Part 67

548 41 0
                                    


အခန်း(၆၇)-အချက်အပြုတ်

"ဒီဂူသချိုင်းဖော်ပြီး တစ်ခုခုထူးခြားတာရှိရင် ဆရာစူးကို ချက်ချင်း ဆက်သွယ်လိုက်ပါ့မယ်"

စူးမြောင်အာလည်း စူးတာ့နှင့်အတူ လိုက်ပြန်ရန် ဆုံးဖြတ်လိုက်သည်။ စူးမြောင်အာ ပြန်လှည့်ထွက်လာချိန်တွင် မလှမ်းမကမ်း၌ ရပ်နေသော ချွေ့ထင်းထင်းကို တစ်စုံတစ်ဦးက အနောက်မှ တွန်းလိုက်သကဲ့သို့ အရှေ့သို့ ရုတ်တရက် ယိုင်ကျသွားကြောင်း တွေ့လိုက်ရသည်။

"ချီးပဲ..."

ချွေ့ထင်းထင်းက ဒေါသတကြီး ကျိန်ဆဲရင်း ခြေဆောင့်လိုက်သည်။ သူမ၏ ခြေထောက်အောက်တွင် အက္ခရာသဏ္ဍာန် ရေးထွင်းထားသော အနက်ရောင် ကျောက်တုံးတစ်တုံးကို ယောင်ဝါးဝါး လှမ်းမြင်လိုက်ရသည်။ မည်သို့ပင်ဖြစ်စေ စူးမြောင်အာ၏ အမြင်အရ ချွေ့ထင်းထင်း ခလုတ်တိုက်သွားခြင်းဟာ သမားရိုးကျမဟုတ်ဘဲ ထူးဆန်းနေသည်။ သို့သော် သူမ များများစားစား ဆက်မတွေးနေတော့ဘဲ စူးတာ့နှင့်အတူ ပြန်ထွက်လာခဲ့သည်။

ယနေ့တွင် စူးတာ့သည် အထွေအထူး လုပ်စရာမလိုဘဲ ယမန်နေ့ညက အိပ်မက်ကြောင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲမှ ခေါင်းတလားနှင့် ဂူသချိုင်းများကို ရှာတွေ့ပြီး မျက်နှာပန်းလှခဲ့သည်။ ဆောက်လုပ်ရေးလုပ်ငန်းသာ အဆင်ပြေပြေ ပြန်စတင်နိုင်ပါက သူလည်း ဂုဏ်သတင်းတက်မည့်အပြင် အမြတ်အစွန်း ကြီးကြီးမားမားပါရနိုင်သည်။

စူးတာ့က တစ်လမ်းလုံး ရွှင်မြူးစွာ ကြွားဝါလျက်ရှိသည်။ စူးတာ့၏ အကြွားဒဏ်ကို မခံနိုင်တော့သည့် စူးမြောင်အာမှာ အတန်းတက်ရန်ရှိသေးသည်ဟု အကြောင်းပြချက်ပေးပြီး လစ်ထွက်လာခဲ့တော့သည်။ ကျော့မိသားစု၏ ပြဿနာကြောင့် သူမ အတန်းမတက်ရသည်မှာ နှစ်ရက်ခန့်ကြာနေပြီဖြစ်သည်။ ထို့ကြောင့် ယနေ့တွင် အတန်းသွားပြန်တက်ခဲ့သည်။ ဤသို့ဖြင့် ညနေခင်း အိမ်ပြန်အရောက်တွင် ပစ္စည်းပို့သမားထံမှ မှာထားသော ပစ္စည်းရပြီဖြစ်ကြောင်း ဖုန်းဝင်လာသည်။ ရုံချီနှင့်အတူ ဤအိမ်သို့ ပြောင်းလာခဲ့စဥ်က အခန်းထဲတွင် စားပွဲခုံအသစ်ရှိနေခြင်းကြောင့် လက်တော့ပ်တစ်လုံးမှာယူခဲ့သည်။

တစ္ဆေသတို့သားWhere stories live. Discover now