အပိုင်း (၈၉)
လျို့မန်က ထီကျစ်အတွက် ညစာပြင်ပေးပြီးနောက် ခေါင်းထုတ်ကာ သူတို့လေးယောက်သားကို လှမ်းပြောလာ၏။
“ရှောင်ယွိ မဒမ်ပြောတာ သူ အားယန်၊ အန့်နင်နဲ့ နျန်နျန်ကို ဘာဘီကျူစားဖို့ ခေါ်သွားတယ်တဲ့ မင်းတို့ကို အိမ်မှာ ကိုယ့်ဘာသာ အဆင်ပြေသလိုစားဖို့ မှာလိုက်တယ်”
ရွယ်ယွိ : “?"
ဒါ တကယ်ပဲ ဖြစ်နေတာလား?
ရွယ်ကျစ်သည် သူ ဖက်ထားသည့် ကူရှင်ကို ဆိုဖာပေါ် ပစ်တင်လိုက်သည်။
“ဒါတော့ များသွားပြီကွာ!”
ချောင်းကျဲမှာလည်း ကူကယ်ရာမဲ့လျက်သားဖြင့် သူ့လက်ထဲရှိ ကတ်များကို စားပွဲပေါ်သို့ ချလိုက်သည်။
ရွှီယိမှာလည်း သူ့ကိုယ်သူအတွက် စိတ်မကောင်းဖြစ်သွားပြီး သက်ပြင်းချလိုက်သည်။
“မင်းတို့ ဘာစားချင်ကြလဲ၊ ငါ မင်းတို့အတွက် ပြင်ပေးမယ်”
ရွယ်ယွိသည် အားအင်ချည့်နဲ့စွာ ဆိုလာ၏။
“ကျေးဇူးတင်ပါတယ် ဦးလေးရွှီ၊ ဘာပဲဖြစ်ဖြစ် အဆင်ပြေပါတယ်”
ရွှီယိသည် ရယ်ချင်စိတ်ကို ဖုံးကာ မီးဖိုချောင်ဆီသို့ ဦးတည်သွားလိုက်သည်။
မီးဖိုချောင်ထဲမှနေ အရသာရှိသည့် စားသောက်ဖွယ်ရနံ့လေး ပျံ့လွင့်လာသည်နှင့်အတူ နောက်ဆုံးတွင် အိမ်ပေါက်ဝမှနေ ကားသံထွက်လာ၏။
ရွယ်ယန်က လျို့ဟွား ဝယ်ပေးထားသည့် ဧရာမငါးရိုးအရုပ်ကြီးကို ဖက်ထားပြီး ခေါင်းလေးကို စောင်းကာ မျက်လုံးကွေးကွေးလေးများဖြင့် ပြုံးနေတော့သည်။
“မေမေ၊ အားယန်တို့ နောက်တစ်ခါရော ဘာဘီကျူသွားစားလို့ရသေးလား”
လျို့ဟွားသည် ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာပါ လန်းဆန်းနေပြီး သရေစာမုန့်အိတ်ကြီးနှစ်ထုပ်ကို ဆွဲထား၏။
“ရတာပေါ့! မေမေက မင်းတို့လေးတွေကို နောက်တစ်ခါ ခေါ်သွားပေးအုံးမှာ”
ယဲအန့်နင်က လွယ်အိတ်လေးတစ်လုံးကို လွယ်ထား၏။
“အားယန်၊ နင် အခုလေးတင် အများကြီးစားထားခဲ့တာလေ ဗိုက်အင့်မနေဘူးလား”
ရှန်နျန်သည်လည်း လွယ်အိတ်လေးတစ်လုံးကို လွယ်ထားပြီး ကလေးမလေး၏ခေါင်းကို ပွတ်လိုက်သည်။
“ဟုတ်တယ်!၊ နင် အခုလေးတင်ပဲ စားလို့ပြီးထားတာ ဒါတောင် နောက်တစ်ခါထပ်စားဖို့ တွေးနေပြီပေါ့လေ”
ရွယ်ယန်မှာ လုံးလုံးလျားလျား ရှက်မနေချေ။
“ဒါပေမယ့် အဲ့ဒီဟာတွေက အရသာရှိတယ်လေ! အားယန် အခုချိန်ကစပြီး အဲ့ဒီကို အကြိမ်တိုင်း သွားတော့မှာ!”
လေးယောက်သားက စကားတပြောပြောဖြင့် လမ်းလျှောက်ဝင်လာကြသော်လည်း သူတို့ ဝင်လျှင်ဝင်ချင်းပင် သူတို့အား ဆိုဖာပေါ်တွင် အမူအရာမဲ့စွာ စိုက်ကြည့်နေကြသည့် ကောင်လေးသုံးယောက်သားကို တွေ့လိုက်ရသည်။
လျို့ဟွားက လည်ချောင်းရှင်းရင်း “ရှောင်ယွိ မင်းတို့တွေ ဘာမှ မစားရသေးဘူးလား”
ရွယ်ယန်တစ်ယောက် အသည်းအသန် အနံ့ခံကြည့်နေ၏။
“မေမေ၊ အားယန် အားလူးချောင်းကြော်နဲ့ ရတယ်”
ရွှီယိသည် မီးဖိုချောင်ထဲမှနေ အသံကြား၍ ထွက်ကြည့်လာ၏။
“ရှောင်ဟွာ၊ မင်းတို့ပြန်လာကြပြီလား”
ရွယ်ယန်တစ်ယောက် သူ(မ) အစောပိုင်းက သူ့ကို ခိုးတိုင်ထားသည်ကို လုံးလုံးမေ့သွားပြီး မီးဖိုချောင်ဆီသို့ ခပ်သွက်သွက် ပြေးသွားလေ၏။
“ဦးဦး ရွှီ၊ ဦးဦး အာလူးချောင်းကြော်နေတာလား”
ရွှီယိသည် ပြုံးကာ “ဟုတ်တယ် ကလေးရဲ့ ပြီးတော့ ကြက်သားတုံးကြော်ရော၊ အားယန် စားကြည့်ချင်လား”
ကလေးမလေး၏မျက်လုံးများသည် တောက်ပသွား၏။
“စားချင်တယ်!”
ရွယ်ယွိသည် ကလေးမလေးကို ဧည့်ခန်းဆီသို့ ချီခေါ်သွား၏။
“ကလေးဆိုးလေးအားယန်က ဘာမှမစားရဘူး!”
ရွယ်ယန်တစ်ယောက် သူ(မ)၏ခြေထောက်လေးများကို ယက်ကန်ယက်ကန်ဖြင့်။
“စားချင်တယ်! စားချင်တယ်လို့! ကိုကိုတို့က ကြက်ကြော်ကြိုက်ကြတာမှ မဟုတ်တာ!”
ရွယ်ကျစ်သည် အင်္ကျီလက်ကို ခေါက်တင်လိုက်ပြီး "အခုတော့ ကြိုက်သွားပြီ”
ချောင်းကျဲက အေးစက်စွာ နှာမှုတ်လိုက်သည်။
“အားယန် အပြင်ထွက်ပြီး ဘာဘီကျူသွားစားတုန်းက သူ့ကိုကိုတွေ ကြိုက်လားမကြိုက်လားကို တွေးတောင် မတွေးမိဘူးမလား”
ရွယ်ယန်သည် လက်ချောင်းလေးများကို လိမ်ယှက်ကာ လျို့ဟွားအား အပြစ်မကင်းစွာ မော့ကြည့်လိုက်သည်။
လျို့ဟွားသည်လည်း လိပ်ပြာမလုံစွာဖြင့် ဘာမှမဖြစ်သလို ဟန်ဆောင်နေလိုက်သည်။
“မင်းတို့တွေ စားနှင့်ကြ၊ ငါ အပေါ်မှာ အလုပ်သွားလုပ်လိုက်အုံးမယ်”
ယဲအန့်နင်က သူ(မ)လွယ်လာသည့် အိတ်ကို ချလိုက်ပြီး စူးစမ်းစွာ မေးကြည့်လာ၏။
“အန်တီက အပေါ်ထပ်မှာ ဘာလုပ်တာလဲ”
ရွယ်ယွိက လှေကားဘက်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။
“အို့၊ အဲ့ဒါသုံးလွှာမှာလေ အဲ့မှာ အမေရဲ့ဓာတ်ခွဲခန်းရှိတယ်”
ရှန်နျန်သည်လည်း နားထောင်ရန် အနားတိုးလာပြီး အနည်းငယ် အံ့အားသင့်သွား၏။
“ဓာတ်ခွဲခန်း?”
ချောင်းကျဲကလည်း ဖျစ်ညှစ်တိုးဝင်လာ၏။
“ဟုတ်တယ်၊ တတိယထပ်တစ်ခုလုံးပဲ၊ ပြန်ပြင်ပြီးဖို့ တော်တော်လေး အချိန်ယူလိုက်ရတာ”
ရွယ်ယန်သည် သူ(မ)၏အစ်မနားသို့ တီးတိုးကပ်ပြောလိုက်၏။
“မေမေရဲ့ဓာတ်ခွဲခန်းထဲမှာ ပစ္စည်းလှလှလေးတွေ အများကြီးပဲရှိတယ်”
ရွယ်ကျစ်က သူ့ညီမလေးဘေးနားတွင် ဝင်ထိုင်လိုက်၏။
“အားယန်က အမေရဲ့ဓာတ်ခွဲခန်းထဲ ရောက်ဖူးတယ်ပေါ့?”
လျို့ဟွား၏ ဓာတ်ခွဲခန်းက အလွန်အဖိုးတန်မှန်း သူတို့အားလုံး ရှင်းရှင်းလင်းလင်းသိထားကြ၍ ခွင့်ပြုချက်မရှိဘဲ ထိုနေရာသို့ တစ်ခါမှ မသွားခဲ့ကြချေ။
ကလေးမလေးသည် တစ်စုံတစ်ခုက မှားယွင်းနေသည်ဟု မတွေးမိပေ။
“အဲ့ဒီထဲမှာ ဆေးတွေရှိတာ အားယန်သိတယ်လေ၊ အဲ့ဒီတုန်းက မေမေ အားယန်ကို သင်ပေးတာ”
ချောင်းကျဲမှာ တအံ့တသြဖြစ်သွားရသည်။
“အားယန်က အရမ်းမိုက်တာပဲ!”
သူကဲ့သို့ ဆေးဝါးနောက်ခံရှိသည့် လူတစ်ယောက်ပင်လျှင် ထိုဆေးဝါးများ၏ တည်ဆောက်ပုံကို ထဲထဲဝင်ဝင် မသိချေ။
ယင်းမှာ လျို့ဟွား၏လျှို့ဝှက်ကိစ္စများနှင့် ပါဝင်ပတ်သက်လာနေပြီကို အာရုံရမိ၍ ယဲအန့်နင်သည် အလျင်အမြန် ခေါင်းစဉ်ပြောင်းလိုက်သည်။
“နင်တို့တွေ အခုထိ ဘာမှ မစားရသေးဘူးလား”
ထိုစကားများထွက်လာသည်နှင့် ကောင်လေးသုံးယောက်သည် တိတ်ဆိတ်သွားကြ၏။
ရွယ်ယွိက အံကိုကြိတ်ကာ “မင်း ဘယ်လိုထင်လို့လဲ!၊ ငါတို့တွေ မင်းတို့ပြန်လာတာကို စောင့်နေကြတာပဲလေ ဒါပေမယ့် မင်းတို့ကတော့ တိတ်တိတ်လေး ဘာဘီကျူသွားစားကြတယ်ပေါ့လေ?”
ယဲအန့်နင်၏အကြည့်များသည် ပျံ့လွင့်သွားတော့သည်။
“အဲ့ဒီဘာဘီကျူဆိုတာကလည်း အရသာမကောင်းပါဘူး...”
ရွယ်ယန်က သူ(မ)အစ်မအား ဖြောင့်မတ်မှန်ကန်စွာ ကြားဝင်ဖြတ်လာ၏။
“ကျယ်ကျဲက လိမ်နေတာ အဲ့ဒါက အရမ်းကောင်းတယ်! အားယန် စားဖူးသမျှထဲမှာ အကောင်းဆုံး ဘာဘီကျူပဲ!”
ဒီလောက်ကောင်းတဲ့ ဘာဘီကျူကို သူ(မ)အစ်မ လာပြီး မကောင်းပြောတာမျိုးကို သူ(မ) ခွင့်မပြုနိုင်ဘူး!
ရှန်နျန်သည် ကလေးမလေး၏ပါးစပ်ကို အုပ်လိုက်ပြီး ခြောက်ကပ်စွာ ပြုံးကာ ယဲအန့်နင်ကို ကာပေးရန် ကြိုးစားလိုက်သည်။
“အားယန်က ဘာမှသိတာမဟုတ်ဘူး!”
ရွယ်ယွိ၊ ရွယ်ကျစ်နှင့် ချောင်းကျဲ : “အမ်း” ရုတ်တရက်ကြီး သူတို့တွေ အားအင်ကုန်ခန်းသွားသလို ခံစားလိုက်ရတယ်။
ရွှီယိသည် ထမင်းစားခန်းတံခါးကို ခေါက်လိုက်သည်။
“ကလေးတွေ၊ လာစားလို့ရပြီ”
ရွယ်ယန်သည် ရှန်နျန်လက်ထဲမှ လွတ်ထွက်သွားပြီး အပြေးသွားတော့သည်။
“အားယန် စားချင်တယ်၊ အားယန် စားချင်တယ်!”
ယဲအန့်နင်နှင့် ရှန်နျန်သည် ဖြူစင်စွာ ပြုံးပြလိုက်သည်။
“အင်း... ငါတို့တွေ သွားကြရအောင်လေ!”
ရွယ်ယွိနှင့် အခြားသူများသည် ထမင်းစားခန်းထဲသို့ နှေးကွေးစွာ ဝင်လာလိုက်ပြီး စတင်စားနှင့်နေကြပြီပင်ဖြစ်သည့် မိန်းကလေးသုံးယောက်ကို ရှုတည်တည်ကြည့်လိုက်သည်။
“မင်းတို့တွေ ခုလေးတင် စားပြီးမှ ပြန်လာကြတာမဟုတ်ဘူးလား”
ရွယ်ယန်၏ပါးများသည် ဖောင်းကားနေပြီး ကလေးမလေးမှာ ရှင်းလင်းစွာပင် စကားမဆိုနိုင်ဖြစ်နေ၏။
“ဦးဦး ရွှီ... အရမ်း... အရသာရှိ!”
ရွှီယိသည် ကလေးများကို ချစ်မြတ်နိုးစွာ ကြည့်ကာ ပြုံးလိုက်သည်။
“ရှောင်ယွိ၊ အားယန် ခုလေးတင်ပြောတာ မင်းတို့ ကြက်ကြော်မကြိုက်ကြလို့ဆို အဲ့ဒါ မင်းတို့အတွက် စတိခ်နဲ့ ပါစတာ ထပ်လုပ်ပေးထားတယ်”
ရွယ်ယွိနှင့် အခြားသူများမှာ အစစ်အမှန် ရင်ထဲထိသွားကာ မျက်ရည်ကျလုနီးနီးဖြစ်သွား၏။
“ကျေးဇူးတင်ပါတယ် ဦးလေး ရွှီ!”
လျို့ဟွားတစ်ယောက် ရုတ်တရက် ထမင်းစားခန်းထဲသို့ ခေါင်းထွက်လာ၏။
“ကြက်ကြော်ကျန်သေးလား၊ ကျွန်မအတွက်ပါ ဖယ်ပေးထားပါအုံး”
ရွှီယိမှာ ချစ်မြတ်နိုးနေရသလို ကူကယ်ရာမဲ့လျက်သားဖြင့်။
“အများကြီးကျန်သေးတယ်!”
-
ရွယ်ကျင်းဟုန်တစ်ယောက် စာကြည့်ခန်းထဲတွင် ထိုင်နေပြီး သူ့အရှေ့ရှိ ဗီဒီယိုများစွာကို ကြည့်ကာ အမူအရာတို့သည် အေးစက်သထက် အေးစက်လာ၏။
ဖြစ်နိုင်တာကတော့ အဲ့ဒီအိပ်မက်က လုံးဝ တိုက်ဆိုင်မှု မဟုတ်နေဘူး။
သူ ဖုန်းတစ်ကောလ်ကို ခေါ်လိုက်သည်။
“မင်းကို ဒီနေ့ စုံစမ်းခိုင်းထားတဲ့ အဲ့ဒီကလေးမရဲ့မိသားစုကို မျက်စိတောက်ထောက် ကြည့်ထား၊ တစ်ခုခုအကြောင်းထူးတာနဲ့ ငါ့ကို ချက်ချင်းအကြောင်းကြားပါ”
တစ်ဖက်မှ အဖြေပြန်ရပြီးနောက်တွင် သူ ဖုန်းချလိုက်သည်။
ရွယ်ကျင်းဟုန်သည် သူ့မျက်ခုံးများကို နှိပ်နယ်လိုက်ပြီး စိတ်ထဲတွင် ကြိုတင်သတိပေးချက်တစ်ခုရှိနေပြီး ထိုသတိပေးချက်ကာ သူ့အား ထိုမိန်းကလေးကို သတ်ပစ်ချင်နေစေ၏။
-
ကလေးတွေ သူတို့ရဲ့နောက်ဆုံးစာမေးပွဲပြီးလို့ ဆောင်းရာသီကျောင်းပိတ်ရက်မှာ ဘာတွေလုပ်ကြလဲ?၊ ဒါပေါ့ စိတ်ကြိုက်ကစားကြတယ်လေ!
ဟုတ်ပါ၏၊ ထိုထဲတွင် လီယွမ် မပါပေ။
သူ၏အဆင့်များမှာ အနီးနားတွင် ဆော့ကစားနေကြသည့် အစ်ကို၊ အစ်မများနှင့် ညီမလေးအား အားကျစိတ်ဖြင့်သာ ကြည့်ရှုနိုင်မည်ဟူ၍ အကြောင်းပါလာခဲ့သည်။
ရွယ်ယန်သည် သူ(မ)အရှေ့ရှိ ဆေးဖက်ဝင်ပစ္စည်းများ၏ ရုပ်ပုံများကို ကြည့်ကာ လျင်မြန်တိကျစွာနှင့် မှန်ကန်စွာ အမျိုးအစားခွဲကာ မျိုးတူစုလိုက်သည်။
သိရသလောက်မှာ ဤအရာများသည် ကလေးမလေးအတွက် လျို့ဟွားကိုယ်တိုင် ဒီဇိုင်းထုတ်ထားပေးခြင်းဟု။
ချောင်းကျဲနှင့် အခြားသူများမှာ စံအဖြေအား အချိန်အတန်ကြာသည်အထိ စိုက်ကြည့်ပြီး အနည်းငယ် ပျင်းရိလာပုံရသည့် ရွယ်ယန်အား အထိတ်တလန့် ကြည့်လိုက်ကြသည်။
“အားယန်၊ နင် ဒါတွေအကုန်လုံးကို မှတ်မိလား”
ရှန်နျန်သည် ရုပ်ပုံအချို့ကို ထုတ်ကာ အားလုံးကို ရွယ်ယန်ရှေ့တွင် ချပေးလိုက်သည်။
ရွယ်ယန်မှာ ၎င်းနှင့်ဆော့ရသည်အား အနည်းငယ် ပျင်းရိလာပြီဖြစ်ကာ အရုပ်ကားလေးနှစ်ရုပ်ကို ဆွဲယူပြီး ဆော့နေတော့သည်။
“အမ်ဟမ်၊ မေမေ အားယန်ကို သင်ပေးထားတာလေ”
ကလေးမလေး၏ အလေးအနက်မထားဟန်လေသံက သူ(မ)လုပ်ခဲ့သည့် ထိတ်လန့်ဖွယ်ကိစ္စများက မည်မျှ အထင်ကြီးဖွယ်ကောင်းကြောင်း လုံးလုံး မသိနားမလည်ပုံပင်။
ယဲအန့်နင်တစ်ယောက် သက်ပြင်းချကာဖြင့် “ဆိုတော့ ဒါကမှ ဉာဏ်ကြီးရှင်တစ်ယောက်ဖြစ်လာဖို့လို့ ဆိုလိုတာမလား”
