အခန်း(၁၀၁)-ရောက်လာပြီ
ရုံချီက ပါးတစ်ဖက်ကို လက်ဖြင့် အုပ်ရင်း စူးမြောင်အာ၏ နံဘေးတွင် ဝင်ထိုင်သည်။ စူးမြောင်အာ ရုံချီကို အားသုံး၍ မရိုက်ခဲ့သည့်အပြင် ရုံချီက လူသားစင်စစ်တစ်ဦးမဟုတ်သည့်အတွက် နာကျင်မှုဒဏ်ကို ခံစားရလိမ့်မည်မဟုတ်ပေ။
"နားပြီးရင် ဆက်သွားကြရအောင်"
အပြန်လမ်းတစ်လျှောက် အနှောင့်အယှက်မရှိဘဲ ဖြောင့်ဖြူးခဲ့ပြီး တစ်နာရီခန့်အကြာတွင် ကားရပ်ထားသော နေရာသို့ ပြန်ရောက်လာသည်။ စုန့်ရှစ်၏ အလောင်းကို ကားနောက်ခန်းထဲသို့ ထည့်ပြီးမှပြန်ထွက်လာခဲ့ကြသည်။ ဤသို့ဖြင့် နံနက်ခင်း မိုးသောက်ချိန်တွင် တောင်သုံးလုံးဒေသ၏ ပထမရွာသို့ ပြန်ရောက်လာသည်။
သို့သော် ထိုရွာတွင် မနားတော့ဘဲ အချိန်ကို အကျိုးရှိရှိ အသုံးချကာ အနီးဆုံး ခရိုင်မြို့တစ်မြို့သို့ ဆက်မောင်းနှင်လာခဲ့သည်။ အလောင်းကို နေရောင်အောက်တွင် ကြာရှည်ထား၍ မရခြင်းကြောင့် သီးသန့်နေရာတစ်ခုတွင် စနစ်တကျ ထားရန်လိုအပ်သည်။
ဤကိစ္စအတွက် ကျော့မိသားစုဘက်မှ အစီအစဥ်ဆွဲထားပြီးသားဖြစ်သည်။ ခရိုင်မြို့၏ ဆင်ခြေဖုံးရပ်ကွက်တွင် ကျော့မိသားစု ပိုင်ဆိုင်သော အိမ်တစ်အိမ်ရှိသည်။ စုန့်ရှစ်၏ အလောင်းကို အခေါင်းတစ်ခုထဲသို့ပြောင်းထည့်ပြီး မြေအောက်ကားဂိုထောင်ထဲတွင် နေရာချပေးပြီးမှ လူတိုင်းသက်ပြင်းချနိုင်ကြတော့သည်။
တစ်ညလုံး မအိပ်ရသေးသည့်အပြင် ခြောက်ခြားဖွယ်ရာ အဖြစ်အပျက်များနှင့် ကြုံတွေ့ခဲ့ရခြင်းကြောင့် လူတိုင်း ပင်ပန်းနေကြသည်။ စူးမြောင်အာကိုယ်တိုင်လည်း ခရိုင်မြို့သို့ မည်သို့မည်ပုံပြန်ရောက်လာကြောင်းကိုပင် မသိလိုက်ဘဲ ကားပေါ်တွင် တရေးအိပ်ပျော်သွားခဲ့သည်။ ထို့အပြင် သူမ အိပ်မက်တစ်ခုလည်း မက်ခဲ့သေးသည်။ အိပ်မက်ထဲတွင် စုန့်ရှစ်က ကလေးကို ပွေ့ချီပြီး သူမ၏ ကုတင်ဘေးတွင် ရပ်နေသည်။
ထိုအိပ်မက်ကြောင့် စူးမြောင်အာ ချွေးသီးချွေးပေါက်ပျံပြီး လန့်နိုးလာရသည်။ သူမ မျက်လုံးဖွင့်ဖွင့်ချင်းတွင် ဖြူဖျော့နေသော မျက်နှာဖြင့် သူမကို ရပ်ကြည့်နေသည့် စုန့်ရှစ်ကို ဗြုန်းခနဲ မြင်လိုက်ရလေသည်။ အိပ်မက်နှင့် တစ်ထပ်တည်း တူညီနေသည့် မြင်ကွင်းကြောင့် စူးမြောင်အာ လန့်သွားပြီး အသက်ရှုကျပ်လာသည်။ သို့သော် ရုံချီက သူမအနားသို့ ရောက်လာပြီး လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ပေးသည်။
YOU ARE READING
တစ္ဆေသတို့သား
Horrorဘာသာပြန်သူ - စွဲညို့အသင်း စူးမြောင်အာက အပနှင်သူတစ်ဦး ဖြစ်ပြီးတော့ မတော်တဆ ကျောက်စိမ်းလည်ဆွဲလေးကို ဝတ်ဆင်မိရာကနေ တစ္ဆေတစ်ကောင်က သူ့နောက်ကို တကောက်ကောက် လိုက်ပြီး ဖလစ်ခြင်းကို ခံရမှာ ဖြစ်ပါတယ်