အခန်း(၇၀)-တံခါးခေါက်သံ
"ရပြီ မြောင်မြောင် ကျန်တဲ့ကိစ္စကို ကိုယ်ဆက်လုပ်လိုက်မယ်..မင်း အိမ်အရင်ပြန်နှင့်နော်..ပြီးရင် အိမ်တံခါးဖွင့်ပြီး ကိုယ့်ပြန်အလာကို စောင့်နေလိုက်တော့"
ရုံချီ၏ တိုးညှင်းသော အသံက သူမ၏ နားရွက်အနောက်မှ ထွက်ပေါ်လာသည်။
"အင်း အင်း"
စူးမြောင်အာသည် သံပတ်ပေးထားသော အရုပ်တစ်ရုပ်ကဲ့သို့ ခေါင်းတဆတ်ဆတ်ညိတ်ပြလိုက်သည်။
သရဲကားတွေထဲကလို ညနက်သန်းခေါင်ကြီး အိမ်တံခါးလာခေါက်မယ့် ခံစားချက်မျိုးရနေတယ်နော်
"သြော် မင်းရဲ့ကိုယ်ပေါ်မှာ ကိုယ်ချန်ထားတဲ့ တစ္ဆေအငွေ့အသက်ရှိနေတာဆိုတော့ ဒီလုပ်ငန်းခွင်ထဲမှာ ရှိတဲ့ တစ္ဆေသရဲတွေအားလုံး မင်းကို သတိထားမိကြလိမ့်မယ်..ဒါပေမဲ့ သူတို့မှာ စူးစမ်းချင်တဲ့ စိတ်ပဲရှိတာပါ..မင်းကို ထိခိုက်အောင် မလုပ်ရဲကြဘူး..အဲ့တာကြောင့် ဘာမှမကြောက်ဘဲ အိမ်ကိုသာတန်းပြန်လိုက်နော်"
"အင်းပါ"
စူးမြောင်အာ ခေါင်းညိတ်ပြပြီး ခေါင်းတလားထဲမှ ကုန်းရုန်းထလိုက်သည်။ နှာဖျားသို့ ရိုက်ခတ်လာသော ညဥ့်လေညှင်းကို ခံစားမိချိန်တွင်မှ အခြားကမ္ဘာတစ်ခုမှ လွတ်မြောက်လာသလို ခံစားလိုက်ရသည်။ နေရာတိုင်းနီးပါး မှောင်မည်းနေသော ဆောက်လုပ်ငန်းရေးလုပ်ငန်းခွင်ကြီးကို ကြည့်ပြီး စူးမြောင်အာ ကြက်သီးထသွားရသည်။ သူမနှင့်အတူ ရုံချီပြန်မပါလာခြင်းကြောင့် အားယုတ်သွားသလို ခံစားရပြီး တတ်နိုင်သမျှ အမြန်ဆုံး သုတ်ခြေတင်၍ ပြေးထွက်လာခဲ့တော့သည်။
အဆုံးတွင် လမ်းမပေါ်သို့ မည်သို့မည်ပုံ ပြန်ရောက်လာကြောင်းကို သူမကိုယ်တိုင်ပင် မသိတော့ချေ။ ဖြတ်သွားဖြတ်လာ ကားတစ်စီးကို ကမူးရှုးထိုး ပြေးတားခဲ့ခြင်းကြောင့် ယာဥ်မောင်းမှာ သူမကို ခိုးဆိုးလုနှိုက်ဟုပင်ထင်သွားပုံရသည်။ မည်သို့ပင်ဖြစ်စေ ကံကောင်းထောက်မစွာဖြင့် အိမ်သို့ အန္တရာယ်ကင်းကင်း ပြန်ရောက်လာခဲ့သည်။
YOU ARE READING
တစ္ဆေသတို့သား
Horrorဘာသာပြန်သူ - စွဲညို့အသင်း စူးမြောင်အာက အပနှင်သူတစ်ဦး ဖြစ်ပြီးတော့ မတော်တဆ ကျောက်စိမ်းလည်ဆွဲလေးကို ဝတ်ဆင်မိရာကနေ တစ္ဆေတစ်ကောင်က သူ့နောက်ကို တကောက်ကောက် လိုက်ပြီး ဖလစ်ခြင်းကို ခံရမှာ ဖြစ်ပါတယ်