Part 91

437 33 0
                                    


အခန်း(၉၁)-ဟွမ်ပီကျစ်၏ဝိညာဥ်

ရုံချီသည် ထိုဟွမ်ပီကျစ်က သူ၏ လွယ်အိတ်ကို ခိုးယူသွားခြင်းကြောင့် နောက်ဆက်တွဲအနေဖြင့် စူးမြောင်အာနှင့်ပါ ကတောက်ကဆဖြစ်ခဲ့ရသည်။ ထို့ကြောင့် သူက ထိုဟွမ်ပီကျစ်ကို အတော်လေး မုန်းတီးနေပုံရသည်။ လက်ရှိအချိန်တွင် ရုံချီသည် တစ်ဖွဲ့လုံး၏ ခေါင်းဆောင်ဖြစ်နေသည့်အတွက် သူ၏ ဆုံးဖြတ်ချက်ကို မည်သူမှ ဝင်မကန့်ကွက်ရဲကြချေ။ နောက်ဆုံးတွင်ထိုဟွမ်ပီကျစ်ကို သတ်ပြီး အလောင်းကို ပစ်ချထားခဲ့သည်။

သို့သော် ခပ်လှမ်းလှမ်းသို့ လမ်းလျှောက်လာပြီးချိန်တွင် ဟွမ်ပီကျစ်၏ အလောင်းကို ပစ်ထားခဲ့သော နေရာမှ ကျိန်ဆဲသံလိုလို မကျေမနပ်ဖြစ်နေသည့် အသံများကို စူးမြောင်အာ ယောင်ဝါးဝါး ကြားလိုက်ရသည်။၎င်းက သေဆုံးသွားသော ဟွမ်ပီကျစ်နှင့် မျိုးနွယ်တူများဖြစ်လိမ့်မည်။ မကြာမီတွင် အရွယ်အစားကြီးမားသော ဟွမ်ပီကျစ်နှစ်ကောင်၏ ဒေါသတကြီး ခြုံခိုတိုက်ခိုက်မှုနှင့် ရင်ဆိုင်ရတော့သည်။ ကံကောင်းထောက်မစွာဖြင့် နှစ်ကောင်စလုံးက ရုံချီကို ထိခိုက်အောင် မလုပ်နိုင်ခဲ့ကြချေ။ ရုံချီ၏ အရည်အချင်းကို မျက်ဝါးထင်ထင် တွေ့လိုက်ရသည့်အတွက်လူတိုင်းက ရုံချီအပေါ် ယုံကြည်အားကိုးစိတ်ဝင်သွားကြသည်။ ကျော့မိသားစုဝင်များတွင် ရုံချီအကြောင်းကို သိပြီးသားဖြစ်သော ကျော့ချင်းယွင်တစ်ဦးတည်းကသာ အမူအရာပြောင်းလဲသွားခြင်းမရှိပေ။

"ကယ်ကြပါအုံး..."

မိနစ်နှစ်ဆယ်ခန့် ဆက်လျှောက်လာပြီးနောက် တောင်တန်းများနှင့် သစ်ပင်ချုံနွယ်များအကြား မှောင်မည်းနေသော နေရာတစ်ခုမှ အဘွားအိုတစ်ဦး၏ နာနာကျင်ကျင် အော်ဟစ်သံကို ကြားလိုက်ရသည်။

ဟမ်..ဒီလိုနေရာမျိုးကို ဘယ်ကအဘွားကြီးရောက်နေတာလဲ

လူတိုင်း မျက်နှာပျက်ယွင်းသွားကြသည်။ ရုံချီက အော်သံထွက်လာသည့် နေရာကို မှန်းဆပြီး ခဲလုံးတစ်လုံးကို အရှိန်ပြင်းပြင်း ကန်ထုတ်လိုက်သည်။ အဘွားအိုသည် ခဲလုံးထိမှန်သွားသည်နှင့် ဟွမ်ပီကျစ်တစ်ကောင်အဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားပြီး ချုံပုတ်များအကြား တိုးလျှိုးပျောက်ကွယ်သွားလေသည်။ ၎င်းကို ကြည့်ပြီး လူတိုင်း ကြက်သေသေသွားရသည်။

တစ္ဆေသတို့သားWhere stories live. Discover now