Chapter 94

381 37 0
                                    

အပိုင်း ၉၄

လျို့ဟွားသည် သစ်တော်သီးကို တစ်ကိုက် ကိုက်လိုက်သည်။ “အားယန်၊ ဦးဦး ရွှီက နောက်ကျရင် အိမ်ပြောင်းပြီး ငါတို့နဲ့လာနေနိုင်တယ်”

ကလေးမလေးတွင် ဖောင်းဖောင်းမို့မို့ ပါးများရှိကာ တီဗီကို စူးစိုက်စွာ စိုက်ကြည့်နေလေ၏။ “အိုး!”

လျို့ဟွားသည် ကျစ်ခနဲလျှာကိုသပ်ကာ ကလေးမလေး၏ မေးစေ့ကိုဆွဲကာ သူမဆီသို့ကြည့်အောင်လုပ်လိုက်သည်။ “အမေ သမီးနဲ့ စကားပြောနေတယ်လေ! သမီး အမေပြောတာ ကြားရဲ့လား?”

ရွယ်ယန်က တရိုတသေကြည့်လိုက်၏။ “သမီး မေမေပြောတာ ကြားပါတယ်”

လျို့ဟွားက ကလေးမလေး၏ ဖောင်းဖောင်းမို့မို့ပါးလေးကို ဆွဲဆိတ်လိုက်သည်။ “အားယန်က စိတ်မပျော်ဖြစ်သွားမှာလား?”

ရွယ်ယန်က သစ်တော်သီးကို တစ်ကိုက်ကိုက်လိုက်သည်။ “သမီးက ဘာလို့စိတ်‌မပျော်ဖြစ်မှာလဲ?”

လျို့ဟွားက နက်နက်နဲနဲတွေးနေပုံရသည်။ “အိမ်မှာ နောက်ထပ် ဦးဦးတစ်ယောက် ရှိလာတော့မှာလေ”

ကလေးမလေး၏ ပါးများက ဗလုံးဗထွေး ပြောရင်း ဆက်လက်လှုပ်ရှားနေလေ၏။ “ဦးဦးရွှီက အားယန်အပေါ် ကောင်းတယ်၊ အားယန်က ဦးဦးရွှီကို တကယ်ကြိုက်တယ်!”

လျို့ဟွားက မတတ်သာဘဲ ပြုံးမိတော့သည်။  “ကောင်းတာပေါ့”

သူမသည် လက်ကိုဆန့်ထုတ်ကာ သူမ၏ရင်ခွင်ထဲ ကလေးမလေးကို ဖက်ပြီးနောက် အောက်သို့ငုံ့လိုက်ကာ ကလေးငယ်လေး၏ နူးညံ့သည့်မျက်နှာလေးကို နမ်းလိုက်တော့သည်။

ထို့နောက် ကလေးမလေးက သူမ၏သစ်တော်သီးကြီးကို စိတ်ပါလက်ပါနှင့် တစ်တိတိ ကိုက်စားနေလေသည်။

သို့ပေသိ ရုတ်တရက်ပင် မျက်လုံးများမှိတ်ကာ လဲလျောင်းနေခဲ့သော ထီကျစ်မှာ သူ၏ဝံပုလွေ မျက်လုံးများကို လှစ်ခနဲ ဖွင့်လိုက်သည်။

သူ၏ပုံမှန်ညင်သာကာ အေးချမ်းသောမျက်လုံးများက ယခုမူ ရက်စက်ကာ အကြင်နာကင်းမဲ့သော ရောင်ဝါကို ယူဆောင်‌လာပေးသည်။

ရွယ်ယန်က သစ်တော်သီး စားနေသည်ကို ချက်ချင်းရပ်လိုက်၏။ “ထီကျစ်က ဘာဖြစ်တာလဲ?”

လျို့ဟွားသည်လည်း အနည်းငယ် ဇဝေဇဝါဖြစ်နေကာ နောက်တစ်စက္ကန့်တွင် သူမက လျို့မန်၏အသံကို ကြားသောအခါ ထီကျစ်က နေမကောင်းဖြစ်နေသလားကို စစ်‌ဆေးတော့မည်။ “သခင်မလေး၊ ကျွန်တော်တို့အိမ်ကို ဧည့်သည်တွေရောက်လာတယ်”

သူမက မျက်မှောင်ကြုတ်လိုက်ပြီး ထီကျစ်၏ အပြုအမူက ထို "ဧည့်သည်များ”ဟု ခေါ်‌သောသူများနှင့် ဆက်စပ်နေနိုင်သည်ဟု ခံစားမိသည်။

“ဘယ်သူလဲ?” သူမသည် တံခါးဆီသို့ လျှောက်သွားလိုက်၏။

တစ်ဝက်စားထားသော သစ်တော်သီးကြီးကို ကိုင်ထားသည့် ရွယ်ယန်က သူမ၏ခြေတံတိုတိုလေးများနှင့် သူမ အမေနောက် လိုက်သွားတော့သည်။

လျို့မန်က ဝင်ပေါက်တွင် ရပ်နေသည်။ “ဒီလူကြီးမင်းက သူ့မျိုးရိုးနာမည် လုလို့ပြောတယ်”

လျို့ဟွားက သူမ၏အရှေ့မှ မိသားစုသုံးယောက်ကို အေးစက်စက်ကြည့်လိုက်သည်။ “ရှင်တို့က ဘယ်သူ့ကို ရှာနေတာလဲ မေးလို့ရနိုင်မလား?”

အမေလုက လုယွင့်လင်ကိုဆွဲပြီး သူမကိုစကားပြောရန် အချက်ပြလိုက်သည်။

လုယွင့်လင်က သူမ‌အရှေ့မှ ဤကြောက်စရာကောင်းသည့် အစ်မကြီးကိုကြည့်ကာ တွန့်ဆုတ်သွားလေ၏။ “မမ၊ သမီးက အားယန်ရဲ့သူငယ်ချင်းပါ”

ရွယ်ယန်က ဖေဖေ လု၏အသံကို ကြားကြားချင်းပင် သူမက လျို့ဟွားနောက်ပုန်းနေပြီး ထွက်လာရန်ငြင်းဆန်လိုက်သည်။

လုယွင့်လင်က ဤသို့ပြောသည်ကိုကြားကာ သူမကမတတ်သာဘဲ သူမ၏အမေကို အသိပေးလိုက်တော့သည်။ “မေမေ၊ သူက အားယန်ရဲ့ သူငယ်ချင်းမဟုတ်ဘူး"

သေချာပေါက် လျို့ဟွားသည် သူမ၏အဖိုးတန် သမီးကို လုံးဝဥဿုံ ယုံကြည်သည် ဖြစ်သောကြောင့် သူမက သူမ၏မျက်ခုံးများကိုပင့်ကာ သူမ၏ချစ်မြတ်နိုးသော သမီးကို ပွေ့ချီလိုက်‌သည်။ “အားယန်၊ မေမေ့ကို ဘာဖြစ်ခဲ့လဲပြောပြ”

ကလေးမလေးက စကားမပြောနိုင်ခင် မေမေ လုက အလျင်စလို စကားပြောလိုက်သည်။ “ညီမ၊ ဒါက ကလေးတွေကြား ကတောက်ကဆတ် သေးသေးလေးပါပဲ။ ကလေးတွေကို သူတို့ဘာသာသူတို့ ဖြေရှင်းခွင့်ပေးလိုက်ပါ”

လျို့ဟွား၏မျက်နှာမှာ ချက်ချင်း အေးစက်သွားတော့သည်။ “ဒါဆို ရှင် အရင် ပါးစပ်ပိတ်လိုက်လေ”

လျို့ဟွားသည် ဤမိသားစုကို စတင်ပေါ်ပေါက်လာ‌သော စိတ်ရှုပ်ထွေးမှုအနည်းငယ်နှင့် ငုံ့ကြည့်လိုက်သည်။

သူမသည် သူတို့အား နှင်ထုတ်တော့မည့်အချိန် သူမရင်ခွင်ထဲမှ ကလေးလေးမှာ သူမ၏လည်ပင်းကို ပွေ့ဖက်လိုက်သည်။ “မေမေ၊ သူက အားယန်ကို ရွံစရာကောင်းတယ်လို့ပြောတယ်၊ သူက အားယန်ကိုမုန်းနေတာ”

ရွယ်ယန်သည် “ရွံစရာကောင်းသည်”ဟူသော စကားမှာ ဘာကိုဆိုလိုမှန်း တကယ် နားမလည်သော်လည်း လုယွင့်လင်က ထိုစကားများကို ပြောလိုက်သောအခါ သူမ၏လေသံနှင့် သဘောထားတို့ကို ရှင်းလင်းစွာ အာရုံခံစားနိုင်၏။

ယခုမူ သူမ၏အမေမှာ ဤနေရာတွင်ရှိသောကြောင့် ကလေးငယ်လေးက အတင်းအဖျင်းပြောရန် စိတ်ချလက်ချဖြစ်သွားတော့သည်။

လုယွင့်လင်က သူမကို အတင်းထွက်လာခိုင်းပြီး ရွယ်ယန်အား တောင်းပန်ခိုင်းသည်ကို မတရားသည်ဟု ခံစားမိသောကြောင့် သူမက ငိုတော့မည့်သဖွယ် အကြည့်နှင့် သူမ၏နှုတ်ခမ်းကို ကိုက်လိုက်တော့သည်။

ထိုစဉ် ဖေဖေ လုနှင့် မေမေ လုတို့က လျို့ဟွားကြောင့် ကြောက်ရွံ့သွားကာ တစ်ခဏတာ စကားမပြောရဲတော့ချေ။

သူမအဖိုးတန်သမီးလေး၏ စကားများကိုကြားပြီးနောက် လျို့ဟွား၏ ပြောဆိုပြုမူပုံတစ်ခုလုံး အေးစက်သွားသည်။ “သမီးလေး၊ သူက တခြားဟာ တစ်ခုခု ပြောသေးလား?”

ကလေးငယ်လေးမှာ သူမ၏နှုတ်ခမ်းကို တင်းတင်းစေ့ထားသော်ငြား နောက်ထပ်ဘာမှမပြောတော့ချေ။

သူမ၏တုံ့ပြန်မှုကိုမြင်ကာ သူတို့က ပို၍လက်မခံနိုင်သော တစ်စုံတစ်ခုကို ပြောထားလိမ့်မည်ဟု လျို့ဟွား သိရှိသွားတော့သည်။ သူမသည် တဖြည်းဖြည်း စိတ်မရှည်ဖြစ်လာ၏။ “လျို့မန်၊ လုံခြုံရေးကိုခေါ်လိုက်။ သူတို့က ဘယ်လိုလုပ် ငါတို့ရဲ့နယ်မြေထဲ ပေါက်လွှတ်ပဲစားတွေကို ဝင်ခွင့်ပေးလိုက်တာလဲ။ သူတို့ကရောဂါတွေ ပျံ့သွားမှာကို မကြောက်ကြဘူးလား?”

နောက်ဆုံးတွင် မေမေ လုက သည်းမခံနိုင်တော့ပေ။ “ညီမ၊ အဲ့ဒါတော့ တအားလွန်သွားပြီနော်...”

“’တအားလွန်သွားပြီ’ ဆိုတဲ့ စကားကို လူတွေက အများအားဖြင့် သုံးကြတယ်မလား။ ရှင်က သုံးဖို့တန်လို့လား?” လျို့ဟွားက လှောင်ရယ်ရယ်လိုက်ကာ သူမ၏စကားများက ပို၍ပင်ရိုင်းစိုင်းလာတော့သည်။

သူတို့ နောက်ထပ်စကားများကို ပိုမပြောနိုင်ခင် ရွယ်ယွိနှင့်အခြားသူများက အပေါ်ထပ်မှ ဆင်းလာကြသည်။

ရှန်နျန်က လုယွင့်လင်ကို မြင်မြင်ချင်း သူမ၏အမူအရာက ညှိုးနွမ်းသွားသည်။ “လုယွင့်လင်၊ အားယန်ဆီက ဝေးဝေးနေစမ်း”

လူတိုင်းက လုယွင့်လင်ကို စတင် ထပ်ဆဲရန် မျှော်လင့်ထားသော်လည်း မထင်မှတ်ဘဲနှင့် သူမမှာ သူမ၏နှုတ်ခမ်းကိုသာ တင်းတင်းစေ့ထားကာ မျက်ရည်များ ဆက်တိုက် ကျဆင်းလာတော့သည်။

ရှန်နျန်က မျက်မှောင်ကြုတ်လိုက်သော်လည်း သူမ မတုံ့ပြန်နိုင်ခင် ယဲအန့်နင်က သူမကို ဘေးသို့ဆွဲထားလိုက်၏။

ယဲ့အန့်နင်က လုယွင့်လင်ရှေ့ရပ်နေကာ သူမကိုငုံ့ကြည့်လိုက်သည်။ “နင်က ဘာအတွက် ငိုနေတာလဲ? နင်ငိုချင်ရင် အိမ်ပြန်ပြီးတော့ငိုလေ။ ဒီမှာ လာမငိုပြနဲ့”

လုယွင့်လင်က အလွန်ကြောက်ရွံ့သွားသောကြောင့် သူမ၏မျက်ရည်များက တကယ်ပင် ရပ်တန့်သွားတော့သည်။ လျို့ဟွား၏စိုက်ကြည့်မှုမှာ လူပြက်တစ်ယောက်ကို ကြည့်နေသည့်အလား လှောင်ပြောင်သရော်နေလေ၏။

မည်သူကမျှ အတူ မပူးပေါင်းပေးသောကြောင့် လုမိသားစုမှာ သူတို့၏သရုပ်ဆောင်ခြင်းကို မည်သို့ဆက်လုပ်ရမှန်း မသိတော့ချေ။ သို့သော်ငြား သူတို့က ဤအစောင့်အကြပ်များသော နယ်မြေထဲကိုဝင်ရောက်ရန် အလွန်ကြိုးစားခဲ့ရကာ သူတို့က ယခု အလွယ်တကူထွက်သွားစရာ အကြောင်း လုံးဝ မရှိချေ။

ညှိနှိုင်းမရသော အခြေအနေသို့ ရောက်နေသောကြောင့် ရဲကားတစ်စီးက လျို့ဟွားအိမ်ရှေ့တွင် ထိုးရပ်လိုက်ကာ ရဲသားနှစ်ယောက်က ထွက်လာကြသည်။

“တစ်ယောက်ယောက်က ဒီနယ်မြေထဲ တရားမဝင် ဝင်လာတယ်ဆိုတဲ့ တိုင်ကြားစာကို ကျွန်တော်တို့ ရလို့ပါ”

လျို့ဟွားက အနည်းငယ် အံ့ဩသွားသော်လည်း “အဲ့ဒီ မိသားစုပါပဲ။ သူတို့ ကျွန်မကို ရုပ်ပိုင်းဆိုင်ရာ အန္တရာယ်ပေးနိုင်တယ်လို့ အတော် သံသယဖြစ်မိပ်တယ်”

ရဲသားများကို ရွယ်ကျင်းဟုန်၏လူများမှ ခေါ်လိုက်ကာ အစက ကိစ္စကြီးမဟုတ်ဘဲ ရွယ်ကျင်းဟုန်ကို ကူညီရန်အတွက် လာကြခြင်း ဖြစ်သည်။ သို့သော် သူတို့က လျို့ဟွားကို မြင်ရလိမ့်မည် မထင်ထားခဲ့ပေ။

လျို့ဟွားသည် တလောကပင် မြို့နယ်မှ အထူးကာကွယ်ထားသော နိုင်ငံသားအဖြစ် စာရင်းဝင်ထားကာ သူမ၏ကိုယ်ရေးကိုယ်တာ လုံခြုံမှုသေချာစေရန် သူတို့အား ထပ်ခါထပ်ခါ ညွှန်ကြားထားသည်။

ရဲသားများထဲမှ တစ်ယောက်က ချက်ချင်းလက်ပြလိုက်၏။ “သူတို့ကို အရင်ခေါ်ထုတ်သွား”

ဖေဖေ လုက စိတ်ခြောက်ခြားသွားသည်။ “နေပါဦး၊ ခင်ဗျားတို့က ကျွန်တော်တို့ကို ဖမ်းတဲ့အကြောင်းအရင်းကိုတောင် မပေးသေးဘူး။ ဘာအကြောင်းကြောင့် ကျွန်တော်တို့ကို ခေါ်သွားရတာလဲ?”

ရဲသားများထဲမှ တစ်ယောက်က အော်ပစ်လိုက်၏။ “ကျွန်တော်တို့ စခန်းကိုရောက်ရင် ခင်ဗျားသိသွားလိမ့်မယ်”

ကျန်ရဲသားတစ်ယောက်က လုမိသားစု ခေါ်ထုတ်ခံရသည်ကို စောင့်ကြည့်ပြီး လျို့ဟွားနှင့်အခြားသူများကို ပြုံးပြလိုက်သည်။ “မစ္စလျို့၊ ဒါက ကျွန်တော်တို့ရဲ့ ပေါ့ဆမှုပါပဲ”

လျို့ဟွားသည် သူတို့အတွက် ကိစ္စများခက်ခဲအောင် မလုပ်ချင်ခဲ့ပေ။ “ရပါတယ်။ အဓိက,ကတော့ ဒီမိသားစုက ကျွန်မသမီးလေးအပေါ် အရမ်းရက်စက်တာကြောင့်ပါ။ ရဲသားကြီးတို့က ကျွန်မအတွက် သူတို့ကို ပိုပြီးအနီးကပ် စောင့်ကြည့်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်”

ရဲသားက စိတ်သက်သာရာရသွားပုံပေါ်၏။ “ကျွန်တော်တို့ သေချာပေါက် ပိုပြီး အာရုံစိုက်ပါ့မယ်”

သူက ထွက်သွားတော့မည်ပြုချိန် ယဉ်ကျေးပျူငှာသော ကလေးငယ်လေးက သူ့အား အသံတိုးတိုးနှင့် ရုတ်တရက် လှမ်းခေါ်လိုက်၏။ “ရဲသားဦးဦး!”

လူငယ်ရဲသားက လှည့်ကြည့်လိုက်သည်။ “ဘာဖြစ်လို့လဲ သမီးလေး?”

ကလေးငယ်လေးမှာ ချစ်စရာကောင်းသော်လည်း သူမသည်သူ့အား အဘယ်ကြောင့် “ဦးလေး”ဟု ခေါ်သနည်း? သူသည် အသက်နှစ်ဆယ်သာ ရှိသေး၏!

ရွယ်ယန်သည် သူမ၏အမေကို ကြည့်လိုက်ပြီးနောက် သူမအသံကို ပို၍ပင်တိုးလိုက်သည်။ “ရဲသားဦးဦး၊ ကလေးတွေကိုရော ဦးဦးက ဖမ်းမှာလား?”

လျို့ဟွားသည် ကလေးငယ်လေး၏ပါးစပ်ကို ချက်ချင်း ကာလိုက်သည်။ “ဟုတ်တယ်၊ အထူးသဖြင့် သကြားလုံးစားရတာကို ကြိုက်တဲ့ ကလေးဆိုးလေးတွေကိုပေါ့”

ရွယ်ယန် : “မေမေ!” “မေမေ၊ သမီးကိုလွှတ်!”

လူငယ်ရဲသားက အနည်းငယ် စိတ်ပျက်သွားသည်။ သို့ဖြစ်လျှင် ဤနေရာမှ သူ၏ရည်ရွယ်ချက်ကြီးက ကလေးငယ်လေးများကို ခြိမ်းခြောက်ရန်လား?

ရဲသားက သူ၏လေးလံသောခြေလှမ်းများကို ဆွဲသွားသည်ကိုမြင်သောကြောင့် လျို့ဟွားက ကျစ်ခနဲ လျှာသပ်လိုက်သည်။ “ဟုတ်ပြီ၊ မေမေတို့ လုပ်နေခဲ့တဲ့အရာဆီကို ပြန်သွားရအောင်”

သူမသည် ကလေးငယ်လေးကို ပွေ့ဖက်လိုက်ပြီး ပြန်လှည့်ကာ တီဗီ ကြည့်တော့မည်ဖြစ်သော်လည်း  အနောက်မှ ကလေးတစ်အုပ်က သူမအား စိုက်ကြည့်နေမှန်း သတိထားမိသွားတော့သည်။

“ဒါဆို မေမေ၊ အဲ့ဒီရဲသားက မေမေ့ဆီ တစ်ခုခုဖြစ်သွားနိုင်တာကို တကယ် ကြောက်သွားတဲ့ပုံပဲနော်” ရွယ်ယန်က မတတ်သာဘဲ သူမ၏ရင်တွင်းမှ မေးခွန်းကို အသံထွက်မေးမိလေသည်။

ပြန်လည်မွေးဖွားလာပြီးနောက်မှာ မှတ်ဉာဏ်ဆုံးရှုံးသွားတဲ့ ဗီလိန်မလေးWhere stories live. Discover now