Part 68

563 41 0
                                    


အခန်း(၆၈)-သန်းခေါင်ယံညရဲ့ငိုကြွေးသံ

ရုံချီလည်း ပထမဆုံးအကြိမ် ချက်ပြုတ်မှုအတွက် စိတ်လှုပ်ရှားနေပုံရသည်။ စူးမြောင်အာသည် စူပါမားကတ်မှ ဝယ်လာသော ပစ္စည်းထုပ်ကြီးကို ရုံချီထံ လွှဲပေးပြီး မီးဖိုခန်းအဝမှ စိတ်ဝင်တစား ရပ်ကြည့်နေလိုက်သည်။ အထုပ်ထဲမှ ပစ္စည်းများသည် ရုံချီ၏ တစ္ဆေစွမ်းအားအကူဖြင့် လေပေါ်တွင် ဖြည်းညှင်းစွာမျောလွင့်လျက်ရှိသည်။ ထို့ကြောင့် မီးဖိုခန်းတစ်ခန်းလုံးသည် မှော်ဇာတ်ကားများမှာကဲ့သို့ မှော်ဆန်ဆန်သက်ဝင်လှုပ်ရှားနေသည်။

အရွယ်အစားစုံ ဒယ်အိုးဒန်ခွက်များသည် လေထဲတွင် ဝဲပျံနေပြီး အသီးအရွက်များမှာ သူ့အလိုလို ဆေးကြောနေလျက် ၊ ကြက်သွန်မြိတ်၊ ချင်းနှင့် ဝက်သားတို့မှာ ဓားကိုင်သူမရှိပါဘဲ သူ့အလိုလို လှီးဖြတ်နေသော ဓားသွားအောက်တွင် အချပ်လိုက်တစ်မျိုး အကွင်းလိုက်တစ်မျိုး ပုံသဏ္ဍာန်လှပစွာ လှီးချွတ်ပြီးသားဖြစ်သွားသည်။ ဟင်းခတ်အမွှေးအကြိုင်များက ရုံချီ၏ နံဘေးသို့ တစ်ခုပြီး တစ်ခု အသင့်ရောက်လာကြသည်။ ထိုပစ္စည်းများအလယ်မှ စားဖိုမှုးကြီးရုံချီသည် အရယ်အပြုံးမရှိသော မျက်နှာဖြင့် သူလုပ်ရမည့် တာဝန်ကို အလေးအနက် စိတ်နှစ်ပြီးလုပ်နေလျက်ရှိသည်။

ဟင်းချက်ကောင်းသည့် အမျိုးသမီးများက ဆွဲဆောင်မှုအရှိဆုံးဟု ထင်မှတ်ရသော်လည်း တစ်စုံတစ်ဦးအတွက် မီးဖိုချောင်ထဲတွင် စိတ်နှစ်ပြီး ချက်ပြုတ်နေသည့် အမျိုးသားများက လောကကြီးထဲတွင် အခံ့ညားဆုံးနှင့် ကြည့်အကောင်းဆုံးဖြစ်လိမ့်မည်။ စူးမြောင်အာသည် ရုံချီ၏ တည်ကြည်နေသော မျက်နှာချောချောလေးကို သတိလက်လွတ် ငေးကြည့်နေရင်း ရုံချီသာ အသက်ရှင်နေသေးပါက ဘယ်လိုယောကျာ်းမျိုးဖြစ်နိုင်ကြောင်းကို တောင်စဥ်ရေမရ တွေးကြည့်မိသွားသည်။

နောက်ဆုံးတွင် ရုံချီ မကြာခဏ ပြောဖူးသည့် 'ကိုယ်အသက်ရှင်နေတုန်းကဆို ကိုယ့်အနားမှာ စမ်းချောင်းထဲက ငါးကြင်းမလေးတွေလို အချောအလှလေးတွေ ဝိုင်းဝိုင်းလည်နေတာပေါ့'ဟူသော စကားကို ယုံကြည်စပြုလာသည်။

တစ္ဆေသတို့သားWhere stories live. Discover now