Part 27

891 90 0
                                    

အခန်း (၂၇)- တစ္ဆေအမှတ်အသား

သို့သော် ကျော့ချင်းယွင်သည် အသက်အရွယ်ရပြီးသား လူကြီးလူကောင်းတစ်ဦးဖြစ်သည့်အလျှောက်အမူအရာကို အမြန်ပြန်ထိန်းလိုက်သည်။

"ဒီအတိုင်း ပါးစပ်ပြောလို့တော့မထင်ပါနဲ့... လွန်ခဲ့တဲ့ ရက်တွေတုန်းက ရုံသခင်လေးကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်ခဲ့မိတဲ့အတွက် တကယ်စိတ်မကောင်းပါဘူး အဲ့တာကြောင့် သူ ငါ့ကို..."

"ပြီးခဲ့တာတွေလည်း ပြီးခဲ့ပါပြီ... လူကြီးမင်းကျော့ တောင်းပန်စရာမလိုတော့ပါဘူး... နောက်ထပ် ဒီလိုမျိုး ထပ်မဖြစ်ဖို့ပဲ အရေးကြီးပါတယ်"

စူးမြောင်အာ ကိုယ့်သဘောနှင့်ကိုယ် ပြန်ဖြေပေးလိုက်သည်။ ရုံချီသည် စူးမြောင်အာနှင့် ကျော့ချင်းယွင်တို့ကြားတွင် ရပ်နေသော်လည်း ကျော့ချင်းယွင်၏ စကားကို အဖတ်ပင်မလုပ်ချေ။

ကျော့ချင်းယွင်ကမူ စူးမြောင်အာ၏ တုံ့ပြန်မှုကို အံ့သြသွားပုံရသည်။အတန်ငယ်ကြာမှ သူက မဝံ့မရဲ ထပ်မေးလာပြန်သည်။

"ဒါဆိုရင် ရုံသခင်လေးကရော ငါတို့အိမ်မှာ ခြောက်လှန့်နေတဲ့ တစ္ဆေကို ဘယ်လိုထင်တယ်တဲ့လဲ"

"ညကျရင်သိရပါလိမ့်မယ်"

စူးမြောင်အာသည် ရုံချီ သူမကို ပြောခဲ့သည့်စကားအတိုင်း ကိုးကားပြီး ပြန်ဖြေပေးလိုက်သည်။ ကျော့ချင်းယွင်က ခေါင်းတညိတ်ညိတ်လုပ်ပြီး ထွက်သွားသည်။ စူးမြောင်အာလမ်းဆက်လျှောက်ခါနီးတွင် မနီးမဝေး၌ ရပ်နေသော ယဲ့ချွင်ကို လှမ်းတွေ့လိုက်ရသည်။ ဖြာကျနေသော နေရောင်ခြည်အောက်တွင် ရပ်နေသော ယဲ့ချွင်သည် မည်သည့်အချိန်မဆို ရွှေမင်းသားလေးတစ်ပါးကဲ့သို့ ချောမောနေဆဲဖြစ်သည်။

သို့သော် ရုံချီက ယဲ့ချွင်ကို မြင်သည်နှင့် မထီမဲ့မြင် အမူအရာဖြင့် လက်ပိုက်ပြီးနှာခေါင်းရှုံ့လိုက်သည်။အဘယ်ကြောင့်ဆိုသော် ယဲ့ချွင်၏ လက်ထဲတွင် ကိုင်ထားသော ပစ္စည်းသည် ရုံချီ စူးမြောင်အာကို ပေးခဲ့ သော အင်းစာရွက်ဖြစ်နေခြင်းကြောင့်ပင်။

"မြောင်မြောင် ဒါမင်းပစ္စည်းလား"

ယဲ့ချွင်က ခပ်ပြုံးပြုံးလေး မေးသည်။ မည်သို့ပင်ဖြစ်စေ စူးမြောင်အာသည် ယဲ့ချွင်နှင့် တွေ့လျှင် အလိုလို သတိထားတတ်နေပြီဖြစ်ရာ အတန်ငယ် စဥ်းစားပြီးမှခေါင်းညိတ်ပြလိုက်သည်။

တစ္ဆေသတို့သားWhere stories live. Discover now