Part 54

615 52 0
                                    


အခန်း(၅၄)-သားကောင်

အကယ်စင်စစ်ပင် ကျော့ရှောင်ချင်းကို ကျော့မိသားစု၏ သားကောင်အဖြစ် အသုံးချရန် ပျိုးထောင်ထားခြင်းဖြစ်သည်။ သားကောင်ဖြစ်သည့်အလျှောက် အဆိုးရွားဆုံးနည်းလမ်းဖြင့် အသက်ပေးရမည်မှာ ထုံးစံပင်။ ရုံချီသည်လည်း ကျော့မိသားစု၏ အစီအစဉ်ထဲတွင် တစ်စိတ်တစ်ပိုင်း ပါဝင်နေရသူဖြစ်သည်။ ကျော့မိသားစုသည် ကျော့ရှောင်ချင်းကို သားကောင်အဖြစ် အသုံးချမည့်အပြင် ရုံချီကိုပါ သူတို့အတွက် တားမြစ်နည်းလမ်းသုံးပေးရန် အကျပ်ကိုင်ထားသည်။ ဤသည်မှာ အစကတည်းက ကြိုတင်စီစဉ်ထားသည့် လုပ်ရပ်တစ်ခုဖြစ်ကြောင်း ထင်ရှားသည်။

"ကျော့မိသားစုက တိရစ္ဆာန်ထက်တောင် ပိုယုတ်ညံ့သေးတာပဲ!"

စူးမြောင်အာ အကြိမ်ကြိမ် စိတ်ထိန်းနေသော်လည်း နောက်ဆုံးတွင် မတတ်နိုင်ဘဲ ကျိန်ဆဲမိတော့သည်။ မည်သို့ပင်ဖြစ်စေ ကျော့ရှောင်ချင်းသည် ကျော့ချင်းယွင်၏ သမီးအရင်းဖြစ်သည့်အပြင် နောင်အနာဂတ်တွင် ဖခင်ဖြစ်သူထံမှ အသိအမှတ်ပြုခံရရန် မျှော်လင့်တကြီး ကြိုးစားနေရှာသော မိန်းမငယ်လေးဖြစ်သည်။ အမြဲလိုလို တောက်ပစွာ ပြုံးနေတတ်ပြီး ရိုးသားဖြူစင်သည့် ကျော့ရှောင်ချင်းခမျာမှာ သူမ၏ အဘိုး၊ အဖေ၊ အစ်ကိုတို့ဟာ သိုးရေခြုံထားသော ဝံပုလွေများဖြစ်ကြောင်း မသိရှာပေ။ သူတို့အားလုံးသည် ကျော့မိသားစု၏ ကံကြမ္မာ ပြန်လည်ကောင်းမွန်လာရန်အတွက် အချင်းချင်း ပူးပေါင်းကြံစည်ပြီး သူမကို စတေးခံသားကောင်အဖြစ် အသုံးချရန်ကြိုးစားနေကြခြင်းဖြစ်သည်။

"ရှင် သဘောတူခဲ့လား"

နောက်ဆုံးတွင် စူးမြောင်အာ၏ အကြည့်က ရုံချီ့မျက်နှာပေါ်သို့ ရောက်သွားသည်။ သူမ သိကျွမ်းသည့် ရုံချီဟာ ပုတီးစေ့က မည်မျှအရေးကြီးနေပါစေ လိုရာပန်းတိုင်ရောက်ရန်အတွက် ဤမျှရက်စက်ယုတ်မာသော နည်းလမ်းမျိုးကိုသုံးမည့် လူစားမျိုးမဟုတ်ပေ။

"မြောင်မြောင်ရော ဘယ်လိုထင်လဲ"

ရုံချီက သူမကို တည်ငြိမ်စွာ ကြည့်ပြီး ပြန်မေးသည်။

တစ္ဆေသတို့သားWhere stories live. Discover now