားဆင်ယင်မှုပုံစံ ပြောင်းလဲထားခြင်းကြောင့် ခုနစ်ဆယ်ရာခိုင်နှုန်းမှ ရှစ်ဆယ်ရာခိုင်နှုန်းနီးပါး တူညီနိုင်လောက်သည်။ ထို့ကြောင့် ယဲ့ချွင်က သူမကို စိတ်ဝင်တစား ကြည့်နေခြင်းဖြစ်သည်။ စူးမြောင်အာမှာ ကိုယ့်အတွေးနှင့်ကိုယ် မကျေမနပ်ဖြစ်သွားရလေသည်။

တစ္ဆေသတို့သားWhere stories live. Discover now