အပိုင်း (၈၇)
ရွယ်ယန်၏မျက်နှာသည် လွန်စွာ ဖြူဖျော့နေပြီး သူ(မ)က တုန်ယင်စွာ ဆိုလာ၏။
“နင်... နင် အန်တီ့ကို တွန်းချလိုက်တယ်”
ရွယ်ကျင်းဟုန်မှာ ထိုသူစိမ်းကလေးမ ရွယ်ယန်အား ပြောခဲ့သည့်စကားများကို ရှင်းလင်းစွာ ပြန်ကြားယောင်ရင်း လက်သီးများကို တင်းကျပ်စွာ ဆုပ်ထားမိတော့သည်။
“သူ့ကိုတွန်းတာ ငါမဟုတ်ဘူး အဲ့ဒါ နင်၊ သူတို့က နင့်အပေါ် ဒီလောက်ကောင်းပေးကြတာ ဒါတောင် နင်က ဒီလိုလုပ်ရက်သေးတယ်”
“ရွယ်ယန် အဲ့ဒါအကုန် နင့်အမှားတွေချည်းပဲ”
ကလေးငယ်လေးမှာ ဒယိမ်းဒယိုင်ဖြင့် ခြေနှစ်လှမ်းနောက်ဆုံးသွားရင်း မျက်လုံးများက နီရဲသွားခဲ့သည်။
“ငါ... ငါ မလုပ်ဘူး”
ရွယ်ကျင်းဟုန်၏မျက်လုံးများသည် အရည်ကြည်များ ဝေ့တက်လာပြီး အိပ်မက်က စစ်မှန်လွန်းနေသည်မှာ သူ့အား ၎င်းသည် အမှန်တကယ် ဖြစ်ပျက်ခဲ့သည်ဟု တွေးထင်စေသည်အထိပင်။
သူ စိတ်ကိုငြိမ်အောင်ထားရန် ခေါင်းခါလိုက်သည်။
အိပ်မက်ထဲတွင် နောက်ထပ်လူတစ်ယောက်ဖြစ်သည့် ရှန်နျန်ရှိနေသေးသည်။ သူ(မ) ထိုကလေးမကို သေချာပေါက် သိလောက်ပြီး သူတို့သည် တစ်ရွယ်တည်းတွေပင်။
ရွယ်ကျင်းဟုန်၏အမူအရာတို့သည့် အေးစက်သွား၏။ တကယ်ဒီလိုသာဆိုလျှင် သူ ထိုကလေးမအား စစ်ဆေးရန် လက်တွန့်နေမည်မဟုတ်ပေ။
သူ့တွင် ဘာကြောင့် ဤသို့သော အဓိပ္ပာယ်မရှိသည် အိပ်မက်မျိုးကို မက်ရမှန်း မသိသော်လည်း သူ သိသည့်တစ်ခုတည်းသော အရာမှာ သူ၏အဖိုးတန်သမီးလေးအား သူတတ်စွမ်းသမျှ ကာကွယ်ရမည်ဖြစ်ပြီး... ပြီးတော့ ယဲဝမ်နှင့် သူ(မ)ဗိုက်ထဲမှ ကလေးကိုပါ...
ဒါတွေက အရမ်းတိုက်ဆိုင်လွန်းနေတယ်...
-
ရွယ်ယန်သည် ခရီးသည်ထိုင်ခုံတွင် ထိုင်ပြီး ကိတ်မုန့်အသေးလေးတစ်ခုကို ကိုင်ကာ နာခံစွာဖြင့် တတိတိကိုက်ဝါးနေ၏။
လျို့ဟွားမှာ အစက ခေါင်းငုံ့ကာ ဖုန်းသုံးနေသော်လည်း လိမ္မာရေးခြားရှိလှသည့် ကလေးမလေးကို မျက်လုံးထောင့်ကနေ လှမ်းမြင်လိုက်ပြီးနောက် ညစ်ကျယ်ကျယ်ဖြင့် သူ(မ)ခြေထောက်အား ရွယ်ယန်၏ခြေတိုတိုလေးများပေါ် ပစ်တင်လိုက်သည်။
“အားယန် မေမေ့ကို ခြေထောက်လေးနှိပ်ပေးပါအုံး၊ မေမေ ပြီးကျရင် သမီးနဲ့ သမီးမမကို အရသာရှိတာလေးတွေ သွားဝယ်ကျွေးမယ်”
ကလေးမလေးသည် ကိတ်မုန့်ကို အနည်းငယ်ကိုက်ဝါးပြီးနောက် ပါးစပ်ထဲသို့ ထိုးထည့်ကာ လက်ကိုင်ပဝါဖြင့် ဖြစ်ကတတ်ဆန်း သုတ်လိုက်သည်။
“အို့ခေ!”
ကလေးမလေးသည် အားသိပ်မရှိသော်လည်း သူ(မ)က ပါးများကို ဖောင်းကာ အမေဖြစ်သူအား အလေးအနက်နှိပ်ပေးနေပုံက အလွန် ချစ်စဖွယ် ကောင်းနေတော့သည်။
နတ်ဆိုးဘုရင်းကြီးလျို့ဟွားတစ်ယောက် ရှားရှားပါးပါး ရင်ထဲထိသွားတော့သည်။
“အိုခေ အိုခေ၊ အားယန်က မုန့်ကိုပဲ ဆက်စားနေတော့နော်”
ရွယ်ယန်သည် ခေါင်းလေးစောင်းကာ သူ(မ)အမေအား ပဟေဠိဖြစ်စွာ ကြည့်လိုက်ပြီး ထိုးထည့်ထားသည့် ကိတ်မုန့်ကြောင့် ဖောင်းကားနေသည့် ပါးလေးကာ ချစ်စဖွယ် ဟမ်းစတားလေးတစ်ကောင်လို တလှုပ်လှုပ်ဖြစ်နေ၏။
လျို့ဟွားသည် ကလေးမလေးကို ဖမ်းဆွဲပြီး အနမ်းမိုးရွာပေးလိုက်တော့သည်။
“အား! ငါတစ်ယောက်တည်းကပဲ ဒီလိုချစ်ဖို့ကောင်းလွန်းတဲ့ ကလေးမျိုးကို မွေးပေးနိုင်လောက်တယ်!”
ရွယ်ယန်မှာ ပါးစပ်ထဲရှိအစာကို ခက်ခက်ခဲခဲမျိုချပြီးနောက် ဂုဏ်ယူစွာ ကြေညာမောင်းကြေးထုတ်လာ၏။
“ဒါပေါ့! အားယန်ကပဲ ဒီလိုချစ်ဖို့ကောင်းနိုင်တာ!”
လျို့ဟွားနှင့် ကလေးမလေးသည် အပြန်အလှန် ကြည့်လိုက်ကြပြီး တစ်ညီတစ်ညွတ်တည်း ဟိုက်ဖိုက်လုပ်လိုက်ကြသည်။
“ရေး!”
ထိုအခိုက်တွင် လျို့ဟွား၏ဖုန်းသံသည် မြည်လာပြီး စိတ်ကြည်လင်နေသည့် သူ(မ)သည် ဖုန်းကို ကောက်ဖြေလိုက်သည်။
“ဟဲလို ဘယ်သူပါလဲ”
ရွှီယိ၏ ကားထဲမှထွက်ဟန်ပြင်သည့် လှုပ်ရှားမှုသည် ရပ်တန့်သွားပြီး သူက ညင်သာစွာ မေးလိုက်သည်။
“ရှောင်ဟွာ၊ မင်း ကိုယ့်ဖုန်းနံပါတ်ကို မမှတ်ထားဘူးလား”
လျို့ဟွားမှာ ကြောင်အမ်းသွားရ၏။
“မမှတ်ထားဘူး၊ ရှင် အခုဘာလို့ ကျွန်မကို ခေါ်တာလဲ”
*ဒေါက် ဒေါက်*
တစ်စုံတစ်ယောက်က လျို့ဟွား၏ ကားပြတင်းမှန်ကို လာခေါက်လာ၏။
သူ(မ) မတုံ့ပြန်ရသေးခင်ပင် ရွှီယိ၏အသံသည် သူ(မ)နား နားကနေ ထွက်လာ၏။
“ကိုယ် မင်းနဲ့အားယန်အတွက် မုန့်တွေ ယူလာပေးတာ”
“ကျွန်မတို့ ဒီမှာမှန်း ရှင်ဘယ်လိုသိတာလဲ”
လျို့ဟွားသည် ခေါင်းကို ချာခနဲလှည့်လိုက်ရင်း ထိုအမျိုးသားကြောင့် လန့်သွားရသည်။
ရွှီယိက သူကိုင်လာသည့် ပစ္စည်းများကို သူ(မ)အား မြှောက်ပြလာ၏။
“ကိုယ် မင်းအိမ်ဖုန်းကို ခေါ်သေးတယ်၊ အားမန်က ပြောပြတာ”
ရွယ်ယန်သည် အရှေ့နား တိုးကပ်လာ၏။
“ဦးဦးရွှီ!”
ရွှီယိက သဘောကျစွာ ပြုံးလိုက်ရင်း “အားယန် ဦးဦးက အားယန်အတွက် ချောကလက်တွေ အများကြီး ဝယ်လာပေးတယ်”
လျို့ဟွားသည် သူ့အား စိတ်ဆိုးစွာ ကြားဝင်ဖြတ်လိုက်သည်။
“အားယန်ကို ဘာချောကလက်မှ မဝယ်ပေးနဲ့၊ သူ သွားကျိုးတော့မှာ”
သူ(မ)အမေ၏ဖိအားအောက်တွင် ရွယ်ယန်တစ်ယောက် နာခံစွာဖြင့် ခေါင်းလေးညိတ်ပြလာ၏။
“ဦးဦးရွှီ၊ မေမေက ချောကလက်တွေအကုန် သော့ခတ်သိမ်းထားတာ”
ရွှီယိသည် အလွန်အမင်း စိတ်ဓာတ်ကျနေဟန်ပေါ်သည့် ကလေးမလေးကို ကြည့်လိုက်သည်။
“အားယန်အတွက် ခက်ခဲမှာပဲနော်”
ရွယ်ယန်မှာ နှလုံးသားချင်းနီးစပ်သည့် သူငယ်ချင်းတစ်ယောက်ကို ရှာတွေ့သွားသလို ခံစားလိုက်ရတော့သည်။
“အဆင်ပြေပါတယ် ဦးဦးရွှီရဲ့!”
လျို့ဟွား၏မျက်နှာမှာ အနက်ရောင်မျဉ်းများအပြည့်ဖြစ်သွား၏။ ဘာလို့ ဒီနှစ်ယောက်ရဲ့စကားဝိုင်းက အရမ်းထူးဆန်းနေရတာလဲ?
ရွယ်ယန်မှာ အစက သူ(မ)၏ ဝမ်းနည်းစရာကောင်းသည့် ရင်းတွင်ဖြစ်များကို ရင်ဖွင့်ချင်သော်လည်း သူ(မ)၏အစ်ကို၊ အစ်မများ သူ(မ)အား ပြောထားသည်အား ပြန်အမှတ်ရလိုက်သည်။
“အားယန်၊ မေမေနဲ့ ဦးဦးရွှီကို နှစ်ယောက်သား များများအတူတူနေလို့ရအောင် အချိန်ပေးရမယ်!”
ကလေးမလေးတစ်ယောက် အတွေးထဲ မျောသွားတော့သည်။
လျို့ဟွားနှင့် ရွှီယိတို့ စကားစမြည်နေကြစဉ် သူတို့ဘေးရှိ အသေးလေးက သူ(မ)အမေ၏လက်မောင်းအား လှမ်းဆွဲလာ၏။
“ဘာဖြစ်လို့လဲ အားယန်”
လျို့ဟွားသည် မျက်လုံးများကို ပိတ်ထားသည့်အသေးလေးကို ပဟေဠိဖြစ်စွာ ကြည့်လိုက်သည်။
ရွယ်ယန်က အိပ်ချင်မူးတူးဖြင့် “မေမေ အားယန် အိပ်ငိုက်နေပြီ၊ အိပ်ချင်တယ်!”
ပြောပြီးသည်နှင့် သူ(မ)က အမေဖြစ်သူနှင့် အန်ကယ်၏အမူအရာကို ကြည့်ရန် မျက်လုံးလေးကို နည်းနည်းဖွင့်ကြည့်လိုက်သော်လည်း မမျှော်လင့်ထားစွာဖြင့် သူတို့၏အကြည့်များ ဆုံသွား၏။
Oops! မိသွားပြီ!
ကလေးမလေးသည် မျက်လုံးများကို အလျင်အမြန် တစ်ဖန်ပြန်ပိတ်လိုက်သည်။
လျို့ဟွားသည် အနှီသိသိသာသာကြီးအိပ်ငိုက်ချင်ယောင်ဆောင်နေသည့် အသေးလေးကို မျက်နှာထက်တွင် အမေးသင်္ကေတဖြင့် စိုက်ကြည့်လိုက်သည်။ ဒီအသေးလေး ဒီတစ်ခါ ဘာလုပ်ဖို့ကြံနေလဲကို သူ(မ)တော့ သိချင်နေပြီ!
သူ(မ)က တစ်ခဏ စဉ်းစားလိုက်ပြီးနောက်
“ဆိုတော့ အားယန်က မေမေ့ကို ဘာလုပ်စေချင်လို့လဲ”
ရွယ်ယန်သည် သူ(မ)အမေ၏လက်မောင်းကို ဖက်ကာ အိပ်ငိုက်နေသည့်ပုံစံကို အကောင်းဆုံး သရုပ်ဆောင်နေလေ၏။
“မေမေက အားယန် ဒီမှာအိပ်နေတုန်း ဦးဦးရွှီရဲ့ကားထဲမှာ စကားသွားပြောကြပေါ့”
သူ(မ)က အရမ်းတော်တာပဲ! ဒီလိုပြီးပြည့်စုံတဲ့အစီစဉ်မျိုး ထွက်လာနိုင်တယ်!
လျို့ဟွာ : “..."
လက်စသတ်တော့ ဒီလိုကိုး...
သူ(မ)သည်လည်း နားလည်သွားဟန်ဆောင်ကာ “အိုး အမေသဘောပေါက်ပြီ၊ သမီးက မေမေနဲ့ ဦးလေးက စကားပြောနေတာ သမီးအိပ်နေတာကို အနှောင့်ယှက်ဖြစ်မှာ စိုးရိမ်နေတာမလား၊ ကိစ္စမရှိဘူး၊ မေမေ ဘာမှမပြောတော့ဘူး၊ ရွှီယိ ရှင်သွားတော့”
ရွှီယိမှာ အနည်းငယ် ခေါင်းရှုပ်သွားရသည်။
“နေပါအုံး!”
ရွယ်ယန်လည်း ထပ်တူခေါင်းရှုပ်သွားရ၏။
“မဟုတ်ဘူး မဟုတ်ဘူး၊ မေမေ အဲ့ဒီလိုမဟုတ်ဘူး!”
လျို့ဟွား ပြုံးလိုက်သည်။
“ဒါဆို ဘယ်လိုဖြစ်သင့်တာလဲ ပြောပါအုံး”
ကလေးမလေးက အလွန် လေးနက်နေ၏။
“မေမေက ဦးဦးနဲ့အတူ ဦးဦးကားထဲကို သွားရမှာလေ၊ ဒါဆို အားယန်က ဒီမှာ အိပ်နေမယ်”
လျို့ဟွားသည် ကလေးမလေး၏ပါးကို အားထည့်၍ ဆွဲညှစ်လိုက်သည်။
“လူဆိုးမလေး အားယန်၊ သမီးကို ဒီလိုလုပ်ဖို့ ဘယ်သူသင်ပေးလိုက်တာလဲ”
ရွယ်ယန်သည် လိပ်ပြာမလုံစွာ ခေါင်းငုံ့ထားတော့သည်။
“ဘယ်သူမှ အားယန်ကို မသင်ပေးပါဘူး!”
လျို့ဟွားမှာလည်း ကူကယ်ရာမဲ့နေမိသည်။ သူ(မ)ရဲ့ကလေးတွေက သူ(မ)နဲ့ ရွှီယိကို အမြန်အတူတူနေကြဖို့ အရမ်းစိတ်အားထက်သန်နေကြတာပဲ!
ရွှီယိသည်လည်း သဘောပေါက်ပြီး သဘောတကျဖြစ်ကာ ရင်ထဲထိသွားရသည်။
“အားယန် ဦးဦးက သမီးကို ကားထဲမှာ တစ်ယောက်တည်း မထားခဲ့ရက်ပါဘူးဗျာ၊ သမီးမေမေဆို ပြောမနေနဲ့တော့လေ”
ရွယ်ယန်မှာ အနည်းငယ် စိတ်ဓာတ်ကျသွား၏။
“အို? ကောင်းပါပြီ”
ကြည့်ရတာ ဒီအစီအစဉ်က အရမ်းကြီး မပြည့်စုံနေဘူးဖြစ်မယ်!
လျို့ဟွားသည် မျက်နှာထက်တွင် အကြံအစည်သေးသေးလေးများအား အတိုင်းသားရေးထားသည့် ကလေးမလေးကို ကြည့်လိုက်ပြီး မနေနိုင်စွာ သူ(မ)နားရွက်လေးကို ဆွဲလိမ်လိုက်သည်။
“လူဆိုးမလေး၊ မေမေရဲ့ကိစ္စတွေကို အရမ်းကြီး စိတ်ပူမနေနဲ့!”
သို့သော် ရွယ်ယန်သည်တော့ ပြတ်သားနေ၏။
“ဒါပေမယ့် အန်တီယဲတောင် ကလေးလေးရနေပြီလေ၊ မေမေနဲ့ ဦးဦးကျတော့ ဘာလို့ အတူတူမရှိကြသေးတာလဲ”
လျို့ဟွားသည် နှုတ်ခမ်းကို စေ့ပိတ်ထားလိုက်သည်။ ဟုတ်တယ်၊ ဘာလို့... ဘာတွေကို သူ(မ) ချီတုံချတုံဖြစ်နေတာလဲ?
ရွှီယိမှာ သူ(မ)ကို အလွန်တွန်းအားမပေးချင်ပေ။
“ရှောင်ဟွာ အရမ်းကြီးလဲ ဖိအားများမနေပါနဲ့၊ ကိုယ် ဒီနှစ်တွေတစ်လျှောက်လုံးကို စောင့်လာခဲ့ပြီးပြီပဲလေ နည်းနည်းလောက် ထပ်စောင့်ရတာကို ကိုယ် မမှုပါဘူး”
သို့သည့်တိုင် သူ ထိုသို့ပြောလေ လျို့ဟွားမှာ မသက်မသာခံစားရလေပင်။
တကယ်တမ်း သူ(မ)က အိမ်က ကလေးတွေကို အပြည့်အဝ စောင့်ရှောက်ပေးချင်ခဲ့ရုံ၊ ဒါပေမယ် ရွှီယိကျတော့ရော...
လျို့ဟွားသည် မော့ကြည့်လိုက်ပြီး သူ၏အကြည့်နှင့် ဆုံလိုက်ချိန် လေးနက်မှုတို့နှင့်အတူ သူ(မ)အတွက် အတိုင်းမသိသော ချစ်ခြင်းမေတ္တာတို့ကို ရှင်းလင်းမြင်သာစွာ ခံစားလိုက်ရသည်။
ရုတ်တရက် စိတ်ပေါက်သွားသည့် သူ(မ)သည် မသိစိတ်၏ စေ့ဆော်မှုအရ ဆိုလိုက်သည်။
“ရှင် နေ့ကောင်းရက်သာ တစ်ရက်ရက် ရွေးထားလိုက်ရင်ရော ကျွန်မတို့တွေ တစ်ခါတည်း လက်ထပ်မှတ်ပုံတင် သွားယူလို့ရအောင်”
ထိုစကားလုံးများက ရွှီယိကို ကြက်သေ,သေသွားစေတော့သည်။
“ရှောင်ဟွာ... မင်း... မင်း ဘာပြော... ပြောလိုက်တယ်”
