ထိုက်ခွန်းက အနောက်ဒေသရဲ့ ထင်ရှားလှသော အဝေးကြည့် မှန်ဘီလူးနဲ့ မြို့သစ်ဝိုင်း အခြေအနေကို ကြည့်နေလေ၏။
" မြို့တံတိုင်းက ဝင်လို့ မဖြစ်ဘူး"
" နောင်တော်လဲ သူတို့ ထောင်ချာက်ဆင်ထားမယ် လို့ ထင်လား"
ထိုက်ခွန်းက မှန်ပြောင်းကို ချပြီး ဆိုလာ၏။
" ထင်တာမဟုတ်ဘူးကွ... ဟုတ်ကို ဟုတ်နေတာ"
ထိုက်ခွန်းက သစ်ကိုင်းပေါ် လှဲချလိုက်ရင်း သက်သောင့်သက်သာ နေလိုက်သည်။
ဝမ်ဂျွန်ကတော့ မြို့တံတိုင်းကို ထပ်ကြည့်ရင်း ဆိုလာသည်။
" မြို့တံတိုင်းရှေ့မှာ ရှိနေတာက အယောင်ပြပဲ! အရင်က တောင်ပိုင်းက ချီတက်ရင် မြို့တံတိုင်းကို လက်နက်ကြီးတွေနဲ့ ထုပြီး ဖြိုပြီးမှ ဝင်စီးတာများတယ် ။ ဒီတစ်ခါမှာ သူတို့က မြို့တံတိုင်းကို အယောင်ပြထားပြီး မြို့အဝင်မှာ ဆူးကတုတ်ကျင်းတွေ မရှိဘူးလို့ မပြောနိုင်ဘူး .. ထားနေကျ စစ်သားအင်အားက မြို့တံတိုင်းမှာ မရှိနေဘူး"
ဝမ်ဂျွန်စကားကို ထိုက်ခွန်းက ပြန်ဆက်ပေး၏၊
" ကျန်တဲ့ အင်အားက မြို့တံတိုင်းအဝင်မှာ အလုပ်များနေတာပေါ့ "
ဝမ်ဂျွန်က ခေါင်းညိမ့်ပြသည်။ သူတို့ နှစ်ဦး၏ ထင်မြင်ချက်များက တူနေတာမို့ စခန်းပြန်ပြီး စစ်ဆင်ရေးဗျူဟာကို အသေးစိတ် ရေးဆွဲရန် သာရှိတော့သည်။
ထိုက်ခွန်းက လေတစ်ဖြူးဖြူးနဲ့ သစ်ပင်ပေါ် မျက်လုံးများမှေးလာကာ တစ်ရေးတစ်မော အိပ်ဖို့ ကြံနေပေမဲ့ စိတ်လောနေသော အိမ်ရှေ့စံ၏ ဆွဲခေါ်မှုကြောင့် လောကစည်းစိမ်လေး ပျက်ပြားသွားရသည်။ အရင်လို ယောရိုဝန်းမှာသာဆို သူ့ကို လာပျက်ပြားအောင် လုပ်သမျှကို ပြန်ကန်လွှတ်မှာမည်ပင်မဲ့ မိဘပျောက်နေသော သားတစ်ဦး၏ ဝေဒနာကို စာနာမိ၍ သည်းခံလိုက်ရသည်။
ဝမ်ဂျွန်မှာ စခန်းကို ပြန်သည့် အချိန်တွင်ပင် စစ်ရေးကိုသာ အာရုံစိုက်နေမိသည်။
" နောင်တော်... ကျွန်တော်တို့ အချိန်ကြာကြာယူလို့ တော့ မဖြစ်ဘူး။ ရိက္ခာတွေမလောက်ဘူး။ စစ်သည်တွေ အားရှိတုန်း ဝင်စီးချင်တယ်... ပြီးရင် မြို့ထဲက သိုလှောင်ကုန်တွေကိုလဲ မပျက်စီးစေဖို့လဲ မှာထားရမယ်... "
YOU ARE READING
Dragon's Blade [ Season-2 ]
Historical FictionWarning .. Mperg Covered by @LenCo graphic Shop